အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတိုင်းတွင် ရဟတ်ယာဉ် ၁ စီးကို တော်လှန်ရေးအဖွဲ့များ ဒရုန်းဖြင့် ပစ်ခတ်ဖျက်ဆီး

ရဟတ်ယာဉ်တစ်စီးနှင့် စစ်သားအများအပြား ရှိနေကြစဉ် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ် ကိုယ်ထည်ထိမှန်ကာ စစ်သားများ ထွက်ပြေးခဲ့ကြရသည်။ 

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ရဟတ်ယာဉ်ကွင်းတွင် ရပ်နားနေသည့် ရဟတ်ယာဉ် တစ်စီးကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း မကွေး- ပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway- PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ထုတ်ပြန်သည်။

အဆိုပါရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ သေဆုံးထိခိုက်မှု ရှိခဲ့သည်ဟု တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်များက ဆိုကြသည်။ 

​​“ ဒီနေ့ပစ်ချနိုင်ခဲ့တာပါ‌။ မြိုင်နယ်တနေရာမှာပါ” ဟု မကွေး-ပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway – PDF) တာဝန်ရှိသူတစ်ဦးက ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြစ်သော ပခုက္ကူခရိုင်ပကဖ၊  ပေါက်ပကဖ၊ မြိုင်ပကဖနှင့် မင်းဘူးခရိုင်အမှတ် (၄ ) တပ်ရင်းသင်တန်းသားများ အပါအဝင် NUG လက်အောက်မှ မဟုတ်သော မကွေး- ပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway- PDF) ၊  အညာဖိုက်တာ Localတပ်ဖွဲ့၊ စကား ပြောက်ကျားတပ်ဖွဲ့တို့က  ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပကဖအသံ သတင်းနှင့်ပြန်ကြားရေးကလည်း ရုပ်သံဖိုင်နှင့် ထုတ်ပြန်ထားပြီးအဆိုပါရုပ်သံဖိုင်တွင် စစ်ရဟတ်ယာဉ်တစ်စီး ရပ်ထားကာ စစ်သား ၂၀ ထက်မနည်း တွေ့ရပြီး ပစ္စည်းအတင်အချများ ပြုလုပ်နေစဉ် ဒရုန်းပျံသန်းလာသောကြောင့်  စစ်သားများ ထွက်ပြေးရှောင်တိမ်းခဲ့သည်ကို တွေ့ရသည်။ ခဏအကြာ ရဟတ်ယာဉ်ကိုယ်ထည်ပေါ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသည်ကို ရုပ်သံမှာ မြင်ရသည်။

“ တော်လှန်ရေးအဖွဲ့ဘက်ကသူတွေက ဆူဆိုက်ဒရုန်းနဲ့ ပစ်လိုက်တာ ၊ Mi-17 လုံးဝပျက်စီး ပြန်သုံးမရတော့ဘူး ” ဟု ဒေသတွင်းစစ်ရေးသတင်းရစ်မြစ်တစ်ဦးက ဆိုသည်။​

အဆိုပါရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အဆိုပါနေရာအနီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မကွေးအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်အမျိုးသား အခြားတစ်ဦးက ယမန်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်က ပြောသည်။  

“ ခုတော့ Y-12 တွေ MI 30 တွေ ဂျက်ဖိုက်တာတွေနဲ့ အဲဒီနေရာနားလေး ပစ်ခတ်တိုက်ခိုက်နေတာပေါ့။ စစ်တပ်က နယ်မြေကို အပြောင်ရှင်းမှာဆိုတဲ့စက်သံတွေတော့ ကြားနေရတယ်” ဟု ၎င်းက ပြောသည်။

ရေနံသယံဇာတများ ထွက်သော မြိုင်မြို့နယ်တွင် NUG တပ်များအပြင် မကွေး- ပြည်သူ့ကာကွယ်ရေး တပ်မတော် (Magway- PDF) ကဲ့သို့ အင်အားကောင်းသော ဒေသကာကွယ်ရေးအဖွဲ့များလည်း အခြေ စိုက်ကြသည်။ 

မြိုင်မြို့နယ်တွင် ရဟတ်ယာဉ်ပစ်ခတ်ခံနေရကြောင်း ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- ပကဖအသံ Screengrab)

ဒရုန်းတိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူများ သေဆုံး၊ ဒဏ်ရာရသည်ဆိုသည့် ပြောဆိုချက်များနှင့်ပတ်သက်၍  Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို နောက်ဆက်တွဲ အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်လေယာဉ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ 

ယမန်နှစ် ဇွန်လ ၁၀ ရက်က စစ်ကိုင်းတိုင်း ပုလဲနယ် ကန်ဒေါင့်ရွာစခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ပစ်ချခဲ့သဖြင့် တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့သည်။

အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က တိုက်လေယာဉ် နှစ်စီးထက်မနည်း ပစ်ချမှု ရှိခဲ့သည်။  ထို့ပြင် ၂၀၂၅ ခုနှစ် မေလအတွင်း ဗန်းမော်မြို့ပေါ်ကို ဆင်းသက်လာသည့် ရဟတ်ယာဉ် သုံးစီးအနက် နှစ်စီးကို  KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေး (KPDF) ပူးပေါင်းတပ်များက တိုက်ခိုက်နိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်ကလည်း ကရင်နီဒေသတွင် လေယာဉ် နှစ်စီး ပစ်ချခံရသောကြောင့်  ပျက်ကျခဲ့သည်။၂၀၂၄  ခုနှစ် နိုဝင်ဘာလ ၁၀ ရက်ကလည်း ရခိုင်ပြည်နယ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ သို့ လာသည့် စစ်ရဟတ်ယာဉ်တစ်စီး အာရက္ခတပ်တော် (AA) က ပစ်ခတ်ခဲ့သဖြင့် မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်။ 

မြိုင်မြို့နယ်အတွင်း ရဟတ်ယာဉ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်အထိ စစ်တပ်က တစုံတရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button