အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

စစ်ကော်မရှင်က ပို့ကုန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကိုသာ အောက်ဈေးဖြင့်လဲယူတော့မည်ဟု ပြောင်းလဲ 

ယခုသတ်မှတ်ချက်အသစ်သည် ယခုလ (ဇန်နဝါရီလ) ၁ ရက်မှ စတင်အကျိုးသက်ရောက်မည်ဟု စစ်ကော်မရှင်ထိန်းချုပ် ဗဟိုဘဏ်က ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတဆင့် သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကော်မရှင်က ပြည်ပသို့ပို့ကုန်တင်ပို့ရာမှ ရရှိလာသော နိုင်ငံခြားငွေ၏ ၂၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးထက်နည်းသော အောက်ဈေးဖြင့် အတင်းအကျပ်လဲယူနေရာမှာ ယခုလဆန်းမှစကာ ၁၅ ရာခိုင်နှုန်းကိုသာ လဲယူတော့မည်ဟု ပြောင်းလဲလိုက်ကြောင်း သိရသည်။ 

နိုင်ငံခြားငွေလိုနေသည့် စစ်ကော်မရှင်က ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ ပို့ကုန်တင်ပို့ရာမှ ရရှိသော နိုင်ငံခြားငွေများကို လွတ်လပ်စွာရောင်းဝယ်ခွင့်မပေးဘဲ ဈေးကွက်ပေါက်ဈေးထက်နည်းသော ဗဟိုဘဏ် ငွေလဲနှုန်းထားဖြင့်  အတင်းအကျပ်လဲယူခဲ့ပြီး တဖြည်းဖြည်းဖြင့် လဲယူနေသော အချိုးကို လျှော့ချပေးလာခြင်းဖြစ်သည်။

ယခုသတ်မှတ်ချက်အသစ်သည် ယခုလ (ဇန်နဝါရီလ) ၁ ရက်မှ စတင်အကျိုးသက်ရောက်မည်ဟု စစ်ကော်မရှင်ထိန်းချုပ် ဗဟိုဘဏ်က ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတဆင့် သတင်းထုတ်ပြန်သည်။  

ယခင်က ပို့ကုန်ရငွေအားလုံး၏ ၂၅ ရာခိုင်နှုန်းကို စစ်ကော်မရှင်၏ ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် မဖြစ်မနေ လဲပေးရပြီး ယခုအခါ ၁၅ ရာခိုင်နှုန်းကို လဲပေးရမည်ဖြစ်သည်။ ကျန်ရှိသော ၈၅ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ်ထိန်းချုပ်ထားသော အွန်လိုင်းဈေးကွက်တွင် တစ်ဒေါ်လာ ၃,၅၀၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းချရမည်ဖြစ်သည်။ ပြင်ပဈေးကွက်တွင်မူ တစ်ဒေါ်လာ ၄,၀၀၀ ကျပ်ခန့်ရှိသည်။

စစ်ကော်မရှင်သည် ပြည်ပရောက်အလုပ်သမားများကို အခွန်ကောက်ခြင်း၊ လုပ်ခလစာကို ပြည်တွင်းသို့ အတင်းအကျပ် ပြန်လည်လွှဲပို့ခိုင်းခြင်းတို့မှ နိုင်ငံခြားငွေများရရှိလာပြီးနောက် ပို့ကုန်ရငွေနှင့်ပတ်သက်၍ လျှော့ပေါ့လာခြင်းဖြစ်ကြောင်း မန္တလေးမှ အမည်မဖော်လိုသည့် ပို့ကုန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ကုန်သည်တွေက ဒီအပေါ်မှာ နည်းနည်းဖိစီးနေတာပေါ့။ ပြင်ပမှာ တစ်ဒေါ်လာ ၃,၉၀၀ ပေါက်တယ်။ ဗဟိုဘဏ်ကို ၂,၁၀၀ လောက်နဲ့ရောင်းပေးနေရတော့ အများကြီးဟတာပေါ့။ အခုက ပို့ကုန်က ပိုပြီးတော့ ပို့နိုင်မယ့်အနေအထားရောက်သွားတာပေါ့။ နောက်တစ်ခုက သူတို့ရည်ရွယ်ချက်က သွင်းကုန်တွေပိုပြီး လိုင်စင်ပိုပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့သဘောလည်းပါတယ်” ဟု ၎င်းက ဆိုသည်။ 

သို့သော် ၁၅ ရာခိုင်နှုန်းကို စစ်တပ်သတ်မှတ်ဈေးဖြင့် ပို့ကုန်ရငွေများရောင်းချပေးနေရဦးမည်ဖြစ်ရာ ကုန်သည်များ၏ အကျိုးအမြတ်အပေါ် ထိခိုက်မှုဆက်ရှိနေဦးမည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တို့က ဆိုသည်။ 

အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်သည် နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် တိုင်းပြည်အတွင်းသို့ စီးဝင်လာသော နိုင်ငံခြားငွေများကို အတင်းအကျပ်ထိန်းချုပ်ခဲ့သလို နိုင်ငံခြားငွေအသုံးပြုမှုကိုလည်း ကန့်သတ်ထားသည်။ ထို့ကြောင့် နိုင်ငံခြားငွေဖြင့် ဝယ်ယူရသည့် သွင်းကုန်များလည်း လုံလောက်စွာ တင်သွင်းနိုင်ခြင်းမရှိတော့ဘဲ ဈေးကွက်ထဲတွင် ပြည်ပထုတ်ကုန်များရှားပါးလာသည့်အပြင် မရှိမဖြစ် ဆေးဝါးများသည်ပင် ပြတ်လပ်ခဲ့သည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ နိုင်ငံခြားငွေထိန်းချုပ်မှုများနှင့်ပတ်သက်၍ ၎င်းတို့လက်ထက်တွင် စနစ်တကျကိုင်တွယ်ခြင်းဖြစ်ကြောင်း အစဉ်တစိုက်ပြောဆိုလေ့ရှိသလို  အခွန်များနှင့်ပတ်သက်၍ လျှော့ပေါ့သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) နှစ်ပတ်လည်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ 

သို့ရာတွင် ပို့ကုန်တင်ပို့ပြီးနောက် ရရှိလာသော နိုင်ငံခြားငွေများကို ပြည်တွင်းရှိ ဘဏ်စာရင်းများထဲသို့ ထည့်သွင်းခြင်းမရှိသူများအား အမည်ပျက်စာရင်းသွင်းခြင်း၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကို ပြည်တွင်းပြည်ပ ဝင်/ထွက်ခွင့် ပိတ်ပင်ခြင်းတို့ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။ 

ပို့ကုန်လုပ်ငန်းရှင်များနည်းတူ ပြည်ပသို့ အလုပ်သမားပို့နေသည့် အလုပ်အကိုင်အေဂျင်စီများကိုလည်း အလုပ်သမားလစာများပြန်လည် လွှဲပြောင်းရန် ဖိအားပေးမှုများရှိနေသည်ဟု သိရသည်။ 

Related Articles

Back to top button