အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောင်းဗီဇာဖြင့် တောင်ကိုးရီယားသွားမည့် မြန်မာများကို ပြည်ဝင်ခွင့်ငြင်းပယ်မှု မြင့်တက်လာ 

တောင်ကိုးရီးယားအစိုးရက ၎င်းတို့နိုင်ငံသို့ ဝင်ရောက်ရန် လုံလောက်သည့် အကြောင်းပြချက်မရှိဟုဆိုကာ ချောင်ဂျူတက္ကသိုလ် လျှောက်ထားသူ မြန်မာကျောင်းသား ၁၀၀ ကျော်အနက် ၉၀ ဦးကို ဗီဇာငြင်းပယ်ခဲ့ကြောင်းသိရသည်။

ကျောင်းဗီဇာဖြင့် တောင်ကိုးရီးယားနိုင်ငံသွားမည့် မြန်မာလူငယ်များကို တောင်ကိုရီးယားအစိုးရက အထူးစောင့်ကြည့်ရမည့်အုပ်စုအဖြစ်သတ်မှတ်၍ ပြည်ဝင်ခွင့်(ဗီဇာ) ငြင်းပယ်မှုပိုမိုပြုလုပ်လာကြောင်း စုံစမ်းသိရှိရသည်။ 

လူဝင်မှုကြီးကြပ်ရေးကိစ္စများကိုင်တွယ်သော တောင်ကိုးရီးယား တရားရေးဝန်ကြီးဌာနက ဆိုးလ်မြို့၏ အရှေ့တောင်ဘက် ၇၅ မိုင်ခန့်အကွာ Cheongju University (ချောင်ဂျူတက္ကသိုလ်)တွင်၂၀၂၆ ခုနှစ် အတွင်း ဘွဲ့လွန်တန်းသွားရောက်သင်ကြားရန် စီစဉ်ထားသည့် မြန်မာကျောင်းသား ၁၀၅ ဦးအနက် ၁၅ ဦးကိုသာ ပြည်ဝင်ခွင့်ပေးခဲ့ကြောင်း ကျောင်းသားများက ပြောသည်။ 

ချောင်ဂျူတက္ကသိုလ်နှင့် တရားဝင်နားလည်မှုစာချွန်လွှာရေးထိုးထားသည့် ပြည်တွင်းရှိ WorldEdupia Myanmar ပညာရေးအေဂျင်စီနှင့် အဓိကချိတ်ဆက်၍ ပြီးခဲ့သည့်နှစ် မေလမှစတင်၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် နိုင်ငံအနှံ့မှ ကျောင်းသားများက ကျောင်သွားတက်ရန်စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

ကျောင်းသားများသည် WorldEdupia Myanmar အေဂျင်စီကို ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၇၀၀ ၏ ၅၀ ရာခိုင်နှုန်းကို ပေးသွင်းထားရပြီး အခြားအေဂျင်စီများဖြင့် ချိတ်ဆက်လျှောက်ထားသူများသည် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁,၀၀၀ ဝန်းကျင်ကို ရာနှုန်းပြည့်သွင်းကြရသည်။ 

ယခုနှစ် မတ်လတွင်ဖွင့်လှစ်မည့် ကျောင်းဖွင့်ရာသီတွင် စီးပွားရေးစီမံခန့်ခွဲမှု၊ ဟိုတယ်စီမံခန့်ခွဲမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘာသာရပ်များအတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာမှစ၍ ကျောင်းလျှောက်ခြင်း၊ ကျောင်းဝင်ခွင့်အင်တာဗျူးဖြေဆိုခြင်းတို့ အသီးသီးဆောင်ရွက်ခဲ့ကြသည်။ ကျောင်းလခ ကိုရီးယားဝမ် ၂၈ သိန်း(မြန်မာကျပ် သိန်း ၈၀) ကျော်ပေးသွင်းခဲ့ကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် ကျောင်းသားတစ်ဦးက ပြောသည်။ 

သို့ရာတွင် ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ တောင်ကိုးရီးယားအစိုးရက ၎င်းတို့နိုင်ငံသို့ ဝင်ရောက်ရန် လုံလောက်သည့် အကြောင်းပြချက်မရှိဟုဆိုကာ ချောင်ဂျူတက္ကသိုလ် လျှောက်ထားသူ ၁၀၀ ကျော်အနက်       ၉၀ ဦးကို ဗီဇာငြင်းပယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“E-Visa (ပညာရေးဗီဇာ) ငြင်းပယ်ခံလိုက်ရတဲ့ ကျောင်းသားက ဒုက္ခိတဖြစ်သွားတာပဲ။ သူများတွေနဲ့ ယှဉ်ပြေးလို့ မရတော့ဘူး။ တခြား intake (ကျောင်းဖွင့်ရာသီ)ကို လျှောက်ထားလို့ရတယ်လို့ ဘယ်လောက်ပဲ ပြောပြော ကျွန်တော်တို့မှာ ခြေထောက်တစ်ဖက်ပြတ်နေတဲ့ပုံစံမျိုးနဲ့ယှဉ်မပြေးနိုင်တော့ ဘူး” ဟု ၎င်းက ပြောသည်။ 

“အခုကြတော့ ကျွန်တော်တို့မှာ တခြားအစီအစဉ်ရွေးစရာမရှိတော့ဘူး။ E-Visa ငြင်းပယ်ခံလိုက်ရတဲ့ ကျောင်းသားကို တခြားအေဂျင်စီတွေမှာ သွားအပ်ရင်လည်း လက်ခံဖို့က ဆယ်ခုတစ်ခုလိုဖြစ်နေတယ်။ အဲ့ဒီလိုဖြစ်နေတဲ့အတွက် ဘာမှလုပ်လို့မရတဲ့ပုံစံမျိုးဖြစ်သွားတယ်” ဟု သူက ဆက်ပြောသည်။

WorldEdupia Myanmar အေဂျင်စီအနေဖြင့် ချောင်ဂျူတက္ကသိုလ်တွင် မြန်မာကျောင်းသားများ ကျောင်းတက်ခွင့်ရရန်  ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်စ၍ လေးကြိမ်မြောက် ဝန်ဆောင်မှုပေးခဲ့ပြီး ပထမနှစ်ကြိမ်တွင် ကျောင်းသားအားလုံးပြည်ဝင်ခွင့်ရရှိခဲ့ပြီး တတိယတစ်ကြိမ်တွင် ဗီဇာရရှိမှု ၇၅ ရာခိုင်နှုန်းသာရှိတော့သည်။ ယခုနောက်ဆုံးအကြိမ်တွင် ပြည်ဝင်ခွင့်ရရှိသူမှာ ၁၅ ရာခိုင်းနှုန်းသာရှိကြောင်း ၎င်းက ဆိုသည်။ 

ယခုနှစ်အတွင်း ကျောင်းသားများခေါ်ယူရာ အေဂျင်စီဘက်က ယခင်ကျောင်းဖွင့်ရာသီများတွင် ဗီဇာရရှိမှုနှုန်းကို ဖော်ပြ၍ ဝန်ဆောင်မှုပေးခဲ့ပြီး လျှောက်ထားသူ၏ ၇၀ ရာခိုင်နှုန်း ဗီဇာရနိုင်ကြောင်း ပြောဆိုချက်များရှိကြောင်း ကျောင်းသားများက ဆိုသည်။

ထို့ကြောင့် ပြည်ဝင်ခွင့်ငြင်းပယ်ခံရမှုအတွက် ပြန်လည်သုံးသပ်ပေးနိုင်ရန် အေဂျင်စီဘက်က ပြန်လည်ကြိုးစားပေးစေလိုကြောင်း၊ အချို့အေဂျင်စီများသည် ပြန်လည်သုံးသပ်ပေးနိုင်ရေးအတွက် ကြိုးစားမှုများရှိကြောင်း ကျောင်းသားများကဆိုသည်။

ယတိပြတ်ငြင်းပယ်မှုကြောင့် ကျောင်းဝင်ခွင့်ရရန် ပေးဆပ်ထားရသည့် အချိန်နှင့် ငွေကြေးများဆုံးရှုံးပြီး လူငယ်များ၏ အိပ်မက်များလည်းရိုက်ချိုးခံရကြောင်း နောက်ထပ်အမည်မဖော်လိုသည့် ကျောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ကိုရီးယားရောက်ဖို့ ၅၀ ရာခိုင်နှုန်းလောက် အခွင့်ရေးမရှိတော့ဘူး။ အဲ့ဒီလောက်ထိကို ဆိုးရွားသွားတယ်။ E-Visa Denied ထိသွားတဲ့ကျောင်းသားကို အေဂျင်စီ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက်က လက်မခံချင်ကြတော့ဘူး။ ညီမဆိုရင် ဗီဇာငြင်းပယ်ခံရတုန်းက အေဂျင်စီတော်တော်များများကို စုံစမ်းခဲ့တယ်။ ၁၀၀ ရာခိုင်နှုန်းအောင်ချက်ကောင်းတယ်ဆိုတဲ့ ကျောင်းတောင်မှ သွားမေးတဲ့အချိန်မှာ ရမယ်၊ မရမယ် မကျိန်းသေဘူး” ဟု အေဂျင်စီများ၏ တုံ့ပြန်ချက်ကို ၎င်းက ပြန်လည်ပြောပြသည်။ 

ထို့ကြောင့် နောက်ထပ် ငွေကြေးနှင့် အချိန်ကုန်ခံ၍ လျှောက်ထားရန် အာမခံချက်မဲ့နေကြောင်း ၎င်းက ဆက်ပြောသည်။ 

“ဘာမှ အာမခံချက်မရှိတော့တဲ့လမ်းကို နောက်တစ်ကြိမ် ငွေရော အချိန်ရော အကုန်ကျခံပြီးတော့ ဆက်ပြီးတော့ မလုပ်ရဲတာပေါ့။ ကျွန်မတို့ဆိုတာလည်း နောက်မှာ မိသားစုတွေရှိတယ်။ ငွေကြေးဆိုတာလည်း အလျှံပယ်ရှိနေလို့ ဒီလမ်းကို လျှောက်ခဲ့တာမဟုတ်ဘူး။ သူ့အတိုင်းတာလေးနဲ့ သူဆိုတော့လေ။ ဒါကကျောင်းသူကျောင်းအားလုံးပါပဲ” ဟု သူက ပြောသည်။

ထို့ကြောင့် လက်ရှိဗီဇာခွင့်ပြုမှုပမာဏသည် အလွန်နည်းပါးခြင်းကြောင့် နောက်တစ်ကြိမ်အခွင့်ရေးရရန် အေဂျင်စီဘက်က တာဝန်ယူပေးစေလိုကြောင်း ကျောင်းသားများက ဆိုသည်။  ထိုအခြေအနေနှင့် ပတ်သက်၍ ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း အဖြေမထွက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ကျောင်းဝင်ကြေးကိုမူ ပြန်လည်ထုတ်ယူခွင့်ရမည်ဟု သိရသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ WorldEdupia Myanmar အေဂျင်စီကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် တာဝန်ခံ အပြင်သွားနေသေး၍ ပြန်လည်ဆက်သွယ်မည်ဟုသာ တုံ့ပြန်ပြောဆိုသည်။ 

အေဂျင်စီဘက်က ကျောင်းသားများခေါ်ယူစဉ် ဈေးကွက်အရောင်းမြှင့်တင်ရန် ပြောဆိုထားသည့် ပြည်ဝင်ခွင့်ရရှိမှုနှုန်းထားနှင့် အမှန်တကယ်ခွင့်ပြုမှု ကွာဟနေခြင်းသည် တာဝန်ယူမှုတာဝန်ခံမှုမရှိကြောင်း အမည်မဖော်လိုသည့် အလုပ်သမားအခွင့်ရေးလုပ်ရှားသူ အမျိုးသမီးတစ်ဦးက သုံးသပ်သည်။

ကျောင်းသွားတက်မည့်သူများအနက် ဝေးလံခေါင်ဖျားဒေသမှ လူငယ်များပါဝင်နေပြီး မိဘများက မရှိမဲ့ရှိမဲ့ငွေကြေးများစုဆောင်း၍ သားသမီးများပညာရေးအတွက် ပုံအောသုံးစွဲလိုက်ရသော်လည်း ယခုကဲ့သို့ ငြင်းပယ်မှုများပြားခြင်းကြောင့် နစ်နာမှုရှိကြောင်း ၎င်းက ဆိုသည်။ 

“ကျောင်းကို တက်ဖို့ကြိုးစားတဲ့ကျောင်းသားတွေက မျှော်လင့်ချက်နဲ့ပေါ့နော်။ ကျောင်းသားတော်တော်များများက နယ်စွန်နယ်ဖျားက ချမ်းသာတဲ့မိသားစုတွေ နည်းပါလိမ့်မယ်။ အဲ့ဒီလို လက်လုပ်လက်စား မိသားစုတွေရဲ့ ဘဝတွေကို ကျောင်းတွေအနေနဲ့ မဖျက်သင့်ဘူး” ဟု ၎င်းက ဆိုသည်။ 

ထို့ကြောင့် နောက်ထပ်နစ်နာသူများမပေါ်ပေါက်ရန် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရားမျှတမှုရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ယူပေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။ 

သို့ရာတွင် တောင်ကိုးရီးယားအနေဖြင့် မြန်မာကျောင်းသားများနှင့်ပတ်သက်၍ ပြည်ဝင်ခွင့်အတွက် အထူးစိစစ်ကြပ်မတ်ရသည့် အကြောင်းအရင်များစွာလည်းရှိနေကြောင်း တောင်ကိုးရီးယားအခြေပြု မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်-MFDMC တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။ 

“ကျောင်းသူကျောင်းသားတွေ တရားမဝင် နေထိုင်မှုနှုန်းများလာတာဖြစ်တယ်။ တချို့က ကျောင်းဗီဇာနဲ့ လာတယ်။ ဘာသာစကားလေ့လာတဲ့ဗီဇာ၊ တက္ကသိုလ်ဗီဇာနဲ့လာပြီးတော့မှ ဒီရောက်တော့ လူသားချင်းစာနာမှုဆိုင်ရာ ခိုလှုံခွင့်ဗီဇာ G199 လို့ခေါ်တဲ့ဗီဇာတွေပြောင်းတယ်။ အလုပ်တွေလုပ်တယ်။ ပြီးတော့ တရားမဝင်လုပ်ငန်းတွေလုပ်တယ်။ ဒါမျိုးတွေလုပ်တဲ့အခါမှာ လဝကဘက်က အယုံအကြည်မရှိတော့ဘဲ အသေးစိတ်လိုက်စစ်ဆေးတဲ့အထိဖြစ်လာတဲ့အခါကြတော့ ဗီဇာမရတဲ့နှုန်းက ပိုပြီးတော့ များသွားတာဖြစ်တယ်” ဟု ထိုတာဝန်ရှိအမျိုးသားက ပြောသည်။ 

ထို့ကြောင့် မြန်မာကျောင်းသားများနှင့်ပတ်သက်၍ ငွေကြေးပံ့ပိုးမည့်သူ၏ ဝင်ငွေ၊ ဘဏ်စာရင်း၊ အမှန်တကယ် ကျောင်းတက်မည့်သူဟုတ်မဟုတ်စသည့်အချက်များကို အသေးစိတ်စစ်ဆေးပြီးမှ ခွင့်ပြုကြောင်း ၎င်းကဆိုသည်။ 

ထို့အပြင် အေဂျင်စီများသည် တောင်ကိုးရီယားအစိုးရက သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို အတိအကျ လိုက်နာမှုအားနည်းသလို ကျောင်းသွားတက်မည့် ကျောင်းသားများ၏ အရည်အချင်းကို သေချာမစစ်ဆေးဘဲ ဝန်ဆောင်ခတစ်ခုတည်းပေါ်တွင် အခြေခံ၍ ဗီဇာလျှောက်ပေးမှုများရှိလာ၍ ပြည်ဝင်ခွင့်နည်းပါးသွားကြောင်း ၎င်းက ဆိုသည်။ 

“ကြားထဲက ကျောင်းသားတွေက မြေစာပင်ဖြစ်ရတဲ့ကိစ္စတွေ၊ နစ်နာတာတွေအများကြီးရှိတယ်။ တချို့အေဂျင်စီတွေဆိုရင် ကျောင်းဘက်ကို ပိုက်ဆံမသွင်းတာတွေ၊ ကျောင်းသူကျောင်းသားတွေက ပြန်တောင်းတော့လည်းမပေးတာမျိုးတွေ လိမ်လည်တဲ့ Case တွေရှိတယ်” ဟု ၎င်းက ဆိုသည်။ 

Related Articles

Back to top button