အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံ၏လက်ရှိအခက်အခဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့သာ ဖြေရှင်းနိုင်မည်ဟု NLD ပြောရေးဆိုခွင့်ရှိသူဆို

“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ပွဲတွေ ချုပ်ငြိမ်းဖို့ မြန်မာပြည်သူတွေရဲ့ ဘဝတွေ လွတ်လပ် လုံခြုံအေးချမ်းသာယာဖို့အတွက်ဆိုရင် အကြောင်းပြချက်တွေ လုပ်မနေဘဲနဲ့ စစ်မှန်တဲ့ ခြေလှမ်းတွေကို အမြန်ဆုံးလှမ်းဖို့ လိုနေပါတယ်။ အချိန် တစ်ရက် တစ်နာရီ နောက်ကျတာဟာ တိုင်းပြည်ကို တစ်ရက် တစ်နာရီ သစ္စာဖောက်တာပဲ လို့ ကျွန်တော်တို့က မြင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံသည် ကြီးမားသည့် အပြောင်းအလဲကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီး ထိုအခြေအနေများကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ကသာ ဖြေရှင်းနိုင်မည်ဖြစ်သည်ဟု  နိုင်ငံ၏ အဓိကအတိုက်အခံ အင်အားကြီးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူ ၇,၃၃၇ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင်  ပြန်လည်လွှတ်ပေးခဲ့​ပြီး ၊ ထိုပုဒ်မဖြင့် တရားစွဲဆိုခံထားသည့် အမှု  ၉၅၃၂ မှုကို စစ်ကော်မရှင်က ပိတ်သိမ်းခဲ့ပြီးနောက် NLD ပါတီဘက်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်သည် အရေးကြီးသည့် အလှည့်အပြောင်းကြီး တစ်ခုနှင့် ရင်ဆိုင်နေရပြီး လက်ရှိအခြေအနေများကို သုံးသပ်နိုင်ရန်နှင့် အခြေအနေနှင့်လိုက်လျော ညီထွေရှိသည့် ညွှန်ကြားချက်များ ချမှတ်နိုင်ရန်အတွက် ပြည်သူလူထု၏ယုံကြည်လေးစားမှုကို ရရှိထားသည့် နိုင်ငံ့ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် အားလုံးတိုင်ပင်ဆွေးနွေးနိုင်မည့် အနေအထားတစ်ခု မဖြစ်မနေ လိုအပ်နေသည်ဟု NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောသည်။ 

“ပြည်သူတွေမှာလည်း ဒုက္ခတွေကို ခါးစည်းပြီး ခံနေရတယ်။ ဒီကနေပြီးတော့ ပြောင်းလဲလွတ်မြောက်ဖို့အတွက် အစီအစဉ်တွေချမှတ်ရာမှာ အများပြည်သူ ယုံကြည်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့က အထူး မဖြစ်မနေ လိုအပ်တယ်ဆိုတာကို ထပ်ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူလူထု ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခံထားရသည့်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ 

စစ်ကော်မရှင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ၅၂(က) တို့ဖြင့် အမှုဖွင့်ခံထားရသူ တစ်သောင်းကျော်၏ အမှုများကို ပိတ်သိမ်းပေးခဲ့သည်ဟု ဆိုသော်လည်း ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်ခေါင်းဆောင်များအပေါ် စွဲဆိုထားသော ပြစ်ဒဏ်များနှင့် ပတ်သက်၍မူ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ အစရှိသည့် ပုဒ်မအများအပြားဖြင့် ထောင်ဒဏ် နှစ်အများအပြား ချမှတ်ထားသည်။ 

သို့သော် စစ်ကော်မရှင်သည် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချထားသည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် အပါအဝင် ထောင်အသီးသီးတွင် အကျဉ်းချခံထားရသည့် NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့အား  မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ 

စစ်ကော်မရှင်က ပြန်လွှတ်ပေးခဲ့သည့် ထိပ်ပိုင်းခေါင်းဆောင်များတွင် NLD အစိုးရလက်ထက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် ၊ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ၊ ရန်ကုန်တိုင်း စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဟန်ထွန်း တို့ ပါဝင်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Myanmar Now ကို အတည်ပြုသည်။ 

“ကျွန်တော်တို့ကတော့ အနှစ်သာရ ရှိတဲ့ အပြောင်းအလဲတွေကို ပိုပြီးတော့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ခုနက ပြောခဲ့တဲ့ အထဲမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ စုဝေးဆွေးနွေးခွင့်တွေ သဘောထားထုတ်ပြန်ခွင့်တွေ အဲဒါတွေ ပါမလာဘဲနဲ့ သူတို့တွေက ခြေချုပ်ဆန်ဆန် စောင့်ကြည့်ခံရတာပဲဆိုရင်တော့ ထူးခြားတဲ့ အပြောင်းအလဲကြီးလို့ ကျွန်တော်တို့ ယူဆလို့ မရပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ 

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (CEC) တစ်ဦးဖြစ်ပြီး အာဏာသိမ်းသည့်နေ့ကပင် စစ်တပ်က ဖမ်းဆီး၍ ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခံထားရသူဖြစ်သည်။ 

ထို့အပြင် NLD  လက်ထက်က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ​ အောင်မိုးညို၊  ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ နှင့် နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့လည်း ပြန်လည် လွတ်မြောက်လာသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း Myanmar Now က သီးခြား အတည်မပြုနိုင်သေးပေ။ 

၎င်းတို့ ပါတီအနေဖြင့် စစ်မှန်သည့်သဘောထားကို အခြေခံသည့် ပြုပြင်ပြောင်းလဲမှုအားလုံးကို ကြိုဆိုပြီး ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ဆောင်ချက်များသည် ၎င်းတို့အတွက် ရှုပ်ထွေးစေပြီး စစ်မှန်သည့် နှလုံးသားနှင့် ပြည်သူလူထုအကျိုး ဖော်ဆောင်နိုင်မည့် ခေါင်းဆောင်များ ပေါ်ပေါက်ရန်လိုနေသည်ဟု ဒေါက်တာမျိုးညွန့်က ဆက်ပြောသည်။ 

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ချုပ်ငြိမ်းဖို့ မြန်မာပြည်သူတွေရဲ့ ဘဝတွေ လွတ်လပ် လုံခြုံအေးချမ်းသာယာဖို့ အတွက်ဆိုရင် အကြောင်းပြချက်တွေ လုပ်မနေဘဲနဲ့ စစ်မှန်တဲ့ ခြေလှမ်းတွေကို အမြန်ဆုံးလှမ်းဖို့ လိုနေပါတယ်။  အချိန် တစ်ရက် တစ်နာရီ နောက်ကျတာဟာ တိုင်းပြည်ကိုတစ်ရက် တစ်နာရီ သစ္စာဖောက်တာပဲ လို့ ကျွန်တော်တို့က မြင်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်ကဆက်ပြောသည်။ 

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူ ၇,၃၃၇ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့​ပြီး ၊ တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ဦး၏ အမှုပေါင်း  ၉၅၃၂ မှုကို ပိတ်သိမ်း လိုက်သည်ဟု အာဏာသိမ်း စစ်တပ်က ယနေ့ (မတ် ၂) နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။ 

ထို့အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ အကျဉ်းသား၊ အကျဉ်းသူ ၂၈၂၅ ဦး ကို ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား/သူ ၁၀ ဦးကိုလည်း ပြန်လွှတ်ပေးပြီး ပြည်နှင်ဒဏ် ပေးလိုက်သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

Related Articles

Back to top button