အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းခြံတွင် PLA စခန်းကိုဝင်စီးစဉ် တပ်ဖွဲ့ဝင် ၄ ဦး မိုင်းထိသေဆုံးဟုNUG ထုတ်ပြန်

ထုတ်ပြန်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များကို မလိုက်နာဟုဆိုကာ မြင်းခြံ၊ တောင်သာနယ်တွင် လှုပ်ရှားနေသော ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်ခံတပ်ကို ခရိုင်ပကဖက နှင်ထုတ်ရာမှတဆင့် အခြေအနေတင်းမာ လာပြီးနောက် စခန်းဝင်စီးသည့် NUG တပ်ဖွဲ့ဝင်အချို့ မိုင်းထိမှန်သေဆုံးသည်။

ဖမ်းဆီးထားသည့် ရွာသားတစ်ဦး ပြန်လွှတ်ပေးရေးကိစ္စမှ အစပြုကာ အငြင်းပွားခဲ့ကြပြီးနောက် မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) စခန်းဟောင်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည့် ၎င်းတို့လက်အောက်ခံ တပ်ဖွဲ့ဝင် လေးဦး မိုင်းဒဏ်ရာဖြင့်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

 ပခုက္ကူမြို့မှ ဧရာဝတီမြစ်တစ်ဖက်ကမ်း မိုင် ၂၀ ကျော်အကွာတွင် တည်ရှိသည့် မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် မြို့ပေါ်ဧရိယာနှင့် အနီးအနား ရွာအချို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး ကျန်ကျေးရွာအချို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန MoD လက်အောက်ခံတပ်များအပါအဝင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖြစ်သည့် PLA တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသည်။ PLA သည် NUG ၏ ကွပ်ကဲမှုအောက်၌မရှိဘဲ သီးခြားရပ်တည်သော အဖွဲ့ဖြစ်သည်။

NUG တပ်ဖွဲ့ဝင်များသည် မြင်းခြံဒေသမှ PLA တပ်များ ထွက်ခွာရန် အမိန့်ပေးပြီးနောက်တွင် တောင်သာမြို့နယ်တစ်နေရာရှိ စွန့်ခွာသွားပြီးသား PLA စခန်းများကို ဇွန်လ ၂၂ ရက်မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာမှ PLA ရဲဘော်များအိပ်သည့် အိပ်ဆောင်အနီးတွင် မိုင်းထိခဲ့ကြောင်း၊ သေဆုံးသူများအပြင် ဒဏ်ရာရသူများလည်း ရှိကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG ရဲဘော်များ မိုင်းထိရခြင်းနှင့်ပတ်သက်၍ PLA ဘက်ကမူ မိုင်းများသည် တော်လှန်ရေးရဲဘော်များကို ရည်ရွယ်၍ ထောင်ထားခြင်းမဟုတ်ဘဲ စခန်းလုံခြုံရေးအတွက် ရန်သူ့စစ်ကြောင်းကို ကာကွယ်ရန် ပုံမှန်အတိုင်း ဆင်ထားခြင်းဖြစ်ကြောင်း၊ တစ်ဖက်အဖွဲ့က အင်အားအလုံးအရင်းဖြင့် စခန်းအတွင်း အတင်းဝင်ရောက်လာသောကြောင့်သာ ထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

လတ်တလောတွင် နှစ်ဖက် အပြန်အလှန် ကြေညာချက်များ ထုတ်ပြန်ထားကြပြီး မည်သူမှန်သည်၊ မည်သူမှားသည် အငြင်းပွားနေကြသည်။

ပဋိပက္ခ၏အစမှာ တောင်သာမြို့နယ် ဝဲလောင်ရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးကို PLA ဘက်က ဖမ်းဆီးခဲ့မှုဖြစ်သည်။

တောင်သာမြို့ အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာ ဝဲလောင်ရွာနေ “ဦးသန်း” ဟုဆိုသော ထိုအမျိုးသားကို PLA ဘက်က မေလ ၂၆ ရက်တွင် စစ်တပ်သတင်းပေး (ဒလန်) စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများ သိမ်းယူခဲ့ကြောင်း NUG ၏ PDF စစ်ရုံးချုပ်က ဇွန်လ ၂၂ ရက် ညပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော်ဦးသန်းသည် ဒလန်မဟုတ်ဘဲ ပြည်သူတစ်ဦးဖြစ်ကြောင်း PDF စစ်ရုံးချုပ်ဘက်က ဆိုသည်။

PLA တပ်ဖွဲ့ဝင်များသည် ဦးသန်းပိုင်သည့် ကားတစ်စီး၊ ယိုးဒယား 110 ဆိုင်ကယ် တစ်စီး၊ တရုတ်လော်ဂျား110 ဆိုင်ကယ် တစ်စီး၊ အိမ်ဝိုင်းစာချုပ်၊ အိမ်ထောင်စုဇယား၊ ဘွဲ့လက်မှတ်များနှင့် ငွေသား ကျပ် ၁၀ သိန်းကို သိမ်းယူခဲ့ကြောင်း PDF စစ်ရုံးချုပ်က ပြောသည်။

ဇွန်လ ၁၈ ရက်တွင် PLA တပ်ဖွဲ့ဝင်များက ကျပ်သိန်း ၂၀၀၀ မပေးလျှင် ဦးသန်းအားသတ်ပစ်မည်ဟု ဦးသန်း၏ ဇနီးဖြစ်သူကို ခြိမ်းခြောက်လာကြောင်း၊ ဇနီးဖြစ်သူက တောင်သာမြို့နယ်အခြေစိုက် NUG ၏ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးထံ “ဆက်သွယ်အကူအညီတောင်းလာခဲ့” ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင်ပါသည်။

ထိုအခါ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဦးသန်းအား ခုနစ်ရက်အတွင်း ပြန်လွှတ်ရန်အပါအဝင် သိမ်းဆည်းထားသော ပစ္စည်းများကို ကာယကံရှင်ထံ ပြန်ပေးရန် PLA ထံ လူကိုယ်တိုင် စာပို့တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဇွန်လ ၁၉ ရက်တွင် PLA ဘက်က ပြန်မလွှတ်နိုင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ကြောင်းစာဖြင့် အကြောင်းပြန်လာသဖြင့် NUG ဘက်က မြင်းခြံခရိုင်အတွင်း နေထိုင်မည်ဆိုလျှင် တည်ဆဲဥပဒေကို လိုက်နာရန်နှင့် ဦးသန်းအား ပြန်လည်အပ်နှံရန် PLA ထံပြောရာ PLA ဘက်က ဗဟိုကို တင်ပြပြီး အကြောင်းပြန်မည်ဟု ပြောလာကြောင်း PDF စစ်ရုံးချုပ်ဘက်ကဆိုသည်။

ထို့နောက် ဇွန်လ ၂၂ ရက် နေ့လယ် ၁၂ နာရီတွင် ဦးသန်းကို PLA ဘက်က ပြန်လွှတ်ပေးခဲ့ပြီး ဦးသန်းကို တောင်သာမြို့နယ်၊ ဝဲလောင်းရွာနှင့်ရွာသစ်ရွာကြားတွင် ရိုက်နှက်ထားသော ဒဏ်ရာများဖြင့် သတိလစ်လျက် ပြန်တွေ့ခဲ့ရကြောင်း၊ သိမ်းဆည်းသွားသော ပစ္စည်းများလည်း ပြန်မရသေးဟု PDF ဘက်က ဆိုသည်။

PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဝေယံဖြိုးမိုးကမူ ဦးသန်းသည် စစ်တပ်ကို သတင်းပေးနေသူတစ်ဦးဖြစ်ကြောင်း၊ ဦးသန်းအား ဖမ်းဆီးသည့် ဖြစ်ရပ်မတိုင်မီတွင် တောင်သာမြို့နယ်အတွင်း လာရောက်လှုပ်ရှားနေသည့် ရဲဝန်ထမ်းတစ်ဦးနှင့် ၎င်း၏ အမျိုးသမီးကို PLA က ဖမ်းမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ စစ်တပ်သတင်းပေးကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း Myanmar Now ကိုပြောသည်။

ရဲဝန်ထမ်း၏ ပြောပြချက်အရ ဦးသန်းသည် စစ်တပ်သတင်းပေးတစ်ဦးဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးသန်းကိုယ်တိုင် စစ်တပ်ကို သတင်းပေးခဲ့သည်ဟု ထွက်ဆိုထားကြောင်း ရဲဘော်ဝေယံဖြိုးမိုးက ဆိုသည်။

ဦးသန်းအား ရိုက်နှက်နှိပ်စက်ခဲ့သည်ဆိုသည့် အချက်ကိုမူ ဒေသတာဝန်ခံများထံမှ သေချာမသိရသေးကြောင်း ရဲဘော်ဝေယံဖြိုးမိုးက ပြောသည်။

ဦးသန်း၏ ပိုင်ဆိုင်မှုများကိုမူ လက်ရှိအချိန်အထိ NUG ထံ မလွှဲပေးရသေးကြောင်း PLA ထံကသိရသည်။

NUG ၏ မြင်းခြံခရိုင်ကွပ်ကဲရေးမှူး ဦးခိုင်သည် မြင်းခြံခရိုင်အတွင်းမှ PLA တပ်များ ထွက်ခွာရန် PLA နိုင်ငံရေးမှူးထံပြောဆိုခဲ့ပြီး မထွက်ခွာလျှင် ဖမ်းဆီးမည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း၊ PLA ကို ကူညီနေသော ပြည်သူများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်းနှင့် ပြည်သူများကို စစ်ဆေးမေးမြန်းခြင်းများကို NUG လက်အောက်ခံတပ်များက ပြုလုပ်ထားသလို PLA ရဲဘော်တစ်ဦး၏ အစ်မကိုလည်း သေနတ်ဖြင့်ထောက်ကာ ဖမ်းခေါ်သွားကြောင်း PLA ဘက်က စွပ်စွဲထားသည်။

PLA ဘက်က ပြောဆိုချက်များနှင့်ပတ်သက်၍ NUG ၏ မြင်းခြံခရိုင် PDF ကွပ်ကဲရေးထံ Myanmar Now က အွန်လိုင်းမှတဆင့် စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ အဖြေမရသေးပေ။

NUG လက်အောက်ခံမဟုတ်သော ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) တို့ကမူ နှစ်ဖက်ကြားအရင်းခံ ပြဿနာကို တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် ဇွန်လ ၂၃ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန် တိုက်တွန်းသည်။

တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပြဿနာကို အင်အားသုံးမဖြေရှင်းဘဲ အပြန်အလှန် နားလည်မှု ၊ အသိအမှတ်ပြုမှု ၊ ယုံကြည်မှုတို့ဖြင့် ညှိနှိုင်းဖြေရှင်းရန်တောင်းဆိုကြောင်း PRF နှင့် PDO/PDA တို့က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button