အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဘိုနယ်ကို လေးကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်၊ ၃ဦးသေဆုံး

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း ဟန်လင်း၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ ရွှေဘိုနယ်ထဲမှ မန္တလေးတိုင်းစစ်ရှောင်များခိုလှုံနေသော ကျေးရွာတစ်ရွာသည် ယနေ့ နံနက်အစောတွင် တစ်ကြိမ်၊ မွန်းလွဲတွင် သုံးကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခံရသည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း ဟန်လင်း၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ငါးပိအိုးကျေးရွာကို ယနေ့ တစ်ရက်အတွင်း လေးကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား သုံးဦးသေဆုံးပြီး ၊ ကလေးတစ်ဦး အပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံများ၊ စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ နံနက် အစောပိုင်း ညသန်းခေါင်ကျော် ၁၂ နာရီခွဲဝန်းကျင်တွင် ရွှေဘိုမြို့နယ်အရှေ့တောင်ဘက် ၁၈ မိုင်ခန့် အကွာ ငါးပိအိုးကျေးရွာကို တိုက်လေယာဉ်တစ်စီးက ဗုံးနှစ်လုံး ကြဲချခဲ့သလို၊ ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ ခန့်အချိန် တိုက်လေယာဉ်က သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရွှေဘိုခရိုင် တပ်ရင်းများထံက သိရသည်။

ပျူမြို့ဟောင်းတည်ရှိရာ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ် ထိစပ်နေသော နေရာအနီးရှိ အဆိုပါရွာအား ညအချိန် လေကြောင်းတိုက်ခိုက်မှုတွင်  ကျေးရွာစာသင်ကျောင်းအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး၊ မွန်းလွဲအချိန် တိုက်ခိုက်မှု၌ ရွာအတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူသေဆုံး၊ ထိခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ငါးပိအိုးရွာ စာသင်ကျောင်းအနီးရှိ လူနေအိမ် ရှစ်လုံးခန့်  ဗုံးစထိမှန်ခဲ့ပြီး ရွာခံ အသက် ၆၀ ဝန်းကျင်ခန့် လင်မယား နှစ်ဦးနှင့် အမျိုးသား တစ်ဦးနေရာတွင်ပင် သေဆုံးခဲ့ပြီး ကလေးတစ်ဦး၊  အမျိုးသမီးတစ်ဦး၊ အမျိုးသား ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု  ပြည်သူ့ကာကွယ်ရေးတပမတော် ရွှေဘိုခရိုင် တပ်ရင်းတစ်ခုမှ ရဲဘော်တစ်ဦးက ပြောသည်။ 

ယနေ့ မွန်းလွဲပိုင်း သုံးကြိမ် လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးထိခိုက်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများထံက သိရသည်။

“ဗုံးကြဲခံရတဲ့ရွာအနီးဝန်းကျင်မှာတော့ ဘာထိတွေ့မှုမှ ရှိမနေပါဘူး။ စစ်ကြောင်းဝင်နေတာမျိုးလည်း မရှိဘူး။ ဒါက ပြည်သူတွေကို တမင်လုပ်တယ်ပဲ ပြောရမှာပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၅) တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

ညဦးပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာခံအများစု တိမ်းရှောင်နေကြသဖြင့် အထိအခိုက်မများခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ (နံနက်အစော) တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ရွာထဲက ပြည်သူတွေကို ခါလိုက်တာ (အပြင်ထွက်ခိုင်း လိုက်တာ)။ အဲ့ဒါကြောင့်လည်း အထိအခိုက်နည်းသွားတာ။ မဟုတ်ရင် ဒီထက်ထိခိုက်နိုင်တယ်”ဟု ဆိုသည်။

ငါးပိအိုးကျေးရွာ လေကြောင်းတိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူများနှင့်ပတ်သက်ပြီး အခြေအနေ အသေးစိတ် မသိရသေးပေ။

စစ်ကိုင်းတိုင်းအတွင်းရှိ လေကြောင်းနှင့် စစ်ရေးသတင်းများကို မျှဝေပေးနေသည့် Wetlet Informational Network  မှ တာဝန်ရှိသူကလည်း “ဗုံးက ကျောင်းပေါ်မကျဘဲ အနားကအိမ်တွေ ကျတယ်။ အိမ် ခုနစ်လုံး ရှစ်လုံးလောက် ပျက်စီးသွားတယ်” ဟု ပြောသည်။ 

အဆိုပါငါးပိအိုးရွာတွင် မန္တလေးတိုင်းအတွင်းမှ ပြေးလာကြသည့် စစ်ဘေးဒုက္ခသည်များရှိပြီး၊ ဆွေမျိုးနီးစပ်ရာ နေအိမ်များတွင် နေထိုင်ကြသူများရှိသလို၊ ကျေးရွာစာသင်ကျောင်းတွင် နေထိုင်သူအချို့လည်း ရှိကြောင်း ရွှေဘိုဒေသခံတို့ထံက သိရသည်။

မကြာသေးခင်က စစ်တပ် ပြန်ထိန်းချုပ်လိုက်သော ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်၊ မိုးမိတ်ဒေသတို့မှ စစ်ဘေးရှောင် သောင်းနှင့်ချီသည် မြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်းအတွင်းမှ ရွှေဘို၊ ဒီပဲယင်း၊ ခင်ဦး၊ ဝက်လက်အပါအဝင် မြို့နယ်အများအပြားတွင်၊ ခိုလှုံနေထိုင်နေရသည်။

အဆိုပါ မန္တလေးတိုင်း စစ်ဘေးရှောင်များကို လေတပ်က လိုက်လံဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

မန္တလေးစစ်ရှောင်အများစုသည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းကဲ့သို့သော နေရာများကို လေတပ်က ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် မနေထိုင်ကြလိုသော်လည်း လူအများစု နေထိုင်ရန် အဆင်ပြေသည့် အထက်ပါနေရာများတွင်သာ ခိုလှုံနေကြရင်း အသက်သေဆုံး၊ ထိခိုက်မှုများ ဖြစ်ပေါ်နေသည်။ 

စစ်တပ်သည် ယခုလ ၇ ရက်နေ့ကလည်း ရွှေဘိုမြို့အနောက်ဘက် ၁၁ မိုင်ခန့်အကွာ ရွာဆိုးကျေးရွာ အနောက်ပိုင်း စစ်ဘေးရှောင်များနေထိုင်ရာလည်းဖြစ်၊ ဒေသခံများ သွားလာအသုံးပြုနေသည့် ကားလမ်းပိုင်းတစ်နေရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ အဆိုပါလမ်းပိုင်းတွင် ထော်လာဂျီ တစ်စီးဖြင့် ဖြတ်သွားသည့် ကံသာကုန်းရွာမှ အမျိုးသားနှစ်ဦး၊ စစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၆၄ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၉ ဦး ထက်မနည်း ရှိနေသည်။ 

Myanmar Now က ကောက်ယူထားသည့် စာရင်းများအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် သေဆုံးသူ ၈၈ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၇၀ ဦး ထက် မနည်းရှိခဲ့သည်။ 

Related Articles

Back to top button