ဟာနာဆန်/People’s Spring
ပြီးခဲ့တဲ့ မေလ တတိယပတ်အတွင်းက ည၈ နာရီလောက်မှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မှာနေတဲ့ စစ်ကောင်စီထောက်ခံတဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်လေးနဲ့ အမှတ်၂ လမ်းမကြီးပေါ်ကနေ မောင်းလာခဲ့တယ်။ ရိုးမရိပ်သာလမ်းအနီးအရောက်မှာ လူ ၃ ယောက်က သူ့ကိုတားပါတယ်။ အရပ်ဝတ်လား၊ ယူနီဖောင်းနဲ့လားဆိုတာကိုတော့ သူက ပြောမသွားပါဘူး။ လမ်းတဘက်ခြမ်းမှာလည်း ၃ ယောက်လောက်ရှိတယ်လို့ သူကဆိုတယ်။
“ ဆိုင်ကယ်ရှေ့က အသည်းအသန်တားပြီး ပိတ်ရပ်တယ်။ ကျွန်တော့်ကို ဆိုင်ကယ်ပေါ်က ဆွဲချဖို့လုပ်တယ်။ဟေ့ကောင်မင်းတို့ကဘယ်သူတွေလဲ ငါ့ကိုဘာလို့တားတာလဲမေးတော့ တာဝန်ရှိတဲ့သူတွေ” တဲ့။ “ ငါတို့က ဒဂုံအရှေ့က စစ်ကြောင်းမှူးရဲ့တပည့်တွေ သူခိုင်းလို့လုပ်နေတာ။” လို့ ဖြေတယ်။
“ မင်းတို့စစ်ကြောင်းမှူးဆိုတဲ့သူရဲ့နာမည်ပြော ဒီတကြောမှာ ငါတာဝန်ရှိတဲ့သူပဲ။ ဒီနားမှာ ငါ့ဆိုင်ကယ်တားမယ့်သူမရှိဘူး” လို့ သူက ပြန်ဖောတယ်။ တားတဲ့အဖွဲ့တွေလည်း စစ်ကြောင်းမှူးနာမည်ကို တစ်ကောင်မှ မပြောနိုင်ဘူး။

Public Service Announcement
ဒါနဲ့သူက “ ဒဂုံမြို့နယ်က စစ်ကြောင်းမှူးတွေ အကုန်သိတယ်။ ပူးပေါင်းဆောင်ရွက်နေတယ်” လို့ပြောတော့ ဆိုင်ကယ်တားသူတွေ နောက်တွန့်သွားတယ်။ ဒါနဲ့တစ်ယောက်ကဖယ်ပေးလိုက်ချိန် ဆဲဆိုပြီး ဆိုင်ကယ်မောင်းထွက်ခဲ့တယ်။ သူလည်းသူ့အဖွဲ့တွေခေါ်ပြီး ပြန်သွားချိန် မရှိတော့ဘူးတဲ့။
အဲဒီတားတဲ့သူတွေဟာ အချိန်မတော်အလုပ်ဆင်းပြီးပြန်တဲ့ စက်မှုဇုန်က ယောကျာ်းလေးတွေကို ဦးတည်လုပ်စားနေတာဖြစ်ကြောင်း သူက ပြောပါတယ်။ “ ကျွန်တော့်ကိုလည်း စက်မှုဇုန်ကလူတွေ မိသားစုတွေက အကြောင်းကြားတာ လေးငါးယောက်ရှိပြီ။ အချိန်ပိုဆင်းပြီး ပြန်သွားတယ်။ သူတို့သားတွေ၊ သူတို့ယောကျာ်းတွေ ပြန်ရောက်မလာလို့ပါ။ စုံစမ်းလို့လည်း မရဘူးပေါ့နော်။” လို့ သူကဆိုပါတယ်။
အဲဒီအဖွဲ့ဟာ ရွာသာကြီးစက်မှုဇုန်ကိုဝင်တဲ့လမ်းနဲ့အင်းဝလမ်းပေါ်မှာလည်းလှုပ်ရှားတယ်လို့ သူက ပြောတယ်။
“ ဘယ်မှာသွားရောင်းစားတယ်ဆိုတာ စုံစမ်းနေတယ်။” လို့ သူက ဆိုပါတယ်။
၎င်းအမျိုးသားဟာ စစ်တပ်ထောက်ခံသူမို့ စစ်ကောင်စီကို အစိုးရလို့ သုံးနှူန်းခဲ့ပြီး ယခုလိုလုပ်ရပ်ဟာ အစိုးရချမှတ်ထားတဲ့စစ်မှုထမ်းဥပဒေကို နာမည်ဖျက်နေတာလို့ သူက ဆိုပါတယ်။
ဒါ့ကြောင့် အဲဒီလမ်းတွေပေါ်မှာ ဖုန်းတွေဘာတွေစစ်တာတွေ၊ လိုက်ခဲ့ဖို့ခေါ်တာတွေဆို မလိုက်နိုင်ဘူးလို့ပြောဖို့ သူကတိုက်တွန်းပါတယ်။
ယခုမေလအတွင်း ရန်ကုန်မြို့ပေါ်မှာ ပေါ်တာဆွဲမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားနေပါတယ်။ နေအိမ်ပေါ်အထိတက်ပြီး ဖမ်းဆီးတာတွေကအစ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်၊ ည ၁ နာရီထိုးခါနီး ၁၅ မိနစ်ခန့်အလိိုမှာ ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်က ဂိုဒေါင်တစ်ခုရှေ့မှာ အိပ်ပျော်နေတဲ့ ၎င်းလုပ်ငန်းက လူငယ်တစ်ဦးကို အိမ်စီးကားတစ်စီးနဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ “ ကားက ခေါက်တုံ့ခေါက်ပြန်မောင်းပြီး မီးထိုးပြီး ဝင်လာပြီးတော့မှ ရပ်ပြီးတော့ အဲကလေးကို ဆွဲခေါ်သွားတာ။ လူနှစ်ယောက်ပါ။” လို့ နီးစပ်သူတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
“ လူကိုလူကလာဆွဲတာ။ နယ်တွေပြန်ရောင်းစားတယ်။ ပြီးတော့ စစ်တပ်ထဲက စစ်မှုထမ်းရမယ့်လူတွေနဲ့ လဲလှယ် ပြန်ရောင်းစားတာ။ လူကိုလူကနေပြီးတော့ လူကုန်သည်တွေလုပ်၊ လူပွဲစားတွေလုပ်နေတာ။ အဲဒီပြဿနာကြီးက ရန်ကုန်မြို့မှာ အကြီးအကျယ်ကြီး၊ အသည်းအသန်ကိုဖြစ်နေတာ” လို့ မိသားစုဝင်ပျောက်ဆုံးနေတဲ့ ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
တကယ်တော့ အဘသားတစ်ယောက်တင် ပေါ်တာဆွဲခံရဖို့ ကြုံတာမဟုတ်ပါဘူး။ ပြည်မြို့က ပြည်သူ့ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇေယျာဇော် တောင် ပြီးခဲ့တဲ့ မေလ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ၎င်းနေတဲ့ ပြည်မြို့၊ ဆံတော်ရပ်ကွက်က အိမ်မှာအိပ်နေစဥ် အိမ်ပေါ်တက် ပေါ်တာဆွဲခံလိုက်ရပါသေးတယ်။ ဒါပေမဲ့ နောက်တစ်ရက်မှာတော့ အမတ်လောင်းဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
အဘသားတွေ၊ စစ်ကောင်စီထောက်ခံသူတွေမို့ ပြန်လွတ်လာသူတွေရှိပေမဲ့ အများစုကတော့ ငွေနဲ့လိုက်ရွေးနိုင်ရင်ရွေး၊ မရွေးနိုင်ရင်တော့ သင်တန်းကျောင်းတွေရောက်သွားတာများတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်တပ်ဝါဒဖြန့်သူတွေ ၊စစ်တပ်ထောက်ခံသူတွေ ကနိုင်ငံတစ်ဝန်း ဒီလပိုင်းတိုက်ပွဲတွေမှာသူတို့နိုင်နေပြီလို့ အကြီးအကျယ်ဝါဒဖြန့်ကြပါတယ်။ဒါပေမယ့် ရန်ကုန် ၊မန္တလေး ၊မုံရွာ ၊မိတ္ထီလာ၊တောင်ကြီး၊စစ်တွေအပါအဝင် နိုင်ငံတစ်ဝန်းမြို့ကြီးတွေကစ စစ်တပ်ထိန်းချုပ်ထားတဲ့ ရွာတွေအဆုံး စစ်သားသစ်စုဆောင်းတာ ၊ပေါ်တာဆွဲတာတွေက ဒီလပိုင်းပိုဆိုးလာပါတယ် ။
တော်လှန်ရေးတပ်တွေကလည်း နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်တပ်က စစ်သားသစ်တွေကို ရှေ့ကနေ အသေခံတိုက်ခိုင်းပြီး သေဆုံးဒဏ်ရာရသူအများစုကလည်း စစ်သားသစ်တွေဖြစ်လို့ ပြည်သူတွေ စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင် ပါးပါးနပ်နပ်နဲ့ သတိထားနေထိုင်ကြဖို့ အကြံပြုနေကြပါတယ်။
“ ညီမ ဦးလေးလည်း ပျောက်သွားတာပါ။ ဘယ်လိုရှာ ရှာမရခဲ့ဘူး။ အဆက်အသွယ်ရတော့ စစ်သင်တန်းတက်နေရပြီ။အမြဲစစ်သားဆိုပြီး စာရင်းသွင်းပြီးလို့ဘယ်လိုလိုက်ထုတ်ထုတ် မရတော့ဘူးပြောပါတယ်။တကယ်က အဲထဲကိုလူပွဲစားတွေညဘက်ဓားထောက်ပြီး ခေါ်သွားပြီး ဖြစ်တာပါ။တပ်ထဲကိုလူစားထိုးရောင်းစားတာပါ။ စစ်သင်တန်းပြီး ၃လလောက်နေတော့မကြာပါဘူးရှေ့တန်းပို့ခံရပါတယ်။ မနေ့ကပဲဆုံးပါပြီ” လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက သူ့မိသားစုဝင်အတွေ့အကြုံကို ဝေမျှထားပါတယ်။
ဒီတခါ တံခါးခေါက်လာတာကတော့ ရန်ကုန်မြို့ကြီးပဲ ဖြစ်ပါတယ်။ သာမန်ပြည်သူတွေတင်မကဘဲ စစ်တပ်ထောက်ခံသူတွေအထိပါ ပေါ်တာဆွဲမှုတွေ နဖူးတွေ့၊ ဒူးတွေ့ ကြုံလာရပြီဖြစ်ပါတယ်။ ။



















































