အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးလည်း စစ်တပ်ရွေးကောက်ပွဲတွင်ရှုံးနိမ့်

 စစ်တပ်ရွေးကောက်ပွဲမှာ မျှော်လင့်ချက်တွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နာမည်ကြီး နိုင်ငံရေးသမားတချို့ ရှုံးနိမ့်ခဲ့ပြီး ရှေ့အပိုင်းတွေမှာ ရှုံးခဲ့တဲ့   NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်း၊  ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင် တို့လိုပဲ နောက်ဆုံးပိုင်းမှာလည်း ဦးကိုကိုကြီး ရှုံးနိမ့်ခဲ့ပါတယ်။ 

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ(PP) ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာအများစုမှာ  အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စစ်တပ်ရွေးကောက်ပွဲ အပိုင်း(၃)မှာ  ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း  ဦးကိုကိုကြီးဟာ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က  ဦးရန်မျိုးအောင်သိန်းနဲ့ ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တာပါ။ 

ရန်ကုန်တိုင်းမှာ ဦးကိုကိုကြီးဝင်ပြိုင်တဲ့ လမ်းမတော်မြို့နယ်အပါအဝင် မဲဆန္ဒနယ် ၁၇ နေရာလုံး ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့ပါတယ်။ 

စစ်တပ်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်လာတာ မရှိပေမယ့် ကနဦး မဲရေတွက်မှု ရလဒ်တွေအရ ရန်ကုန် မဲဆန္ဒနယ်အားလုံးမှာ နိုင်ပြီလို့ ကြံ့ခိုင်ရေးပါတီ၏ ထိပ်သီးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမောင်မြင့်က သူ့ရဲ့ လူမှုကွန်ရက် TikTok(တစ်တော့) ကနေတဆင့် ဇန်နဝါရီ ၂၅ ညပိုင်းမှာ ကြေညာခဲ့ပါတယ်။

“မြေပြင်မှာပေါင်းတဲ့ မဲရလဒ်တွေ၊ ကြိုတင်မဲရလဒ်တွေ အဲ့ဒီက မဲကွာခြားချက်တွေပေါ် မူတည်ပြီးတော့ နိုင်တယ်ဆိုတာကို ပြည်သူတွေ ကြိုတင်ဝမ်းမြောက်နိုင်အောင် တင်ပြတာ ဖြစ်ပါတယ်” ဟု ဦးမောင်မြင့်က ပြောပါတယ်။ 

ရွေးကောက်ပွဲလုပ်တဲ့နေ့ မနက်ပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ ကိုယ်တိုင် မဲလာပေးခဲ့တဲ့ ဦးကိုကိုကြီးက ရွေးကောက်ပွဲမှာ  အရွေးမခံရရင်လည်း လွှတ်တော်အပြင်ကနေ နိုင်ငံရေးဆက်လုပ်ဖို့လိုတယ်ဆိုပြီး သတင်းထောက်တွေကို ပြောထားတာ ရှိပါတယ်။  

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)တို့မှာ ကြိုတင်မဲနှင့်ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိခဲ့ကြောင်း နဲ့  နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးနေတာကို မကြိုက်ကြောင်းလည်း ဦးကိုကိုကြီးက ပြောပါတယ်။

အသက် ၆၄ နှစ်အရွယ် ဦးကိုကိုကြီးဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကာလမှာ ထင်ရှားခဲ့တဲ့  ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေလက်ထက်က  နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသူ ဖြစ်သည်။ လွတ်မြောက်ပြီးနောက် လူထုအရေးကိစ္စများနှင့် နိုင်ငံရေးလုပ်ငန်းများတွင် ဆက်လက် ပါဝင်လာခဲ့သူပဲ ဖြစ်ပါတယ်။ 

၂၀၁၈ ခုနှစ်တွင် ပြည်သူ့ပါတီ (People’s Party – PP) ကို တည်ထောင်ကာ ပါတီဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့ပြီး ယခု စစ်တပ်က စီစဉ်သည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲအပိုင်း(၁) နဲ့ အပိုင်း(၂) မှာ ဦးကိုကိုကြီးရဲ့  ပြည်သူ့ပါတီဟာ တိုင်းနှင့်ပြည်နယ် လွှတ်တော်အတွက် အမတ် ခုနစ်နေရာနှင့် အမျိုးသားလွှတ်တော်လွှတ်တော်အတွက် တစ်နေရာ၊ စုစုပေါင်း ရှစ်နေရာသာ နိုင်ထားပါတယ်။ 

၂၆၃ မြို့နယ်မှာ  အပိုင်းသုံးပိုင်းခွဲ ကျင်းပခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲမှာ မဲပေးသူဦးရေ နည်းပါးခဲ့ပြီး နေရာအချို့တွင် မဲပေးရန် ဖိအားပေး၊ ခြိမ်းခြောက်မှုများ ရှိခဲ့သည်။   ရွေးကောက်ပွဲလုပ်ခဲ့တဲ့ မဲဆန္ဒနယ်အချို့မှာ တိုက်ပွဲပြင်းထန်နေပြီး၊ အချို့မဲဆန္ဒနယ်များတွင် စစ်ရေးတင်းမာနေပါတယ်။ 

ရွေးကောက်ပွဲ အပိုင်း(၁) နှင့်(၂)ကျင်းပပြီးစီးခဲ့တဲ့  ၂၀၂ မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော် နေရာအတွက် ၁၇၅ နေရာ အနိုင်ရခဲ့ပြီး အမျိုးသား လွှတ်တော်နေရာ အတွက်လည်း အများစုကို ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရထားပါတယ်။ 

ဒီပမာဏဟာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရထားတာလည်း ဖြစ်ပါတယ်။ မတ်လမှာ လွှတ်တော်အစည်းအဝေးခေါ်ပြီး အစိုးရဖွဲ့မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။ 

မြန်မာပြည်သူအများစု ထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို မှတ်ပုံပြန်မတင်လို့ဆိုပြီး စစ်တပ်က ပါတီဖျက်သိမ်းထားပါတယ်။ 

ဝေဖန်ကန့်ကွက်မှုတွေကြားက မျှော်လင့်ချက်တွေအပြည့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျော်ကြားသူ နိုင်ငံရေးသမားတွေတင် ရှုံးနိမ့်တာမက အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ နဲ့ NLD အမတ်ဟောင်းတွေလည်း ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပြည်သူ့ပါတီ(PP) နဲ့ ဦးကိုကိုကြီးကို မေးမြန်းနိုင်ဖို့ မြန်မာနောင်းက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေဆိုတာ မရှိခဲ့ပါဘူး။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က တရားဝင် ထုတ်ပြန်မှပဲ အနိုင်၊ အရှုံးက အတည်ဖြစ်မှာ ဖြစ်လို့  မဲရလဒ်ကို စောင့်ကြည့်ဖို့နဲ့ မဲရလဒ်တွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ သဘောထားကိုလည်း စာနဲ့ထုတ်ပြန်ဖို့ ရှိတယ်လို့  ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဘီဘီစီ သတင်းဌာနကို ဖြေဆိုထားပါတယ်။

ရိုက်ကူး-မြတ်ကြီး    တင်ဆက်-သဇင်လှိုင်

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button