
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ဗုံးကြဲရန် နေရာများ သတ်မှတ်ထားကြောင်း စစ်ကော်မရှင်ဘက်က ပြောဆိုလာသည့်နောက် မြဝတီရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၏ တပ်ဖွဲ့ဝင်များစာရင်းများ စစ်ကော်မရှင်တပ်ထံ ပေးထားကြောင်း DKBA နှင့် KNLA-PC ဘက်က Myanmar Now ကိုပြောသည်။
စစ်ကော်မရှင်၏ တပ်မ (၂၂) တပ်မမှူးဘက်က မြဝတီမြို့တွင်ရှိနေသော DKBA နှင့် KNLA-PC တပ်ဖွဲ့ဝင်တစ်ဦးချင်း၏ အမည်၊ ဓာတ်ပုံနှင့် တပ်တည်ရာနေရာကို ဇန်နဝါရီ ၂၄ ရက်နောက်ဆုံးထားပေးပို့ရန် ဇန်နဝါရီလ ၁၉ ရက်က ပြုလုပ်သည့် တပ်မ (၂၂) တပ်မမှူးနှင့် ကရင်လက်နက်ကိုင် နှစ်ဖွဲ့၏ ဆက်ဆံရေးရုံးမှ တပ်ဖွဲ့ဝင်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲနှင့် ပတ်သက်သည့် စာတစ်စောင်လည်း Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး အဆိုပါစာပါ အချက်အလက်များ မှန်ကန်ကြောင်း DKBA နှင့် KNLA-PC ဘက်က Myanmar Now ကို အတည်ပြုသည်။
တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ပေါက်ကြားလာသည့်စာတွင် အချက် လေးချက်ပါဝင်ပြီး ပထမအချက်သည် DKBA နှင့် KNLA-PC တပ်ဖွဲ့ဝင်အယောင်ဆောင်များအား အရေးယူရန် တပ်ဖွဲ့ဝင်စာရင်းတောင်းရခြင်းဖြစ်ကြောင်း စစ်ကော်မရှင်ဘက်က အကြောင်းပြထားသည်။
ဒုတိယအချက်သည် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အဖြစ်မှ အသွင်းပြောင်းထားသော ကရင်အမျိုးသားတပ် (KNA) နှင့်ပတ်သက်၍ တရားဝင်ခွင့်မပြုထားသဖြင့် မြဝတီမြို့ပေါ်တွင် နေထိုင်ခွင့်မပြုကြောင်း စစ်ကော်မရှင်ဘက်က ပြောထားသည်။
တတိယအချက်သည် မြဝတီမြို့လုံခြုံရေးအတွက် ပူးပေါင်းကူညီကြရန် DKBA နှင့် KNLA-PC ဘက်ကို စစ်တပ်ဘက်က တောင်းဆိုထားသည်။ စတုတ္ထအချက်သည် မြဝတီမြို့ရှိ စစ်ကော်မရှင်၏ ခလရ (၂၇၅) တပ်ရင်း ထပ်မံတိုက်ခိုက်ခံရပါက မြဝတီမြို့၌ ဗုံးကြဲရန် နေရာ ၁၈ နေရာ သတ်မှတ်ထားကြောင်း စစ်ကော်မရှင်ဘက်က ဆိုသည်။
DKBA ဘက်ကမူ စစ်ကော်မရှင်ထံ DKBA ၏ စစ်ဘက်ဆိုင်ရာ အချက်အလက်အပြည့်အစုံမပေးလိုက်ဘဲ ယေဘူယျအချက်အလက်သာ ပေးလိုက်ကြောင်းဆိုသည်။
DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောတာ့ဘလဲက “တပ်ပိုင်း စစ်ဘက်ဆိုင်ရာ အချက်အလက်တွေကတော့ အားလုံးတော့ မပေးနိုင်ဘူးပေါ့။ အသေးစိတ်အချက်အလက်က ပေးလို့အဆင်မပြေဘူး” ဟု Myanmar Now ကိုပြောသည်။
KNLA-PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်ကလည်း မြဝတီမြို့တွင်ရှိသည့် အောက်ခြေတပ်ဖွဲ့ဝင်များ၏ စာရင်း စစ်ကော်မရှင်ထံ ပေးထားကြောင်းပြောသည်။
“မြဝတီမြို့မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာ တစ်ဖွဲ့တစ်ဖွဲ့ အချင်းချင်းမမှားရအောင် ကြိုတင်ညှိနှိုင်းလုပ်ဆောင်ဖို့အတွက် အဲဒီလိုမျိုးစာရင်းတောင်းတာ ဟုတ်ပါတယ်။ စာရင်းပေးထားတယ်လို့ ကျွန်တော်လည်း အဲဒီလိုနားလည်ပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော်မည်သည့် အတိုင်းအတာအထိ စစ်သည်များ၏ အချက်အလက်များကို စစ်ကော်မရှင်ထံပေးလိုက်သည်ကိုမူ DKBA နှင့် KNLA (PC) နှစ်ဖက်လုံးက မပြောပေ။
မြဝတီမြို့လုံခြုံရေးကို စစ်ကော်မရှင်ဘက်က တောင်းဆိုသည့်အတိုင်း ပူးပေါင်းကူညီရန် DKBA နှင့် KNLA (PC) တို့ဘက်က သဘောတူထားကြောင်း အဆိုပါ ကရင်လက်နက်ကိုင် နှစ်ဖွဲ့ထံမှသိရသည်။
“လူထုတွေနဲ့ပတ်သက်ပြီးလည်း ခိုးမှုတွေ၊ သတ်မှုတွေ၊ ဓားပြမှုတွေ၊ မုဒိမ်းမှုတွေ အဲဒါမျိုးဖြစ်တတ်တာတွေရှိတယ်။ အဲဒါတွေကို ရည်ရွယ်ပြီး လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်တဲ့သဘောပဲ” ဟု DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောတာ့ဘလဲက ပြောသည်။
DKBA နှင့် KNLA (PC) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားပြီး စစ်ကော်မရှင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ကူညီမည်ဟု ကြေညာထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည်။
စစ်ကော်မရှင်ဘက်က မြဝတီမြို့တွင် BGF မှ အသွင်ပြောင်းထားသည့် (KNA) တပ်ဖွဲ့ဝင်များ ဆက်လက်တပ်မစွဲရန် ဟုဆိုသော်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့အထိ မြဝတီမြို့ပေါ်တွင် KNA တပ်ဖွဲ့ဝင်များ ဆက်ရှိနေဆဲဖြစ်ကြောင်း မြဝတီမြို့ဒေသခံအချို့က Myanmar Now ကိုပြောသည်။
“KNLA-PC၊ DKBA တပ်ဖွဲ့တွေကတော့ မြို့ပေါ်မှာ သွားသွားလာလာနည်းနည်းတွေ့ရတယ်။ KNA ကိုတော့ သိပ်မတွေ့ရဘူး။ အခုနောက်ပိုင်းသိပ်မတွေ့ရဘူး။ မြို့ပေါ်မှာတော့ ရှိမှာပါ။ မြို့မှာသူတို့အိမ်တွေလည်းရှိတာပဲ။ ယူနီဖောင်းအပြည့်အစုံနဲ့ ကားတွေနဲ့သွားသွားလာလာပုံစံတွေ သိပ်မတွေ့တော့ဘူး။ ၂၃၊ ၂၄ ရက် လောက်ကစပြီးမတွေ့တော့တာ” ဟု မြဝတီမြို့ဒေသခံ အချို့က ပြောသည်။
မြဝတီမြို့တွင် အဓိကအင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် BGF အသွင်းပြောင်း KNA ကို စစ်ကော်မရှင်တပ်က နေခွင့်မပြုသဖြင့် စစ်ကော်မရှင်နှင့် BGF အသွင်ပြောင်းအဖွဲ့ကြား ဆက်ဆံရေးမည်ကဲ့သို့ ဖြစ်လာနိုင်သနည်းဟု ကရင်ပြည်နယ်အရေးစိတ်ဝင်စားသူများက လေ့လာစောင့်ကြည့်နေကြသည်။
မြဝတီမြို့ဒေသခံ အမျိုးသားတစ်ဦးကမူ မြဝတီမြို့ပေါ်တွင် တိုက်ပွဲနှင့် ပစ်ခတ်မှုများ ဖြစ်လာမည်ကို စိုးရိမ်သည့် ဒေသခံ အနည်းစုသာရှိကြောင်း Myanmar Now ကိုပြောသည်။
၎င်းက “စိုးရိမ်တာကတော့ နည်းပါတယ်။ နည်းနည်းရိုးသလိုတော့ဖြစ်နေတယ်။ မြဝတီမြို့ခံတော်တော်များများက အတွေ့အကြုံကလည်းများနေပြီ ။ အခုကတော့ ဈေး ၊ စာသင်ကျောင်း ၊ ဆေးရုံတွေကတော့ ပုံမှန်လည်ပတ်နေတယ်။ ကျောင်းတွေပိတ်တာလည်းမရှိဘူး။ ဌာနဆိုင်ရာ အစိုးရရုံးတွေလည်း ပုံမှန်ဖွင့်ထားတုန်းပဲ” ဟု ဆိုသည်။
မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်ရှိ မင်းလက်ပံကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာဘက်က လက်နက်ကျည်အချို့ ထိုင်းနိုင်ငံဘက် ကျရောက်မှုရှိကြောင်း ထိုင်းသတင်းဌာနအချို့က ရေးသားကြသည်။



