ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအကြံပြုချက်များကို လိုက်နာရာတွင် မျှော်မှန်းချက်အောက် အလွန်အမင်း လျော့နည်းနေဆဲ ဖြစ်သဖြင့် အမည်ပျက်စာရင်းဆက်သွင်းထားသော မြန်မာကို ဆက်လက်တိုးတက်မှုမရှိလျှင် ယခုနှစ် အောက်တိုဘာလ၌ အမြင့်ဆုံးအဆင့် အရေးယူရန် စဉ်းစားမည်ဟု ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) က ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်သည်။
အာဏာသိမ်းစစ်အုပ်စုက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ဖွဲ့ခြင်း၊ နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို နိုင်ငံတကာနှင့် ပူးပေါင်း စုံစမ်းခြင်း၊ ဆက်စပ်ပစ္စည်းနှင့် ပိုင်ဆိုင်မှုများသိမ်းဆည်းခြင်းတို့ ရှိလာသော်လည်း အခြားအရေးတကြီးဆောင်ရွက်ရမည်များရှိသေးကြောင်း FATF ထုတ်ပြန်ချက်က ဆိုသည်။
၎င်းငွေကြေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ငွေကြေးခဝါချမှုနှင့် ဆိုင်သော လုပ်ငန်းလည်ပတ်မှုများ ဆန်းစစ်ခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်း၊ တရားမဝင် ရရှိလာသော ငွေကြေးများကို ငွေဖြူဖြစ်အောင် လျှော်ဖွပ်သည့် အဓိကကျသောလုပ်ငန်းများကို စုံစမ်း အရေးယူခြင်းကဲ့သို့ လုပ်ဆောင်ရန်လိုကြောင်း ထောက်ပြထားသည်။
အမေရိကန်၊ ယူကေ၊ ဥရောပနိုင်ငံကြီးများ၊ ဩစတေးလျ၊ တရုတ်၊ ဂျပန်နှင့် အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၄၀ ခန့် ပါဝင်သည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် FATF ၏ အသင်းဝင်ဖြစ်သော အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။ ထို့ကြောင့် FATF အဖွဲ့သည် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် လူအများအပြား သေကျေပျက်စီးစေနိုင်သော စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် အကြံပြုချက်များ ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။
သို့ရာတွင် ထိုအကြံပြုချက်၏ အနိမ့်ဆုံးစံသတ်မှတ်ချက်များကို လိုက်နာနိုင်ခြင်းမရှိသဖြင့် အာဏာသိမ်း စစ်တပ် လက်ထက် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းခဲ့ပြီး လေးနှစ်နီးပါးအကြာအထိ ဆက်ရှိနေကြောင်း FATF က ယခုလ ၁၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွက် အန္တရာယ်အရှိဆုံး အဆင့် တနည်းအားဖြင့် အမည်ပျက်စာရင်းတွင် ထည့်သွင်းထားပြီး တိုးတက်မှုမရှိလျှင် အီရန်နှင့် မြောက်ကိုးရီယားနိုင်ငံတို့ကို ဆောင်ရွက်သကဲ့သို့ တန်ပြန်အရေးယူမှု (countermeasures) ပြုရမည့် နိုင်ငံအဖြစ် သတ်မှတ်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တန်ပြန်အရေးယူမှု ဆိုသည်မှာ အမည်ပျက်စာရင်းသွင်းခံထားရသော နိုင်ငံတစ်နိုင်ငံကို အခြား FATF အဖွဲ့ဝင်နိုင်ငံများနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများက ဘဏ်လုပ်ငန်းဆိုင်ရာများမဆောင်ရွက်တော့ရန် ဖြစ်စေ၊ အရေးယူခံရသည့်နိုင်ငံမှ ငွေကြေးအဖွဲ့အစည်းများအား လက်အောက်ခံရုံး၊ ရုံးခွဲ (ဘဏ်ခွဲ)၊ ကိုယ်စားလှယ်ရုံးစသည်တို့ကို ဖွင့်ခွင့်ငြင်းခြင်းဖြစ်စေ၊ ထိုနိုင်ငံမှ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများနှင့် ငွေပေးငွေယူ ကိစ္စများကို ကန့်သတ် သို့မဟုတ် လုံးဝရပ်ဆိုင်းခြင်းဖြစ်စေ စသည်တို့အနက်မှ တစ်ခုသော် လည်းကောင်း၊ အားလုံးကိုလည်းကောင်း ဆောင်ရွက်ရန် FATF က တိုက်တွန်းနှိုးဆော်ခြင်းဖြစ်သည်။
လက်ရှိတွင် FATF ၏ အမည်ပျက်စာရင်း အသွင်းခံထားရသည့် နိုင်ငံသုံးနိုင်ငံထဲတွင် မြန်မာနှင့်အတူ မြောက်ကိုရီးယားနှင့် အီရန်တို့ပါဝင်နေသည်။ အဆိုပါ နှစ်နိုင်ငံသည် ‘ကမ္ဘာ့အဆင့် အပြည့်အဝ တန်ပြန်အရေးယူ’ ခံထားရသည့် နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံမှာမူ Enhanced Due Diligence (EDD) ပြုလုပ်ရမည့်နိုင်ငံစာရင်းတွင် ရှိနေသည်။ EDD ဆိုသည်မှာ မြန်မာနိုင်ငံမှ ဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများနှင့် အလုပ်လုပ်မည်ဆိုလျှင် အခြားနိုင်ငံများအနေဖြင့် ယုံကြည်မှုချက်ချင်း မပေးသေးဘဲ သေချာစွာ နောက်ကြောင်းပြန်လိုက် စိစစ်ရန် လိုအပ်ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာတွင် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်ကြီးထွားနေဆဲဖြစ်ပြီး တရားမဝင် ငွေကြေးလွှဲပြောင်းမှုများလည်းရှိနေဆဲဖြစ်သည်ဟု အထက်ပါ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။
သမ္မတရာထူးရယူထားသည့် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ကမူ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သွားရောက်ခဲ့သော တရုတ်နိုင်ငံခရီးစဉ်၌ CCTV သတင်းဌာနနှင့် တွေ့ဆုံစဉ် အွန်လိုင်းလိမ်လည်မှုများက ကြီးမားသည့်စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် တိုက်ဖျက်ရေးဆောင်ရွက်နေကြောင်း ထည့်သွင်းပြောခဲ့သည်။
“ဥပဒေအရ ထိထိရောက်ရောက် ပြစ်ဒဏ်ပေးဖို့လိုတယ်။ နိုင်ငံတွေကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လည်း လိုတယ်။ ဒါမှသာ အွန်လိုင်းလိမ်လည်မှုဆိုတာ ပျောက်သွားမှာ။ ကမ္ဘာမှာ ကြီးမားစွာ ရင်ဆိုင်နေရတဲ့ ပြဿနာ ဒီတစ်ခု ရှိနေတာ ကျွန်တော်တွေ့ပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှုနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ပြောချင်တယ်” ဟု ၎င်းက ထည့်သွင်းပြောခဲ့သည်။
ယခုနောက်ပိုင်း ကျယ်ပြန့်လာသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းများမှ ရရှိလာသောငွေကြေး များကို ငွေကြေးခဝါချမှုများမပြုလုပ်နိုင်ရန် ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများအတွက် လုံလောက်သည့် ဥပဒေပြဋ္ဌာန်းချက်များမတွေ့ရသေးကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူ အမျိုးသား တစ်ဦးက ပြောသည်။
FATF အဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများက တန်ပြန်အရေးယူရမည့်နိုင်ငံအဖြစ် မြန်မာကို သတ်မှတ် ထည့်သွင်းခံရလျှင် နိုင်ငံတကာဘဏ္ဍာရေးစနစ်နှင့် ပိုမိုအဆက်ပြတ်သွားနိုင်ပြီး ပြည်ပငွေကြေးလွှဲ ပြောင်းမှုများ ပိတ်ဆို့သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
“ပစ္စည်းဝယ်တာတို့ ဘာတို့ကအစ မြန်မာနိုင်ငံအပေါ်မှာ အများကြီး သက်ရောက်မှုရှိတာပေါ့။ ပစ္စည်းတွေ ဝယ်လို့မရတော့ဘူး။ နိုင်ငံတကာ ကုန်သွယ်မှုမှာ ပြဿနာတွေရှိမယ်။ ဒီလူတွေဟာ တကယ်ပဲ Due Diligence နဲ့ညီလား၊ မညီလားဆိုတာ နိုင်ငံတကာကလည်းဆက်ပြီးစောင့်ကြည့်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
စစ်ရေးပစ်မှတ်များအပြင် အရပ်သားနေအိမ်များကိုပါ ဗုံးကြဲတိုက်ခိုက်နေသည့် မြန်မာစစ်တပ်သည် အကြမ်းဖက်မှုများကို ကိုယ်တိုင်ကျူးလွန်နေသူဖြစ်၍ ထိုကျူးလွန်မှုများနှင့်ပတ်သက်သည့် ငွေကြေးပံ့ပိုးမှုကို ချေဖျက်ရန် မလွယ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။
ဘဏ်လုပ်ငန်းနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးကလည်း FATF ၏ တန်ပြန်အရေးယူရမည့်နိုင်ငံစာရင်းတွင် အသွင်းခံရလျှင် မြန်မာနိုင်ငံသားနှင့် မြန်မာကုမ္ပဏီများအနေဖြင့် ပြည်ပတွင် ဘဏ်စာရင်းဖွင့်ခွင့်မရခြင်း၊ ပြည်တွင်း၌ နိုင်ငံခြားဘဏ်များ ဝင်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ခြင်း၊ ရှိနှင့်ပြီးဘဏ်များကို ဘဏ်ခွဲများတိုးချဲ့ခွင့် ကန့်သတ်ခြင်း၊ ငွေကြေး လွှဲပြောင်းမှုများကို ပိုမိုတင်းကျပ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။
အမည်ပျက်စာရင်းတွင် ဆက်လက်ထည့်သွင်းခံရပြီး တိုးတက်မှုမရှိလျှင် ထပ်တိုး အရေးယူမည့်အစီစဉ်များနှင့်ပတ်သက်၍ တုံ့ပြန်ချက်ရရန် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဇော်ဦး ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
မြန်မာနိုင်ငံသည် FATF အမည်ပျက်စာရင်းကို ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိပါဝင်ခဲ့ဖူးပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလက တကျော့ပြန်အမည်ပျက်စာရင်းအသွင်းခံရချိန် အမည်ပျက်စာရင်းမှ အမြန်ဆုံး ပြန်လွတ်ရန် စီစဉ်နေကြောင်း စစ်တပ်က ထိုစဉ်၌ ထုတ်ပြန်ခဲ့သည်။



