close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂရင်းလန်ကိစ္စအတွက် အခွန်တိုးကောက်ပြီး အကျပ်ကိုင်မယ့် ထရမ့်ကို တုံ့ပြန်ဖို့ EU စီစဉ်

ဂရင်းလန်ကျွန်းကိစ္စ အငြင်းပွားမှုကို အကြောင်းပြုပြီး အမေရိကန်က ဗိုလ်ကျ အကျပ်ကိုင်တဲ့ သဘောမျိုး လုပ်လာတာကို သင့်တော်သလို တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)ဖက်က စဉ်းစားနေပါတယ်။

ဂရင်းလန်ကျွန်းကိစ္စ အငြင်းပွားမှုကို အကြောင်းပြုပြီး အမေရိကန်က ဗိုလ်ကျ အကျပ်ကိုင်တဲ့ သဘောမျိုး လုပ်လာတာကို သင့်တော်သလို တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)ဖက်က စဉ်းစားနေပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ EU အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်တဲ့ ဂရင်းလန်ကျွန်းကို နိုင်ငံပိုင်နက်ထဲ သိမ်းသွင်းယူလိုကြောင်း အတိအလင်း ပြောကြားထားပါတယ်။ အာတိတ် ဒေသမှာ တည်ရှိပြီး ရေခဲတွေ ဖုံးလွှမ်းနေတဲ့ ကျွန်းကြီးဟာ အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားအတွက် အထူးအရေးကြီးတဲ့ ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မယ်လို့လည်း ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ဒိန်းမတ်က ဂရင်းလန်ကို လက်လွှဲပေးမှာ မဟုတ်ကြောင်း ငြင်းဆိုထားသလို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဂရင်းလန် အစိုးရကလည်း အမေရိကန် လက်အောက်ခံအဖြစ် ပေါင်းစည်းဖို့ကို မလိုလားပါဘူး။

အဲဒီအငြင်းအခုံမှာ ဥရောပ နိုင်ငံတချို့က ဒိန်းမတ်နဲ့ တစ်သားတည်း ရပ်တည်မှုကို ပြသပြီး ထရမ့်ကို တိုက်ရိုက် ဖီဆန်ခဲ့ပါတယ်။ ပြီးတော့ အမေရိကန်က စစ်ရေးအရ ခြိမ်းခြောက်လာတာမျိုးကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ပြီးလည်း ဂရင်းလန်ဆီ တပ်တွေ စေလွှတ်ပေးခဲ့ကြပါတယ်။

အဲဒီနောက် ထရမ့်က သူ့ဆန္ဒကို အာခံကြောင်း ပြသခဲ့တဲ့ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် ဥရောပ ၈ နိုင်ငံအပေါ် သွင်းကုန်အခွန်တွေ တိုးမြှင့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင်နဲ့ ဗြိတိန်တို့ဆီကနေ အမေရိကန်ကို တင်ပို့တဲ့ ကုန်စည်တွေဟာ ဖေဖော်ဝါရီ လကစပြီး ပစ္စည်းတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းလောက် အခွန်တိုးကောက်တာ ခံရနိုင်ခြေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ သမ္မတ ဖြစ်လာကတည်းက အဲဒီလိုမျိုး အခွန်တိုးကောက်မှုတွေကို ပြိုင်ဘက်တွေ အပေါ်မှာရော၊ မိတ်ဖက်တွေ အပေါ်မှာပါ နိုင်ငံရေး အသာစီး ရလိုမှုအတွက် လက်နက်တစ်ခု အနေနဲ့ မကြာခဏ အသုံးချခဲ့ပါတယ်။

အဲဒီနောက် EUဖက်ကလည်း အမေရိကန်ဆီက ကုန်သွယ်ခွန် မြှင့်တင်လာမှုတွေကို တန်ပြန်ဖို့ အမေရိကန်ရဲ့ ဒေါ်လာ ၉၃ ဘီလီယံဖိုးလောက်ရှိတဲ့ သွင်းကုန်တွေအပေါ် ဘယ်လို တန်ပြန် အခွန်စည်းကြပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို စတင် ဆွေးနွေးနေကြောင်း သိရပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က အမေရိကန်သာ ထရမ့်ခြိမ်းခြောက်ထားတဲ့အတိုင်း အခွန်တိုးကောက်တဲ့ ကိစ္စမျိုး လုပ်လာရင် EU အဖွဲ့ဝင် နိုင်ငံအသီးသီး အနေနဲ့လည်း ဗိုလ်ကျမှုကို တန်ပြန်မယ့် အစီအမံတွေကို အစွမ်းကုန် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အခွန်တိုးကောက်ဖို့ ခြိမ်းခြောက်မှုတွေဟာ အတ္တလန္တိတ် သမုဒ္ဒရာ ဆက်စပ်ရပ်ဝန်းမှာ တည်ရှိနေတဲ့ ဆက်ဆံရေးကောင်းတွေကို ခြိမ်းခြောက်နေပြီး အန္တရာယ်များတဲ့ ဝဲဂယက်တစ်ခုဆီ ဦးတည်သွားစေနိုင်ကြောင်း၊ နိုင်ငံအားလုံးဟာ ကိုယ်ပိုင် အချုပ်အခြာ အာဏာအတွက် အစွမ်းကုန် ဆက်လက် အာရုံစိုက် ကာကွယ်သွားမှာဖြစ်ကြောင်း ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နဲ့ ဖင်လန် အစိုးရတွေက ပူးတွဲ ကြေညာခဲ့ပါတယ်။

ဒိန်းမတ် ဝန်ကြီးချုပ် မတ်တေး ဖရက်ဒရစ်ဆန်ကလည်း EUနိုင်ငံတွေဟာ ပြဿနာ ရှာနေသူတွေ မဟုတ်ပေမယ့် လိုအပ်ချက်တွေအတိုင်း တုံ့ပြန်ဖို့ ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ကြောင်း၊ ဥရောပဟာ အကျပ်ကိုင်မှုကို ငြိမ်ခံနေမယ့်ထဲမှာ မပါဘူးဆိုတာကို ဒေသတွင်း နိုင်ငံအားလုံးဆီ ရှင်းလင်းတိကျတဲ့ သတင်းစကား တစ်ခုကို သူက ဝမ်းမြောက်ဝမ်းသာ ပေးပို့လိုကြောင်း Facebookမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်ရဲ့ ခြိမ်းခြောက်မှု အပြီးမှာတော့ EUရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဇန်နဝါရီ ၁၈ ရက်နေ့တုန်းက အရေးပေါ် တုံ့ပြန် အစည်းအဝေးတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ဒေါ်လာ ၉၃ ဘီလီယံတန် အမေရိကန် သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်ရေး ကိစ္စအတွက် ဖြစ်နိုင်ခြေတွေကို ညှိနှိုင်းခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ဆီ ရောက်ရှိနေခဲ့တဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက သူဟာ ထရမ့်နဲ့ စကားပြောဖြစ်ခဲ့ကြောင်း၊ အခွန်တိုးမြှင့်မှုတွေ လုပ်မယ့်ကိစ္စဟာ အမှားတစ်ခုလို့ ယူဆတဲ့ သူ့အမြင်ကိုလည်း အသိပေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မယ်လိုနီဟာ EU အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ထရမ့်ရဲ့ အနီးကပ်ဆုံး မဟာမိတ် ဖြစ်ပါတယ်။

ထရမ့်နဲ့ ဂေါက်ရိုက်ဖက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုရှိတဲ့ ဖင်လန် သမ္မတ အလက်ဇန္ဒား စတက်ဘ်ကလည်း ဂရင်းလန် ကိစ္စမှာတော့ ဒိန်းမတ်၊ ဂရင်းလန်တို့နဲ့အတူ ဥရောပ နိုင်ငံအားလုံးက ပေါင်းစည်းရပ်တည်ပေးသွားကြမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: Guardian
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂရင်းလန်ကျွန်းကို သိမ်းယူချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ နိုင်ငံတွေအပေါ် သွင်းကုန်အခွန် စည်းကြပ်မှုတွေ မြှင့်တင်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)က ထုတ်ချေးထားတဲ့ ငွေကြေးတွေနဲ့ အမေရိကန် လက်နက်တွေ ဝယ်ယူမယ့် ယူကရိန်းရဲ့ အစီအစဉ်ကို ပြင်သစ် အစိုးရက ကန့်ကွက် တားဆီးထားကြောင်း သိရပါတယ်။

သတင်း

ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် EUက ယူရိုငွေ ၉၀ ဘီလီယံကို ထုတ်ချေးဖို့ စီစဉ်ထားပြီး အမေရိကန်က အဲဒီငွေကြေးကို အမေရိကန်ဆီက စစ်လက်နက်တွေ ဝယ်ယူရေးအတွက် သုံးစွဲဖို့ ပြင်ဆင်နေတာပါ။ ဒါပေမဲ့ ဥရောပ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်ကတော့ EUက ထောက်ပံ့ထားတဲ့ ငွေကြေးကို...

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်နှေးနေရင် ဂရင်းလန်ကျွန်းဟာ ရုရှားပိုင်နက် ဖြစ်လာဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံးက ပြောကြားလိုက်ပါတယ်။ အာတိတ် ဒေသမှာရှိတဲ့ ဒိန်းမတ် လက်အောက်ခံ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းသွင်း ရယူနိုင်ဖို့...