အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နယ်စပ် လက်နက်စီးဆင်းမှုပိတ်ပင်ရေး မြန်မာစစ်ခေါင်းဆောင် တောင်းဆိုချက်ကို ထိုင်းလက်ခံ

နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ လက်နက်နှင့်စစ်သုံးပစ္စည်းများ မရောက်ရှိရေး တားဆီးပေးရန် မြန်မာစစ်ခေါင်းဆောင်၏ တောင်းဆိုချက်ကြောင့် နယ်စပ်ဒေသကို ပိုမိုတင်းကျပ်ထိန်းချုပ်ရန် အမိန့်ပေးထားသည်ဟု ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို သြဂုတ်လ ၇ ရက်တွင် ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။

နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ  လက်နက်နှင့်စစ်သုံးပစ္စည်းများ မရောက်ရှိရေး တားဆီးပေးရန် မြန်မာစစ်ခေါင်းဆောင်၏ တောင်းဆိုချက်ကြောင့် နယ်စပ်ဒေသကို ပိုမိုတင်းကျပ်ထိန်းချုပ်ရန် အမိန့်ပေးထားသည်ဟု ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို သြဂုတ်လ ၇ ရက်တွင် ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။

ထိုင်းထုတ်လက်နက်နှင့် စစ်သုံးပစ္စည်းအများအပြား  မြန်မာစစ်တပ်ဆန့်ကျင်သူများလက်ထဲ ရောက်နေကြောင်း  သမ္မတရာထူးရယူထားသည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း နှစ်ရက်ကြာ ဘန်ကောက်ခရီးစဉ်တွင် ပြောကြားခဲ့သည်ဟုလည်း ဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်းက ဆိုသည်။

ဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင်၏ တောင်းဆိုချက်မှာ သင့်လျော်သည်ဟုဆိုပြီး လက်နက်များ မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့များထံ  မရောက်ရှိစေရေးအတွက် နယ်စပ်တွင် ပိုမိုတင်းကျပ်ရန် ကာကွယ်ရေးဝန်ကြီး၊ အတွင်းဝန်နှင့် စစ်တပ်တို့ကို အမိန့်ပေးခဲ့သည်ဟုပြောကြောင်း  အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး NLD အစိုးရကို ဖြုတ်ချအာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း မင်းအောင်လှိုင်က  လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့် PDF တပ်ဖွဲ့များသည် ထိုင်း- မြန်မာနယ်စပ်မှ တင်သွင်းသည့် လက်နက်များ အသုံးပြုနေကြောင်း အစဉ်တစိုက်စွပ်စွဲခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေတဲ့ လက်နက်များဟာဆိုရင်လည်း ထိုင်း- မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းလာတဲ့ လက်နက်များပဲဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဇွန်လ မိန့်ခွန်းတစ်ခုတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထိုမိန့်ခွန်းတွင် ထိုင်းနိုင်ငံဟုတိုက်ရိုက်မရည်ညွှန်းသော်လည်း ‘လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနဲ့ မြန်မာနိုင်ငံအပေါ်မှာ သူတို့လိုချင်တဲ့ လက္ခဏာမျိုးရရှိစေလိုတဲ့ ပြည်ပနိုင်ငံအချို့’ ရှိနေပြီး ထိုနိုင်ငံများသည် စစ်တပ်ကိုဆန့်ကျင်သူများကို ထောက်ပံ့နေသည်ဟု ၎င်းကဝေဖန်ခဲ့သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်က မြန်မာ- ထိုင်းနယ်စပ် မောတောင်မြို့ကိုသိမ်းပြီးနောက် တွေ့ရသော BPLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- BPLA)

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် ထိုင်း- မြန်မာ နယ်စပ်မှ လူမျိုးစုလက်နက်ကိုင်တပ်များနှင့် PDF များ၏ ဆက်သွယ်ရေးစက်၊ Drone နှင့် လက်နက်ခဲယမ်းများသည် ထိုင်း-မြန်မာ နယ်စပ်မှရရှိကြောင်းလည်း ယင်းမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ကီလိုမီတာ ၂၄၀၀ ကျော် ရှည်လျားသော ထိုင်း- မြန်မာ နယ်စပ်တလျှောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊  မွန်ပြည်သစ်ပါတီ (NMSP)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စသည့် လူမျိုးစု လက်နက်ကိုင်တပ်များ၊ ၂၀၂၁ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့အသစ်များ အခြေစိုက်ကြသည်။

ထိုင်းအရာရှိများသည် မြန်မာစစ်ခေါင်းဆောင်၏ ခရီးစဉ် မတိုင်မီနှင့် ခရီးစဉ် နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ သယ်သည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၂၁ ရက်က နယ်စပ်ဒေသ မဲဆောက်မြို့တွင် ကိုယ်တိုင်မောင်းနှင်ရသကဲ့သို့ မြင်နိုင်သော (First Person View) ဒရုန်းလေးစီးနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံသားတစ်ဦးထံက ဖမ်းဆီးမိကြောင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှလာသော ထိုပစ္စည်းများကို  မြန်မာပြည်ဘက်သို့ မပို့မီ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို (CIB) က သတင်းထုတ်ပြန်သည်။ 

မြန်မာစစ်ခေါင်းဆောင်၏ ခရီးစဉ်အပြီး   ဩဂုတ်လ ၉ ရက်တွင် Tak ခရိုင် မဲထို စစ်ဆေးရေးဂိတ်၌ ကားဖြင့်တင်လာသော ဒရုန်းနှင့် ဆက်စပ်သည့် ပစ္စည်းအများအပြားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးမိသည့် ပစ္စည်းများထဲတွင် ရုပ်သံလိုင်းလွှင့်စက် လေးခု၊ SKYZONE တံဆိပ် FPV ဒရုန်းလိုင်းဖမ်း မျက်မှန် နှစ်ခု၊ ဒရုန်းပန်ကာ ၄၉၉ စုံ၊ T-EAGLE Optics တံဆိပ် မှန်ပြောင်း တစ်ခု၊ ဒရုန်းဘောင် ၁၀ ခု၊ GEMFAN တံဆိပ် ပန်ကာအမျိုးမျိုးနှင့် ရုပ်သံလိုင်းဖမ်းစခရင် သုံးစုံတို့အပြင် 3D Printerနှင့် ဆင်တူသော အနက်ရောင် ပလတ်စတစ်ကိုယ်ထည်ပါ အီလက်ထရွန်နစ် စက်ပစ္စည်း တစ်ခုတို့ ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် North Now သတင်းဌာနက ရေးသားသည်။

ခရီးစဉ်အပြီး ပေါ်လာနိုင်သည့် ဖိအား

စစ်ခေါင်းဆောင်၏ ခရီးစဉ်အတွင်း နယ်စပ်ဒေသ မြစ်ရေညစ်ညမ်းမှု၊ မူးယစ်ဆေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဟု ထိုင်းဝန်ကြီးချုပ်က ကြိုတင်ပြောဆိုခဲ့ပြီး ဖြစ်သည်။ ကျားဖြန့် ခေါ် အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းမှာ နယ်စပ်ဒေသတွင် မကြာသေးမီ နှစ်များအတွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ် အာဏာသိမ်းလိုက်ချိန်တွင် ပိုမို ကြီးထွားလာသည်။

မြန်မာစစ်ခေါင်းဆောင်နှင့် ဘန်ကောက်တွင် တွေ့ဆုံပြီးနောက် ထိုင်းအာဏာပိုင်များ၏ ဖိအားသည် နယ်စပ်ဒေသရှိ တော်လှန်ရေးအင်အားစုထံ ရောက်လာနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက  Myanmar Now ကို ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေရှိ KNLA၊ KNDO၊ PDF ပူးပေါင်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – METRO)

“ထိုင်းက ဘယ်လောက်ထိ လုပ်မလဲကတော့ ထိုင်းတွေကို မအလ (မြန်မာစစ်ခေါင်းဆောင်) ကလည်း ဘယ်လောက် ပြန်လုပ်ကူမလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်၊ ဥပမာ မြစ်ရေညစ်ညမ်းတာ၊ မူးယစ်ဆေးဝါး၊ ကျားဖြန့် စတာတွေပေါ့။ အရမ်း မစိုးရိမ်ရပေမယ့် သတိထားရပါမယ်” ဟု ၎င်းက ပြောသည်။

ရှမ်း၊ ကယား (ကရင်နီ)၊ ကရင်၊ မွန် စသည့် ပြည်နယ်များနှင့် တနင်္သာရီတိုင်းတို့သည် ထိုင်းနှင့် ကပ်လျက်တည်ရှိပြီး ၁၅၀၁ မိုင် ရှည်လျားသည့် ထိုင်း- မြန်မာ နယ်စပ်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှစ်ပေါင်းများစွာ နယ်မြေထိန်းချုပ်၊ လှုပ်ရှားနေကြပြီး နယ်စပ်ဒေသ ထိုင်းနိုင်ငံဘက်ခြမ်းတွင် လက်နက်ပစ္စည်း ဖမ်းဆီးရရှိသည့်သတင်း ရံဖန်ရံခါ ထွက်ပေါ်တတ်သည်။  

အိန္ဒိယမှလာသော သတင်းအချို့တွင်လည်း အိန္ဒိယ- မြန်မာ နယ်စပ်တွင် လက်နက်ပစ္စည်း ဖမ်းဆီးရမိကြောင်း မကြာခဏဆိုသလို တွေ့ရတတ်သည်။ 

တရုတ်- မြန်မာနယ်စပ်သည်လည်း လက်နက်မှောင်ခိုလမ်းကြောင်းတစ်ခု ဖြစ်သည်။  ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ စစ်ဆေးတွေ့ရှိမှုတစ်ခုတွင် မောင်းပြန်လက်နက် ၅၀၀ ခန့် ဖမ်းဆီးရမိသည်ဟု အာဏာသိမ်းတပ်က သတင်းထုတ်ပြန်ဖူးသည်။  

၂၀၂၄ ခုနှစ်  ဇန်နဝါရီလတွင်လည်း မီးလောင်ပျက်စီးနေသော လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ သိမ်းဆည်းရမိသည်ဟု သတင်းထုတ်ပြန်သည်။ 

ထို့သို့ နှစ်ကြိမ်တိုင် အလုံးအရင်း သိမ်းဆည်းရမိသော လက်နက်ငယ်များမှာ တရုတ်- မြန်မာနယ်စပ်မှလာသည်ဟု လေ့လာသူတို့က ယူဆကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button