အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုလဲနယ်တွင် စစ်တပ်က လေကြောင်းဖြင့် နှစ်ရက်ဆက် အပြင်းအထန်တုံ့ပြန် 

ပုလဲနယ်အတွင်း အင်အား ၃၀၀ ဝန်းကျင် ရောက်ရှိနေသော စစ်တပ်သည် ချင်ပြစ်ရွာတွင် အခြေစိုက်၍ အနီး ဝန်းကျင်ကို စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့်ရက်များက တိုက်ပွဲများဖြစ်ကာ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည်။

ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) လှုပ်ရှားခဲ့သော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပြီး နှစ်ရက်ဆက် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဗိုလ်နဂါး ဘက်ပြောင်းသွားပြီးနောက် စစ်တပ်သည် လေကြောင်းဖြင့် အင်အား ရာနှင့်ချီကို ပုလဲမြို့သို့ ပို့ဆောင်ခဲ့ပြီး ဖေဖော်ဝါရီလကုန်မှ စတင်ကာ ဒေသတွင်း မြေပြင်စစ်ကြောင်း ထိုးနေသည်။ 

အင်အားသုံးရာခန့်ပါ အထက်ပါစစ်ကြောင်းသည် ပုလဲမြို့နှင့် ယင်းမာပင်မြို့နယ်စပ်ရှိ ချင်ပြစ်ကျေးရွာမှ ယာယီ တပ်စွဲထားပြီး စစ်တပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွာမှ ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက် ရွာထဲ ပြန်လည်ဝင်ရောက်သွားသည်။

ထို့နောက် မတ်လ ၁ ရက်နေ့တွင်စတင်၍ စစ်တပ်သည် တိုက်လေယာဉ်များ၊ အင်ဂျင်တပ်လေထီးများဖြင့် ပုလဲ မြို့နယ်အနောက်ခြမ်းကို နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

တိုက်လေယာဉ်များဖြင့် သာမက အင်ဂျင်တပ်လေထီးများဖြင့် တစ်နေကုန်နီးပါး ၁၆ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပြီးနောက် မတ်လ ၂ ရက်နေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြောင်း သိရသည်။ 

“ပါရာမိုတာရော လေယာဉ်ရော ၁၃ ကြိမ်ထက်မနည်းဘူး။ ဂျက်ဖိုက်တာက ၁၁ ကြိမ်၊ ပါရာမိုတာ သုံးစီး နှစ်ကြိမ်လောက်ပေါ့”ဟု ပုလဲမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့်နှစ်ကုန်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်တိုက်ခိုက်ခဲ့သည့် ကန့်ဒေါင့်  ရဲစခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်တပ်ကလေကြောင်းအင်အားအလုံးအရင်းသုံးပြီး ခုခံခဲ့သည့်နည်းတူ ယခုတစ်ကြိမ်တွင်လည်း စစ်တပ်က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ဆိုကြသည်။ 

ယနေ့ (မတ်လ ၃ ရက်နေ့)  မွန်းလွဲပိုင်းအထိ မြေပြင်တိုက်ပွဲမရှိသလို လေကြောင်းတိုက်ခိုက်မှုငြိမ်သက်နေ ကြောင်း ဒေသခံတို့က ဆိုသည်။ 

ချင်ပြစ်ရွာတွင် တပ်စွဲထားသည့် စစ်တပ်သည် အနီးဝန်းကျင်ကို စစ်ကြောင်းထိုးနေရာ အနီးအနား ကျေးရွာများဖြစ်သည့်  ပိတောက်ကုန်း၊ ကြာစီ၊ လှိုင်းရွာ၊ မုံသွင်၊ မုရိုးတုန်း စသည့်ရွာများအပါအဝင် ယင်းမာပင်ခရိုင်အတွင်း ၁၂ ရွာ ထက်မနည်းမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ရွေးကောက်ပွဲအလွန်ကာလ စစ်ကိုင်းတိုင်းတွင် ယင်းမာပင်ခရိုင်အပါအဝင် ကောလင်းခရိုင်၊ ကန့်ဘလူ ခရိုင်တို့တွင် စစ်ရေးလှုပ်ရှားမှု ပိုမိုများပြားလာပြီး စစ်ကိုင်းတိုင်းနှင့်မျက်နှာချင်းဆိုင် ဧရာဝတီ မြစ်အရှေ့ဘက်ခြမ်းဒေသများတွင်လည်း ထိုးစစ်ဆင်လှုပ်ရှားမှု ပိုမိုများပြားလာကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ 

တော်လှန်ရေးအင်အားစုများ အားကောင်းရာ ပုလဲနယ်သို့ စစ်တပ် မဝင်နိုင်ခဲ့သည့်ကာလသည် လနှင့်ချီ ကြာမြင့်နေခဲ့ပြီး ဗိုလ်နဂါး ဘက်ပြောင်းပြီးနောက်ပိုင်း အင်အားအလုံးအရင်းဖြင့် တကျော့ပြန် စစ်ကြောင်းထိုးလာ ခဲ့ခြင်းဖြစ်သည်။ 

ပုလဲမြို့နယ်သို့ ယခင်က စီးနင်းဝင်ရောက်ခဲ့သည့် စစ်တပ်စစ်ကြောင်းများသည် အိမ်ခြေရာနှင့်ချီ မီးရှို့ခြင်း၊ ဖမ်းဆီးရမိသည့် ဒေသခံများကိုညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သော်လည်း ယခု တစ်ကြိမ်ဝင်သည့် စစ်ကြောင်းမှာမူ လူထုကို စည်းရုံးရေးဆန်သည့်လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ပုလဲဒေသခံတို့က ဆိုသည်။

ဗိုလ်နဂါး ဦးဆောင်သည့် BNRA ဂိတ်များကို NUG လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ဗိုလ်နဂါး၊ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ခြောက်ဦး စစ်တပ်ထံ ဘက်ပြောင်းသွားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရက ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်များသည် သက်ငယ်မုဒိမ်းမှု၊ PDF တပ်ဖွဲ့ ဝင်များအားသတ်ဖြတ်မှု၊ ပကဖရဲဘော်များအားနှိပ်စက်ညှဉ်းပန်းမှု စသည့်အမှု ခုနစ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းရန် ဆောင်ရွက်ခဲ့ ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Related Articles

Back to top button