ထိုင်း- မြန်မာ အိမ်နီးချင်းဆက်ဆံရေးသည် သမိုင်းတလျှောက် အတက်အကျများ ရှိခဲ့သည်။ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းစဉ်က အာဏာသိမ်းအစိုးရကို ပထမဆုံး အသိအမှတ်ပြုဆက်ဆံခဲ့သည်မှာ ထိုင်းနိုင်ငံ ဖြစ်သည်။ သို့သော် ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်းရောက်လာသည့်အခါ ထိုင်း- မြန်မာ နယ်စပ် စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီး၊ စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ စစ်အစိုးရသည် ထိုင်းမုန်းတီးရေးကို အခြေခံပညာ သင်ခန်းစာများထဲအထိ ပြဋ္ဌာန်းလိုက်ပြီး၊ ကျောင်းသားလူငယ်များအကြား ဝါဒဖြန့် တိုက်ခိုက်သည်အထိ ပြင်းထန်ခဲ့သည်။
ထိုကာလတွင် သန်းရွှေ စစ်အစိုးရက ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် “လေယူရာယိမ်း” မူဝါဒ ဖြစ်သည်၊ စံတန်ဖိုးများအပေါ်ကို သိက္ခာရှိရှိ ခိုင်မြဲစွာရပ်တည်လေ့မရှိဘဲ၊ ကိုယ်ကျိုးစီးပွားအတွက်ဆိုလျှင် “မူ” ပြောင်းတတ်သော နိုင်ငံအဖြစ် ပုတ်ခတ်တိုက်ခိုက်ခဲ့သည်။ သို့သော် ယခုအခါ သန်းရွှေ၏ အရိုက်အရာကိုဆက်ခံသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ဆရာသမား သန်းရွှေတိုက်ခိုက်ခဲ့သော ထိုင်း၏ လေယူရာယိမ်း မူဝါဒ အကျိုးကျေးဇူးကို ခံစားနေရပြီ ဖြစ်သည်။
ဤတစ်ကြိမ် ထိုင်းအစိုးရသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များက မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်မပြုဘဲ၊ ပဋိညာဉ်စာတမ်းအရ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်ပိတ်ပင် အရေးယူထားသည့် ‘ဘုံ’ ဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားခဲ့သော မင်းအောင်လှိုင်ကို လက်ခံကြိုဆိုခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် အာဆီယံ၏ “မူ” အတိုင်း ရပ်တည်ခြင်းထက် မင်းအောင်လှိုင်နှင့် ဆက်ဆံခြင်းက ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်မည်ဟု ထိုင်းအစိုးရ ယုံကြည်၍ “မူ” ပြောင်းခဲ့ခြင်း ဖြစ်သည်။
ဩဂုတ်လ ၆ ရက်တွင် ဘန်ကောက်မြို့တော်ရှိ အစိုးရအိမ်တော်၌ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်းက မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကော်ဇောနီခင်း ကြိုဆိုခဲ့သည်။ ထိုလုပ်ရပ်သည် ၁၉၆၇ ခုနှစ် “ဘန်ကောက်ကြေညာစာတမ်း” ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော အာဆီယံ အသင်းကြီးမွေးဖွားရာ အိမ်ရှင်ထိုင်းနိုင်ငံ၏ သမိုင်းဂုဏ်သိက္ခာကို အိုးမဲသုတ်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ဝန်ကြီးချုပ်အနုတင် ဦးဆောင်သော ထိုင်းအစိုးရသည် မြန်မာ့ပဋိပက္ခမှ စီးပွားရေးအကျိုးအမြတ် ထုတ်ယူနိုင်မည့် အလားအလာကို ကောင်းစွာတွက်ချက်ထားပြီး ဖြစ်ပေလိမ့်မည်။ ဝန်ကြီးချုပ် အနုတင်၏ ထိုလုပ်ရပ်သည် အာဆီယံပဋိညာဉ်စာတမ်း၏ စံတန်ဖိုးများနှင့် အခြေခံမူများကို လိုက်နာရန် အဖွဲ့ဝင်နိုင်ငံ တစ်ခု၏ တာဝန်ရှိမှုကို ကျောခိုင်းလိုက်ခြင်းလည်း ဖြစ်သည်။ ထို့အပြင် မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံ အဖွဲ့ကြီး၏ ကြိုးပမ်းမှုများနှင့် အာဆီယံဗဟိုပြုမှု (ASEAN Centrality) ကို များစွာ ထိခိုက်သွားစေသည်။
သတိထားသင့်သော ဆီဟာဆတ်၏ လျှာနှစ်ခွ သံတမန်ရေး လှည့်စားချက်
ထိုင်းအစိုးရအဖွဲ့ထဲ မြန်မာနှင့် ဆက်ဆံရေးမူဝါဒကို အဓိက ကြိုးကိုင်ပုံဖော်နေသူမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖြစ်သည်ဟု သိရသည်။ ဝန်ကြီးဆီဟာဆတ်သည် လက်ရှိရာထူး မရရှိချိန်ကတည်းက ၂၀၂၅ ခုနှစ် နေပြည်တော်တွင် ကျင်းပခဲ့သော၊ မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောလေ့ရှိသော ငြိမ်ချမ်းရေး ဖိုရမ်များသို့ ပုံမှန်တက်ရောက်လေ့ရှိသူတစ်ဦး ဖြစ်သည်။
ဝန်ကြီးဆီဟာဆတ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း ဆေထာ ထဝီဆင် (Sretha Thavisin) လက်ထက် ၂၀၂၃-၂၄ ခုနှစ်ကာလတွင် နိုင်ငံခြားရေးဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး၊ ထိုစဉ်က မြဝတီမြို့မှ နယ်စပ်ဖြတ်ကျော်၍ စစ်ဘေးဒုက္ခသည်များထံ လူသားချင်းစာနာမှုအကူအညီပေးရေး အစီအစဉ်တစ်ခုကို ထိုင်းနှင့် မြန်မာ ကြက်ခြေနီအဖွဲ့များ အကောင်အထည်ဖော်နိုင်ရန် နေပြည်တော်၏သဘောတူညီချက်ကို ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။
ထို့ကြောင့် ဆီဟာဆတ်သည် နိုင်ငံခြားရေး ဒုဝန်ကြီးဘဝ ကတည်းက မြန်မာ့ပြဿနာနှင့် နီးနီးကပ်ကပ် ထိစပ် နေသူတစ်ဦး ဖြစ်ပြီး၊ လက်ရှိထိုင်းအစိုးရအဖွဲ့အတွင်း နေပြည်တော်နှင့် တရင်းတနှီးရှိနေသူ၊ နေပြည်တော်၏ ယုံကြည်မှုရရှိထားသူ ဖြစ်သည်။
ဝန်ကြီးချုပ်အနုတင် အစိုးရတွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည့်အခါ အာဆီယံ၏ မြန်မာ့အရေးကိုင်တွယ် ဆောင်ရွက်မှု ရှေ့မတိုးနောက်မဆုတ် အခြေအနေကို အခွင့်ကောင်းယူ၍ ထိုင်းနိုင်ငံက ထွက်ပေါက်ရှာပေးမည့်အလား မင်းအောင်လှိုင်နှင့် “ပြန်လည်ချိန်ညှိ ထိတွေ့ဆက်ဆံရေး” (Calibrated Engagement) အယူအဆကို အာဆီယံအဖွဲ့ဝင်များအကြား စည်းရုံးလှုံ့ဆော်လာသူ ဖြစ်သည်။
စင်စစ် ဆီဟာဆတ်၏ အယူအဆသည် အသစ်အဆန်း မဟုတ်ဘဲ၊ သံတမန်ရေး လှည့်စားချက်သက်သက်သာ ဖြစ်သည်။ ယခင် အာဏာရှင်ဟောင်း သန်းရွှေလက်ထက် နိုင်ငံတကာအသိုက်အဝန်းက ကန့်ကွက်နေသည့် ကြားမှ မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည့် ကာလများ၌ တွင်တွင်ကျယ်ကျယ် သုံးနှုန်းခဲ့သော “အပြုသဘောဆက်ဆံရေး” (Constructive Engagement) အသုံးအနှုန်းကို စကားလုံးပြောင်းလဲထားခြင်းမှ လွဲလျင် အဓိပ္ပာယ်အနှစ်သာရ ပြောင်းလဲခြင်း မရှိပါ။ ထိုအချက်ကို ဩဂုတ်လ ၆ ရက်တွင် ထိုင်းအစိုးရအိမ်တော်၌ ဝန်ကြီးချုပ်အနုတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သော ဝန်ကြီးဆီဟာဆတ်၏ နှုတ်ထွက်စကားများတွင် လေ့လာတွေ့ရှိရသည်။
ထိုင်းအစိုးရ၏ မင်းအောင်လှိုင်ကို တရားဝင်အသိအမှတ်ပြု ဆက်ဆံလာခြင်းအတွက် သတင်းထောက်များက မေးခွန်ထုတ်ကြသည့်အခါ ဝန်ကြီးဆီဟာဆတ်က ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေသဖြင့် မြန်မာ့ပြဿနာသည် ထိုင်းနိုင်ငံကို တိုက်ရိုက်သက်ရောက်မှုများ ရှိနေသဖြင့် မဆက်ဆံ၍မရဟု ကာကွယ်ဖြေရှင်း သွားခဲ့သည်။ ထိုအချက်က ထိုင်းအစိုးရသည် အာဆီယံက ချမှတ်ထားသော မင်းအောင်လှိုင်ကို အသိအမှတ်မပြုရေး ဘုံရပ်တည်ချက်မှ လမ်းခွဲထွက်ခဲ့ကြောင်း ဝန်ကြီး ဆီဟာဆတ်က သွယ်ဝိုက်၍ ဝန်ခံလိုက်ခြင်းဖြစ်သည်။
စင်္ကာပူအခြေစိုက် Channel News Asia သတင်းထောက်ကလည်း ထိုင်းနိုင်ငံက မင်းအောင်လှိုင်ကို တရားဝင်မှု (Legitimacy) ဆုလဒ်ကြီး ပေးလိုက်ပြီး၊ ၎င်းထံမှ မည်သည့် ကတိကဝတ်များ ပြန်လည်ရရှိခဲ့သနည်းဟု မေးမြန်ခဲ့ရာ ဝန်ကြီးဆီဟာဆတ်က တရားဝင်မှုဆုလဒ်ကြီး ပေးလိုက်ခြင်းမဟုတ်ပါ ဟု ငြင်းဆိုခဲ့ပြန်သည်။ ထိုနောက် “အာဏာလက်ကိုင် ရှိထားသူနှင့် စကားပြောခြင်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်ပြီး၊ တရားဝင်မှုပေးခြင်းနှင့် မသက်ဆိုင်ဘဲ အရှိတရားနှင့်သာ သက်ဆိုင်သည်” ဟု ကာကွယ်ဖြေဆိုသွားခဲ့သည်။
ဝန်ကြီး ဆီဟာဆတ်၏ အထက်ပါဖြေဆိုချက်များသည် ၎င်းတီထွင်သုံးစွဲခဲ့သော “ပြန်လည်ချိန်ညှိခြင်း” အသုံး အနှုန်း၏ အဓိပ္ပာယ်နှင့် လုံးလုံးလျားလျား ကိုက်ညီခြင်းမရှိပေ။ မင်းအောင်လှိုင်မှာ အာဏာလက်ဝယ်ရှိသူဖြစ် ခြင်းကြောင့် ၎င်းနှင့်ဆက်ဆံခြင်းသည် အကောင်းဆုံးနည်းလမ်းဆိုသည့် ပြောဆိုချက်သည် ထိုင်းအစိုးရ၏ ဒီမိုကရေစီစံတန်ဖိုးများနှင့် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများကို စွန့်ပစ်လိုက်ပြီဟု ပြောဆိုရာရောက်ပါသည်။
ထို့အပြင် ဆီဟာဆတ်က ၎င်းအဆိုပြုခဲ့သော “ပြန်လည်ချိန်ညှိ ထိတွေ့ဆက်ဆံရေး” အယူအဆသည် နှစ်လမ်းသွား (Two-way Street) ဟု အကြိမ်ကြိမ် ပြောဆိုလျက်ရှိသော်လည်း မင်းအောင်လှိုင်ထံက မည်သည့် ကတိကဝတ် ရရှိခဲ့သနည်း ဟု သတင်းထောက်များ၏ မေးမြန်းချက်ကို ၎င်းတို့ဘက်က သတင်းစကားပေးခဲ့ခြင်းသာ ဖြစ်ပြီး၊ တောင်းဆိုခြင်းမဟုတ် ဟူသော ပြောကြားချက်က ဆီဟာဆတ်၏ “လျှာနှစ်ခွ” သံတမန်ရေး လှည့်စားချက်အဖြစ် ရုပ်လုံးပေါ်ထင်ရှားလာသည်။
စင်စစ် ဝန်ကြီးဆီဟာဆတ်၏ “ပြန်လည်ချိန်ညှိ ထိတွေ့ဆက်ဆံရေး” အယူအဆမှာ ထိုင်းအကျိုးစီးပွားရှေ့ရှုသော ထိတွေ့ဆက်ဆံရေး (Thailand’s self-interest-oriented engagement) သာ ဖြစ်သည်။ ထိုင်းအစိုးရ၏ မြန်မာမူဝါဒ အတွင်းသရုပ်မှန်သည် ခေတ်ကာလတိုင်း မပြောင်းမလဲ တသတ်မတ်သည်း မှန်ကန်လျက်ရှိပြီး၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာကြီးများ ပေါ်ပေါက်လာတိုင်း ပဋိပက္ခကြားမှ အကျိုးအမြတ်ထုတ်လေ့ရှိသော အိမ်နီးချင်းနိုင်ငံ ဖြစ်သည်။
မြန်မာ့ပြည်တွင်းရေးပြဿနာ ကြီးမားလေလေ၊ မြန်မာ့သယံဇာတ ရင်းမြစ်များကို ပြိုင်ဘက်မရှိ လက်ဝါးကြီး အုပ် ထုတ်ယူခွင့်ရရှိရန် ကြိုးပမ်းလေ့ရှိပြီး၊ ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား အကျိုးဖြစ်ထွန်းရေးကို တစိုက် မတ်မတ် လုပ်ဆောင်လေ့ ရှိသည်။ ထိုအတွင်းသရုပ်မှန်ကို သက်သေပြရမည်ဆိုလျှင် ထိုင်းနိုင်ငံသည် ၁၉၈၈ ခုနှစ် အာဏာသိမ်း စစ်အစိုးရကို ပထမဆုံး အသိအမှတ်ပြု ထိတွေ့ဆက်ဆံခဲ့သော နိုင်ငံဖြစ်သည်ဟူသော အချက်ကို ပြရမည် ဖြစ်သည်။
ထိုစဉ်က နိုင်ငံခြားငွေရှားပါးမှုကြောင့် ဗိုလ်ချုပ်ကြီး စောမောင်၏ အာဏာသိမ်း စစ်အစိုးရ အကျပ်အတည်း ဆိုက်နေသည်ကို “အိမ်နီးချင်းကောင်းပီသစွာ” ဆိုသည့် အလွန်လှပသော သံတမန် စကားလုံးများသုံး၍ ပါဝင်လှုပ်ရှားလာသည်၊ ထိုင်း- မြန်မာနယ်စပ် သစ်တောများမှ အဖိုးတန် ကျွန်းသစ်များ အပါအဝင် သစ်တောသယံဇာတများ ထုတ်ယူခွင့်နှင့် မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်လိုင်စင်များကို ထိုင်းကုမ္ပဏီအများအပြားရရှိကာ အကျိုးခံစားသွားသည့် သာဓကများ ရှိခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်မစတင်မီ ရက်ပိုင်းအလို ဇူလိုင်လ ၃၁ ရက်တွင် မုတ္တမ ကမ်းလွန်ရှိ အောင်သိင်္ခသဘာဝဓာတ်ငွေ့သိုက် (M-3 လုပ်ကွက်) မှ သဘာဝ ဓာတ်ငွေ့ ထုတ်ယူ၍ မြန်မာပြည်တွင်း အသုံးပြုရန် ရောင်းချခြင်း သဘောတူစာချုပ်ကို ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီနှင့် နိုင်ငံတကာပိတ်ဆို့ အရေးယူဒဏ်ခတ်ခံထားရသော Myanma Oil and Gas Enterprise (MOGE) တို့က နေပြည်တော်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အချိန်ကိုက် ချုပ်ဆိုခဲ့သော အဆိုပါ ဒေါ်လာဘီလီယံချီ အကျိုးအမြတ်ရရှိနိုင်မည့် စီးပွားရေးစာချုပ်ကို မင်းအောင်လှိုင် ဘန်ကောက်ရောက်လျှင် ကော်ဇောနီခင်း ကြိုဆိုမည်ဟူသော အသိအမှတ်ပြုမှုနှင့် လဲလှယ်လိုက်ခြင်း ဖြစ်သည်။
မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်များကို လက်ဝါးကြီးအုပ်ခွင့်ရလာသော ထိုင်းနိုင်ငံ
၂၀၂၁ ခုနှစ် အရပ်သားအစိုးရကို ဖြုတ်ချ စစ်အာဏာသိမ်းခြင်း၊ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ် ခြင်းဖြင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကို ကျူးလွန်သော ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာခဲ့ကြသည်။ ထိုကုမ္ပဏီကြီးများထဲတွင် ပြင်သစ်နိုင်ငံ အခြေစိုက် ‘တိုတယ်’ ရေနံကုမ္ပဏီကြီးနှင့် မလေးရှားအစိုးရပိုင် ‘ပက်ထရိုနပ်’ ရေနံကုမ္ပဏီကြီးတို့သည် ဆယ်စုနှစ် နှစ်ခုကျော် အဓိက ရင်းနှီးမြှုပ်နှံထားသော တနင်္သာရီ ကမ်းလွန်ရှိ “ရတနာ” နှင့် “ရဲတံခွန်” သဘာဝဓာတ်ငွေ့စီမံကိန်းများကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံမှ ထွက်ခွာ သွားခဲ့ကြသည်။
မြန်မာ့ပဋိပက္ခကြားမှ အကျိုးအမြတ်ထုတ်ယူနိုင်မည့် အလားအလာကို သမိုင်းအတွေ့အကြုံအရ ကောင်းစွာ သိရှိထားသော ထိုင်းအစိုးရသည် ကမ္ဘာကြီးက မည်သို့ပင်ဖယ်ကြဉ်ထားပါစေ၊ အာဏာသိမ်းစစ်ခေါင်းဆောင် နှင့် အသံတိတ်ဆက်ဆံရေး ထူထောင်ခဲ့ပြီး၊ မူလက ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်များတွင် အစု ရှယ်ယာ ၂၀ ရာခိုင်နှုန်းကျော်သာ ပိုင်ဆိုင်ထားသော PTTEP သည် တိုတယ်နှင့် ပက်ထရိုနပ် ကုမ္ပဏီများ၏ အစုရှယ်ယာများကို ထပ်မံဝယ်ယူလိုက်ပြီး၊ ထိုသဘာဝဓာတ်ငွေ့သိုက်များ၏ အစုရှယ်ယာအများစု ပိုင်ရှင်နှင့် ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဩဂုတ်လ ၆ ရက်တွင် ဘန်ကောက်မြို့၌ ကျင်းပခဲ့သော “ထိုင်း- မြန်မာစီးပွားရေး မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု” (Thailand- Myanmar Business Partnership) ဖိုရမ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် အနုတင် ရှေ့မှောက်တွင် “မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည့် အချိန်တိုင်းတွင် ထိုင်းနိုင်ငံသည် မိတ်ဆွေကောင်းပီသစွာ အစဉ်ရပ်တည်ပေးခဲ့ပြီး နားလည်မှု၊ ယုံကြည်မှုနှင့် အပြန်အလှန် လေးစားမှုများကို အခြေခံ၍ ကူညီပံ့ပိုးမှုများအတွက် အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း” ပြောဆိုခဲ့သည်။
ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေသိုက်များမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ၁၉၉၇ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်မှ စတင်၍ PTTEP ၏ မိခင်ကုမ္ပဏီ ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက နှစ်ရှည်စာချုပ်များဖြင့် ဝယ်ယူထားပြီး၊ ထိုင်းနိုင်ငံသို့ ပိုက်လိုင်းများဖြင့် တင်ပို့ရောင်းချခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးခန့် ရှိနေပြီ ဖြစ်သည်။ ထို့အပြင် မုတ္တမကမ်းလွန်ရှိ ဇောတိက သဘာဝဓာတ်ငွေ့သိုက်ကို PTTEP က အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး သဘာဝဓာတ်ငွေ့များကို ထုတ်ယူကာ ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။
ယခုအခါ အောင်သိင်္ခ သဘာဝဓာတ်ငွေ့စီမံကိန်းသည် PTTEP ၏ လေးခုမြောက် စီမံကိန်းဖြစ်ပြီး၊ တနင်္သာရီ ကမ်းလွန်နှင့် မုတ္တမကမ်းလွန် သဘာဝဓာတ်ငွေ့သိုက် လေးခုကို PTTEP ကုမ္ပဏီက လက်ဝါးကြီးအုပ် ထုတ်ယူ အကျိုးအမြတ်ခံစားခွင့် ရရှိထားသည့်အခြေအနေ ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းက ထိုင်းနိုင်ငံ၏ မဟာဗျူဟာအကျိုးစီးပွားမှာ ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု တည်ငြိမ်ရေးအတွက် အဓိကကျသော စွမ်းအင်လုံခြုံရေးအတွက် မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ သယံဇာတများကို လက်ဝါးကြီးအုပ်ခွင့် ရရှိရေးပင်ဖြစ်သည်။
ထိုင်းခရီးစဉ်အတွင်း မင်းအောင်လှိုင်၏ စွမ်းအင်ဝန်ကြီး ကိုကိုလွင်သည် ထိုင်းစွမ်းအင်ဝန်ကြီး Mr. Akanat Promphan နှင့် ဆွေးနွေးခဲ့ပြီး၊ မြန်မာ့ကမ်းလွန်မှ အလားအလာကောင်းသော သဘာဝဓာတ်ငွေ့သိုက် အသစ်များ ရှာဖွေတူးဖော်ထုတ်လုပ်ရေးတွင် ထိုင်းနိုင်ငံ ပိုမိုရင်းနှီးမြှုပ်နှံရန် ဆွေးနွေးခဲ့သည်ဟု စစ်အုပ်စု ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
ထိုခရီးစဉ်တွင် မြန်မာ့ရေနံသူဌေးကြီး မိုက်ကယ်မိုးမြင့် ပါဝင်သည်ကို လေ့လာတွေ့ရှိရသည်။ မိုက်ကယ်မိုးမြင့်သည် MPRL E&P ရေနံကုမ္ပဏီကို ပိုင်ဆိုင်ပြီး၊ မြန်မာနိုင်ငံ ခရိုနီသူဌေးများထဲတွင် တစ်ဦးတည်းသော ရေနံသူဌေးဟု ဆိုနိုင်ပါသည်။ MPRL E&P သည် ဧရာဝတီတိုင်းအနောက်ဘက် ၁၀,၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက်အမှတ် A-6 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခွင့် လိုင်စင်ကို စစ်အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်ကတည်းက ရရှိထားသူ ဖြစ်သည်။ ထို့အပြင် ကုန်းတွင်းရေနံမြေတစ်ခုဖြစ်သော “မန်း” ရေနံမြေကိုလည်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့်တွဲဖက် လုပ်ကိုင်လျက်ရှိသည်။
၂၀၁၂ – ၂၀၁၆ ခုနှစ်များအတွင်း A-6 လုပ်ကွက်အတွင်း ပြည်သာ (၁) နှင့် ရွှေရည်ထွန်း (၁) အစမ်းတွင်းများမှ စီးပွားဖြစ်ထုတ်ယူနိုင်မည့် သဘာဝဓာတ်ငွေ့များ ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ တွေ့ရှိမှုသည် အာဆီယံ ဒေသတွင်း ကမ်းလွန်ရေနက်ပိုင်းမှ ပထမဆုံး သဘာဝဓာတ်ငွေထုတ်ယူမှု ဖြစ်လာမည်ဟု MPRL E&P ကုမ္ပဏီ က ကြွေးကြော်ခဲ့ပြီး၊ ၂၀၂၇ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ပထမဆုံး ထုတ်ယူနိုင်လိမ့်မည်ဟု တွက်ချက်ထားခဲ့သည်။ ထိုတွေ့ရှိမှုကြောင့် ၂၀၁၃ ခုနှစ်၌ ဩစတေးလျအခြေစိုက် Woodside ရေနံကုမ္ပဏီ၊ ၂၀၁၅ ခုနှစ်၌ တိုတယ် ရေနံကုမ္ပဏီတို့က လုပ်ကွက်အမှတ် A- 6 တွင် ဖက်စပ်လုပ်ကိုင်ရန် အစုရှယ်ယာများ ထည့်ဝင်ခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် Woodside နှင့် တိုတယ် ကုမ္ပဏီနှစ်ခုလုံးသည် ၂၀၂၂ ခုနှစ်တွင် စီမံကိန်းမှ နုတ်ထွက်သွားကြသဖြင့်၊ မိုက်ကယ်မိုးမြင့်သည် A- 6 မှ သဘာဝဓာတ်ငွေများ ထုတ်ယူရန် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီသစ် ရှာဖွေမရသော အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရဟန်တူသည်။ မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်တွင် လိုက်ပါသွားသော စီးပွားရေး လုပ်ငန်းရှင်များကြားတွင် မိုက်ကယ်မိုးမြင့်ကို တွေ့မြင်ခဲ့ရပြီး၊ A- 6 စီမံကိန်းတွင် ထိုင်းရေနံကုမ္ပဏီများ၏ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု အလားအလာကို ရှာဖွေဟန်ရှိသည်။
ထိုင်းနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် အရေးပါသော မြန်မာ့သဘာဝဓာတ်ငွေ့
ထိုင်းနိုင်ငံ၏ စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးရေးနှင့် စွမ်းအင်လုံခြုံရေးသည် တိုက်ရိုက်အချိုးကျနေပြီး အိမ်နီးချင်း မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနေခြင်းသည် ထိုင်းအစိုးရ၏ မဟာဗျူဟာ အကျိုးစီးပွား ဖြစ်သည်။
၁၉၉၇ ခုနှစ်မှ စတင်၍ မြန်မာ့ တနင်္သာရီကမ်းလွန်တွင် တိုတယ်ကုမ္ပဏီက ဦးဆောင် တူးဖော်ထုတ်လုပ် ခဲ့သော “ရတနာ” သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချခဲ့ပြီး၊ ၂၀၀၀ ပြည့်နှစ်က တနင်္သာရီ ကမ်းလွန်တွင် နောက်ထပ်တွေ့ရှိသော “ရဲတံခွန်” သဘာဝဓာတ်ငွေ့ကို ဒုတိယပိုက်လိုင်းဖြင့် တင်ပို့ရောင်းချခဲ့ သည်။ ၂၀၁၄ ခုနှစ်တွင် မုတ္တမကမ်းလွန် “ဇောတိက” သဘာဝဓာတ်ငွေ့သိုက် မှ ထိုင်းနိုင်ငံသို့ တတိယမြောက် ပိုက်လိုင်းသွယ်တန်း၍ သဘာဝဓာတ်ငွေ့များ စတင်တင်ပို့ရောင်းချခဲ့သည်။
သို့သော် သဘာဝဓာတ်ငွေ့ဆိုသည်မှာ ကာလအကန့်အသတ်သာ ထုတ်ယူနိုင်ပြီး၊ ကုန်ခန်းတတ်သော သယံ ဇာတ အမျိုးအစား ဖြစ်သည်။ ထို့ကြောင့် ၁၉၉၇ ခုနှစ်မှ စတင်တွက်ချက်လျှင် နှစ်ပေါင်း ၃၀ နီးပါးရှိလာသော ရတနာနှင့် ရဲတံခွန် ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့အထွက်နှုန်း ကျဆင်းလာပြီး၊ ဇောတိကဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့ တင်ပို့နိုင်မှုပမာဏသည် ရတနာနှင့် ရဲတံခွန်လောက် မများပါ။
အောက်ပါဇယားတွင် ဖော်ပြထားသော ထိုင်းအစိုးရ အကောက်ခွန်ဌာနက ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်သွင်းမှု လစဉ်နှင့် နှစ်အလိုက် တန်ဖိုးပမာဏများအရ ၂၀၂၅ ခုနှစ် တင်သွင်းမှု တန်ဖိုး ပမာဏ ထိုင်းဘတ်ငွေ သန်းပေါင်း (၅၁,၇၇၁. ၁၈) သန်းသည် ၂၀၀၅ ခုနှစ်မှစ၍ နှစ်ပေါင်း ၂၀ အတွင်း အနိမ့်ဆုံး တန်ဖိုးပမာဏဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှု နှစ်အလိုက် တန်ဖိုးပမာဏ
ထိုင်းဘတ်ငွေ (သန်းပေါင်း)

ရင်းမြစ်။ ။ ထိုင်းအကောက်အခွန်ဌာန
သို့ရာတွင် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် ပထမ ခြောက်လ (ဇန်နဝါရီလ – ဇွန်လ) အတွင်း ထိုင်းနိုင်ငံက သဘာဝဓာတ်ငွေ့ တင်သွင်းခဲ့သော တန်ဖိုးပမာဏများကို အထက်ပါဇယားကွက်တွင် နှိုင်းယှဉ်လေ့လာကြည့်ပါက ၂၀၂၆ ခုနှစ်တွင် ပို၍နည်းပါးလာကြောင်း တွေ့မြင်ရမည် ဖြစ်သည်။ အဆိုပါ အညွှန်းကိန်းများက ပြသနေသည်မှာ ထိုင်းအစိုးရက မင်းအောင်လှိုင်ကို ကော်ဇောနီခင်း အသိအမှတ်ပြု ဧည်ခံကြိုဆိုခဲ့ခြင်း၏ နောက်ကွယ်တွင် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးတွင် အဓိကနေရာ၌ရှိနေသော စွမ်းအင်လုံခြုံရေးအတွက် အိမ်နီးချင်းမြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူတင်သွင်းနိုင်ရေး ဖြစ်သည်။
တပြိုင်တည်းတွင် မင်းအောင်လှိုင်သည် ပြည်တွင်းစီးပွားရေးအကျပ်အတည်းဆိုက်နေပြီး၊ နိုင်ငံခြားဝင်ငွေ အလွန်လိုအပ်နေချိန်ဖြစ်သဖြင့် မြန်မာ့ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များ တွေ့ရှိထားသော်လည်း ဝယ်ယူမည့် သူမရှိ ဖြစ်နေချိန်၊ ထိုင်းနိုင်ငံသည် တစ်ခုတည်းသော ဖောက်သည်ဖြစ်နေသည်။
ထိုကြောင့် ခြုံငုံသုံးသပ်ရလျှင် ထိုင်းအစိုးရက မင်းအောင်လှိုင်ကို ဘန်ကောက်မြို့ အစိုးရအိမ်တော်သို့ ဖိတ်ခေါ် ၍ ကော်ဇောနီခင်း ကြိုဆိုဧည့်ခံခဲ့ခြင်းသည် မင်းအောင်လှိုင် လိုအပ်နေသော အသိအမှတ်ပြုမှုနှင့် ထိုင်းအစိုးရ လိုအပ်နေသော ပဋိပက္ခကြားမှ အကျိုးအမြတ်ကြီးမားသော မြန်မာ့သယံဇာတများကို လက်ဝါးကြီးအုပ်ခွင့်ရရှိရေးဆိုသည့် အပြန်အလှန်အကျိုးစီးပွားဖလှယ်ခြင်းမျှသာ ဖြစ်သည်။ ထိုအချင်းအရာကို ဝန်ကြီး ဆီဟာဆတ်က ၎င်း၏ “ပြန်လည်ချိန်ညှိ ထိတွေ့ဆက်ဆံရေး” သံတမန်ရေး လှည့်စားချက် အသုံးအနှုန်းများဖြင့် ဖုံးကွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။



