Scorpio/People’s Spring
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ညက မန္တလေးမြို့မှာ ပြာသိုဆောင်းရဲ့ အေးစက်မှုကြောင့် တိတ်ဆိတ်နေခဲ့တယ်။ ည ၈ နာရီလောက်မှာ တိတ်ဆိတ်နေတဲ့ဆောင်းညကိုတအုန်းအုန်းအသံတွေကဖုံးလွှမ်းသွားခဲ့တယ်။ ကျယ်လောင်တဲ့အသံကြီးကြောင့် မန္တလေးသူ မန္တလေးသားတွေကတော့ ငလျင်ထင်ခဲ့ကြတယ်။
ဒါပေမယ့် ငလျင်မဟုတ်ပါဘူး။ မန္တလေးမြို့နဲ့ လက်တကမ်းအကွာ ဧရာဝတီမြစ်သာခြားတဲ့ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ထုံးဘိုကျေးရွာက စာသင်ကျောင်းကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီညက လေကြောင်းတိုက်ခိုက်မှုကြောင့် ထုံးဘိုကျေးရွာရှိစာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
မကြာပါဘူး။ အဲဒီအသံတွေနဲ့အတူ မန္တလေးမြို့ အရှေ့ပိုင်းဘက်က ထွက်လာတဲ့ ဆိုင်းသံဗုံသံတွေလည်း ထွက်ပေါ်လာခဲ့တယ်။ အဲဒီဆိုင်းသံ ဗုံသံတွေကတော့ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံဝင်းထဲက သဘင်ဥက္ကဌ ဖိုးချစ်ရဲ့ ပြန်လည်နိုးထသဘင်ညဆိုတဲ့ ဇာတ်သဘင်ဖျော်ဖြေပွဲကနေ ထွက်လာတဲ့ဆိုင်းသံဗုံသံတွေပါ။ဖိုးချစ်ဟာ အာဏာသိမ်းကာလအစပိုင်းမှာ လမ်းပေါ်ထွက် ဆန္ဒပြဖူးခဲ့သူပါ။

Public Service Announcement
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလကစပြီး ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင်တွေကို ခြိမ့်ခြိမ့်သဲ ကျင်းပစေခဲ့ပါတယ်။ အဲဒီပွဲတွေထဲမှာ ကိုဗစ်ကာလကတည်းက ရပ်နားခဲ့ရတဲ့ ဇာတ်သဘင်ဖျော်ဖြေပွဲတွေကလည်း ထိပ်ဆုံးက ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။
အာဏာသိမ်းကာလငါးနှစ်ပြည့်ကာနီး ဇာတ်သဘင်ဖျော်ဖြေပွဲတွေနဲ့အတူ အထင်ပေါ်လာဆုံး ဇာတ်မင်းသားနှစ်ဦးကတော့ အောင်ဇမ္ဗူနဲ့ စမ်းရေမိုးပါ။ စမ်းရေမိုးဇာတ်သဘင်ကိုတော့ ဆီလီကွန်ရုပ်တုပညာရှင်တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ထွန်းက တည်ထောင်ထားတာပါ။ ကိုအောင်ကျော်ထွန်းဟာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်မှာလည်း အားကြိုးမာန်တက် ပါဝင်ခဲ့ဖူးသူတစ်ယောက်ပါ။
အခြေခံအလုပ်သမားတစ်ယောက်ရဲ့တစ်ရက်လုပ်အားခဟာ တစ်ရက်တစ်သောင်းရဖို့ မသေချာပေမဲ့ ဇာတ်ကြီးတွေရဲ့ လူတစ်ယောက် ရုံဝင်ခဟာ ကျပ်တစ်သောင်းခွဲ ဖြစ်ပါတယ်။ ဖျာလက်မှတ်က ခုနှစ်သောင်းကနေ တစ်သိန်းအထိ စျေးရှိတယ်လို့ သိရပါတယ်။
ဘယ်လိုပင်စျေးကြီးကြီး အလုအယက်ဝယ်ကြည့်သူတွေများနေတယ်လို့ မန္တလေးမြို့ခံအချို့က ပြောပါတယ်။ “ အောင်ဇမ္ဗူက တစ်လလောက်အလိုကတည်းက လက်မှတ်တွေက ကုန်နေပြီ” လို့ လာမယ့်တပို့တွဲလပြည့် ဘုရားကြီးပွဲမှာကမယ့် အောင်ဇမ္ဗူဇာတ်ပွဲရဲ့အခြေအနေကို မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဇာတ်သဘင်ကို ပရိသတ်တွေ ပြန်ပြီး ချစ်ခင်အားပေးကြတဲ့အတွက် ဝမ်းသာတယ်လို့ တချိန်က ဇာတ်မင်းသားဖြစ်ခဲ့ပြီး အခု တော်လှန်ရေးလုပ်နေတဲ့ ရဲဘော် မွန်မြတ်သော က လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့ ဇာတ်သဘင်ကိုချစ်မြတ်နိုးအားပေးတဲ့ အညာဒေသအပါအဝင် နယ်ဘက်ကျေးဘက်က ပရိသတ်တွေရဲ့ ဒုက္ခတွေ သောကတွေကို မငဲ့ဘဲ ဖျော်ဖြေနေကြတာတွေကိုမြင်ရတာ စိတ်မကောင်းဘူးလို့ ရဲဘော်မွန်မြတ်သော က ရင်ဖွင့်ပါတယ်။
“ သူတို့တွေ အောင်မြင်မှုတွေရလာအောင် နယ်ဘက်က၊ အညာဘက်က၊ မြို့နဲ့ဝေးတဲ့ တောတောင်ဒေသတွေက ပြည်သူတွေက အားပေးခဲ့တာဖြစ်တယ်။ အဲဒီလိုလူတွေ စစ်ရှောင်နေတဲ့အချိန်၊ ဒုက္ခရောက်နေတဲ့အချိန်၊ ငိုကြွေးနေတဲ့အချိန်၊ သေကြေနေတဲ့အချိန်မှာ သူတို့တွေက အဲဒီပရိသတ်တွေကို မျက်နှာတချက်လေးတောင် မငဲ့ဘဲနဲ့ မြို့ပေါ်ကလူတစ်စု ဆုချတာကို မာန်တက်ပြီးတော့ အဲဒီလူတွေကို ကပြဖျော်ဖြေနေတာတွေ့တော့ ကျနော်တို့တွေ စိတ်မကောင်းဖြစ်မိတယ်။” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပွဲကြိုက်ခင်တချို့ကလည်း ဇာတ်မင်းသားတွေကို ငွေကျပ်သိန်းရာချီဆုချတာတွေက ခေတ်စားနေခဲ့ပါတယ်။
မင်းကွန်းမှာ စာသင်ကျောင်း ဗုံးကြဲခံရတဲ့ညကပဲ ပွဲကနေတဲ့ဖိုးချစ်ဟာ ကျပ်သိန်း ၅၀၀ ဆုချီးမြှင့်ခံခဲ့ရပါတယ်။ မန္တလာမင်း Express က ချီးမြှင့်ခဲ့တာပါ။ အဲဒီ ကျပ်သိန်း ၅၀၀ ဆိုတဲ့ ပမာဏဟာ အညာစစ်ဘေးသင့်ဒေသမှာဆိုရင် ယာယီ ၅ ခန်းတွဲ စာသင်ကျောင်းဆောင် ၁၀ ဆောင်လောက် ဆောက်လုပ်နိုင်တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
အညာနဲ့ တော်လှန်ဒေသတွေမှာ စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ ခုလိုဆောင်းတွင်း အအေးပိုနေချ်ိန် စောင်တွေလိုအပ်နေချိန်မှာ ဇာတ်မင်းသားတွေကို သိန်းရာချီဆုချတာတွေမြင်ရတာ စိတ်မကောင်းဘူးလို့ ဇာတ်မင်းသားဟောင်း ရဲဘော် မွန်မြတ်သော က ရင်ဖွင့်ပါတယ်။
စစ်ကောင်စီဟာ မန္တလေးမြို့က ဘုရားပွဲတွေကို ရာအိမ်မှူးဆယ်အိမ်မှူးတွေ အာမခံပေးနိုင်ရင် ပွဲစီစဥ်နိုင်တယ်လို့ ခွင့်ပြုထားကြောင်း မန္တလေးမြေပြင်သတင်းတွေ ကင်းထောက်နေတဲ့ Voice Of MDY အဖွဲ့က အသိပေးပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်ထဲက ရပ်ကွက်ဘုရားပွဲတွေမှာလည်း ဇာတ်ပွဲတွေထည့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ယခုလက်ရှိမှာ မန္တလေး စွယ်တော်ဘုရားမှာ ဖိုးချစ်အဖွဲ့ကနေပြီး လာမယ့် ဖေဖော်ဝါရီလထဲမှာပဲ ဘုရားကြီးပွဲမှာ ဇာတ်လေးဇာတ်၊ ကုသိုလ်တော်ဘုရားပွဲမှာဇာတ်တစ်ဇာတ်နဲ့ ပွဲကျင်းပဖို့ ပြင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းကာလ ငါးနှစ်နီးပါးအတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ရာမှာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဥ်တွေကို ဖုံးဖိဖို့၊ စစ်ကောင်စီဟာ နိုင်ငံအေးချမ်းသာယာနေပါတယ်ဆိုတဲ့ ပုံရိပ်တုကို တည်ဆောက်ဖို့ ကြိုးစားနေတာဖြစ်သလို၊ တစ်ဖက်မှာလည်း တော်လှန်ရေးဒေသက ပြည်သူတွေကို စိတ်ဓာတ်ကျဆင်းစေဖို့ ရည်ရွယ်ပုံရတယ်လို့ ပွဲတော်ကျင်းပရာဒေသရှိ မြို့ခံတွေက သုံးသပ်ကြပါတယ်။ ရန်ကုန်မြို့မှာဆိုရင်လည်း ပွဲတော်တွေကို အကြိမ်ကြိမ်လုပ်နေတာကြောင့် ပွဲတော်လုပ်ရင်ဆိုင်ခန်းခငွေဝင်တဲ့ပွဲစီစဥ်သူတွေပါ ငြီးနေကြရသလို ၊ပြည်သူတွေလည်းအရင်တစ်နှစ်မှတစ်ကြိမ်လုပ်တဲ့ပွဲတွေကအကြိမ်ကြိမ်လုပ်နေလို့ မျက်စီလည်နေကြပါတယ် ။
ပွဲတော်ကျင်းပရာ မြို့ပေါ်တွေမှာလည်း မြို့ပေါ်အလျောက် စစ်ကောင်စီပေးတဲ့ ဒုက္ခတွေက ဒုနဲ့ဒေးပါ။ စစ်မှုထမ်းခေါ်တာ၊ ပေါ်တာဆွဲတာ၊ တေအကြမ်းဖက်စစ်ဆေးဖမ်းဆီးတာတွေ နေ့စဥ် ရင်ဆိုင်နေရကြောင်း မြို့ပေါ်နေပြည်သူတွေက ပြောပါတယ်။
“ မန္တလေးမှာပွဲတွေ ခပ်စိတ်စိတ်ပေါလာတယ်။ အပြင်ပန်းကြည့်ရင် မြို့ပေါ်ကအေးချမ်းတယ်ထင်ရပေမယ့် တကယ်တမ်းခေါင်းပြားအောင်မအိပ်ရပါဘူး” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကပြနေတဲ့ ဇာတ်သဘင်အဖွဲ့တွေ၊ အားပေးနေကြတဲ့ ပြည်သူတချို့အနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုမှာ ပါမသွားဖို့ တော်လှန်ရေးသမားတွေက သတိပေးပါတယ်။
“ နိုင်ငံ့အတွက် အခုကာလက သေရေးရှင်ရေး အရေးကြီးနေတဲ့အဆုံးအဖြတ်ကာလရောက်နေတော့ စစ်အာဏာရှင်တွေအတွက် ကိုယ့်လုပ်ရပ်တွေဟာ အသုံးချစရာ မဖြစ်ဖို့ ပြောချင်ပါတယ်” လို့ စစ်ကိုင်းတိုင်းက တော်လှန်လူငယ်တစ်ဦးက ပြောလိုက်ပါတယ်။

















































