close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ စစ်တပ်က တော်လှန်ရေးအဖွဲ့အစည်းနဲ့ ပြည်သူလူထုတွေကို မခွဲခြားနေတော့ဘဲ သူတို့ ကြဲချင်ရာကြဲတော့တာ”

KPSNမီဒီယာတာဝန်ခံစောအယ်ဒိုဝါးနဲ့မေးမြန်းခန်း

▪︎KPSNမီဒီယာတာဝန်ခံစောအယ်ဒိုဝါးနဲ့မေးမြန်းခန်း

စစ်တပ်ဟာ ၂၀၂၁အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေက တပ်စခန်းအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေ ပြန်ရဖို့နဲ့ မြေပြင်ထိန်းချုပ်ဖို့ ပြန်လည်ရရှိဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီး ပစ်ခတ်တာတွေပိုလုပ်လာပါတယ်။စစ်တပ်ရဲ့ ပစ်ခတ်မှုတွေဟာ စစ်ရေးပစ်မှတ်​တွေမဟုတ်ဘဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ၊စာသင်ကျောင်းတွေ ၊ ဘာသာရေးဆိုင်ရာ နေရာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေအပါအဝင် အရပ်သားရှိရာနေရာတွေ ထိမှန်ခဲ့ပါတယ်။

၂၀၂၅ အောက်တိုဘာကနေ ၂၀၂၆ မတ်လ ၆လတာကာလအတွင်း စစ်တပ်က ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ မြေပြင်ထိုးစစ်ပေါင်း ၁,၄၆၁ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား ၁၃၅ ဦး သေဆုံးခဲ့ပါတယ်။ ဒါအပြင် ၂၇၀ ဦး ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံ ၆၀၀ ခန့် ပျက်စီးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN က မေလ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ထိခိုက်မှုအများဆုံး ဒေသတွေဟာ ထိုင်းနိုင်ငံ နယ်စပ်နဲ့ နီးကပ်တဲ့ဒေသနဲ့ နယ်စပ်တစ်လျှောက်က KNU ရဲ့ အဓိကခြေကုပ်စခန်းတွေဖြစ်တဲ့ ကလယ်လွီထူး (ညောင်လေးပင်)၊ မြိတ်-ထားဝယ် (တနင်္သာရီ) နဲ့ မူတြော် (ဖာပွန်) တို့ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအများအပြား သေကြေဒဏ်ရာရခဲ့ပြီး ကော်သူးလေအတွင်းက စစ်ဘေးရှောင်ဦးရေမှာ နှစ်သန်းကျော်အထိ ရှိလာခဲ့ရာ စစ်ဘေးရှောင်တွေအတွက် ပြင်းထန်တဲ့ အစားအစာ ပြတ်လပ်မှုတွေကို ဖြေရှင်းဖို့ ရန်ပုံငွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ KPSN က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေအပါအဝင် အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး KPSNရဲ့ မီဒီယာတာဝန်ခံ စောအယ်ဒိုဝါးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဒလပန်း/People’s Spring

မေး -အခုနောက်ပိုင်း စစ်တပ်ရဲ့ ​လေ​​ကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှု အခြေအနေတွေက ဘယ်လိုမြင်တွေ့ရလဲ။

ဖြေ – ဒီ ခြောက်လအတွင်းမှာထူးခြားချက်က ၂၀၂၅ နှစ်ကုန်ပိုင်းအတောတွင်းပိုင်းမှာ အရင်ကဆိုရင် အရပ်သားပြည်သူတွေကို လေယာဥ် ဒါမှမဟုတ် လက်နက်ကြီးနဲ့ပဲ ပစ်မှတ်ထားပြီး ပစ်ခတ်တယ်။ ခြောက်သွေ့ရာသီစခါစမှာ အထူးသဖြင့် မြေပြန့်ဒေသမှာရှိတဲ့ ကော်သူးလေ ထိန်းချုပ်နယ်မြေတွေကိုသူတို့က ဂျိုင်ရိုကော်ပတာ ၊ ပါရာမော်တာတို့ သုံးတယ်။ လက်ရှိအနေထားအခြေအနေထိတော့ သူတို့ တိုက်ခိုက်တဲ့ ပုံစံပြောင်းသွားတယ် ။သူတို့တိုက်ခိုက်မှုက လေယာဥ်ဗုံးကြဲတဲ့နေရာမှာ အရင်ကဆိုရင် ၁၂၀ တို့ ၁၂၀ မမကြီးတို့ မပါဘူး။ပြောချင်တာက အရင်ကဆို သူတို့ရဲ့ လေယာဥ်ဗုံးတွေအတွဲလိုက်ဗုံးတွေပစ်တယ်။အခုနောက်ပိုင်းမှာကြတော့ တိုက်ခိုက်မှု ပုံစံကဗုံးရဲ့သုံးစွဲမှု ၊ ထုတ်လုပ်နိုင်မှု ရာခိုင်နှုန်းက လျော့သွားတာလားမသိဘူး ၁၂၀ တို့ ၁၂၀ မမအသီးတို့ အတွဲလိုက်ပစ်ချတာတွေရှိတယ်။

မေး – စစ်ရေးပစ်မှတ်တွေအပြင် အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်နေတဲ့ပုံစံမျိုးလား။ စစ်ရေးနဲ့ အရပ်သား နှစ်ခုမှာ စစ်တပ်ကဘယ်ဟာကို ပိုတိုက်ခိုက်​နေလဲ။

ဖြေ – နောက်ပိုင်းမှာကြတော့ သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းနဲ့ ပြည်သူလူထုတွေကိုမခွဲခြားနေတော့ဘဲနဲ့ သူတို့ ကြဲချင်ရာကြဲတော့တာပဲ။ ဆိုလိုချင်တာက သူတို့ ပြည်သူလူထုတွေကို အကြောက်တရားနဲ့ဖိနှိပ်တယ်ပေါ့။ အကြမ်းဖက်ဆန်တဲ့ သူတို့လုပ်ရပ်တွေကိုဖော်ပြတာပေါ့ နောက်တစ်ခုက စစ်အစိုးရအဆက်ဆက်ရဲ့ သူတို့ရဲ့ နည်းဗျူဟာအရဆိုရင် ပထမတိုက်ခိုက်မယ်၊ ဖိအားပေးမယ်။ တော်လှန်ရေးနယ်မြေမှာရှိတဲ့ ပြည်သူလူထုတွေကို အကြောက်တရားသွင်းမယ်ပြီးတော့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖိအားပေးမယ် တိုက်ခိုက်မယ် အဲ့နောက်ပိုင်းမှာ သူတို့ အနုနည်းနဲ့ တစ်ခါ စားပွဲဝိုင်းဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းကို သူတို့ကနေပြီးတော့ ငြိမ်းချမ်းရေးလိုချင်တောင်းတဆုံးသူပါဆိုတဲ့ အဲ့လိုလေသံမျိုးတွေ ပစ်လာမှာတော့ မြင်ယောင်မိတယ်။

မေး -စစ်တပ်အနေနဲ့ကော်သူးလေပြည်နယ်အတွင်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတော့ အရပ်သားပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲ​တွေရင်ဆိုင်နေရလဲ။

ဖြေ – ကော်သူးလေနယ်မြေအုပ်ချုပ်ပိုင်းအတွင်းဘက်ပိုင်းမှာ အတွင်းဘက်ပိုင်းမှာဆိုတာက ခရိုင်တပ်မဟာတွေရဲ့ နယ်စပ်နဲ့ နီးတဲ့အပိုင်းမှာကြတော့ သူတို့က အတွေ့အကြုံတွေ အမြဲတမ်းရှိတဲ့အခါကြတော့ အာဏာစသိမ်းတဲ့ချိန်ထဲက အတွေ့ကြုံရှိထားတဲ့အခါကြတော့သူတို့နည်းသူတို့ဟန်နဲ့ တိမ်းရှောင်ပြီးတော့ ကြိုတင်ကာကွယ်တာပေါ့။ ဒါပေမယ့် တချို့ ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ပဲခူးနယ်မြေတို့တနင်္သာရီတို့အဲ့ဘက် miss control area မှာကြတော့ ဒါမျိုးတွေအတွေ့အကြုံမရှိတဲ့အခါကြတော့ အဲ့လိုနေရာမှာ ဗုံးကြဲတိုက်ခိုက်ခံရတယ်ဆိုရင် ထိခိုက်မှုက ဒီဘက်ထက်စာရင်ပိုပြီးတော့များတယ်။

မေး – ဒီလို အရပ်သားတွေပါမကျန် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေအပေါ် ဘာပြောချင်လဲ။

ဖြေ – အကြမ်းဖက်နည်းနဲ့ တိုက်ခိုက်တယ် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်တယ်ဆိုတာက အရပ်သားပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ဖို့အတွက်သူတို့ မီးမောင်းထိုးပြလိုက်တာပဲ။ သူတို့အမြဲတမ်းပြောပြောနေတဲ့ ငြိမ်းချမ်းရေးလား၊အပစ်ခတ်ရပ်စဲရေးလား တိုင်းပြည်အေးချမ်းသာယာရေးလား အတူတကွယှဥ်တွဲနေထိုင်ရေးဆိုတဲ့ စကားတွေအမြဲတမ်းပြောပြောနေမယ့်လည်း စစ်ကောင်စီက သူတို့လုပ်ထုံးလုပ်နည်းအတိုင်းပဲ စစ်အာဏာရှင် တည်တံ့ခိုင်မြဲဖို့အတွက် အကြမ်းဖက်မှုနဲ့ပဲ ဖိအားပေးပြီး ပြည်သူလူထုကို တိုက်နေမှာပဲ။ တိုက်ခိုက်တဲ့ နေရာမှာလည်း တော်လှန်ရေးအဖွဲ့တွေလှုပ်ရှားတဲ့ နေရာကို သူတို့က သတ်သတ်မှတ်မှတ် မထားတော့ဘဲနဲ့ ပြည်သူလူထုတွေနေထိုင်တဲ့ကျေးရွာ စသဖြစ်အဲ့ရွာတွေကို တိုက်ခိုက်တယ်။ လေယာဥ်နဲ့ ဗုံးကြဲတယ်။ ပဲခူးတိုင်း တပ်မဟာ ၃ ကျောက်ကြီးမြို့နယ်ဘက်မှာဆိုရင် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းက ရွာတွေဆိုရင် အကုန်ပျက်လုနီးပါးဖြစ်သွားတာပဲ။နောက်တစ်ခု ဖြတ်လေးဖြတ်ခေတ်တုန်းကဆိုရင်လေယာဥ်တွေမသုံးသေးဘူး ဒီဘက် ၂၀ ရာစု စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာကြတော့ လေယာဥ်နဲ့ ရွာတွေကို လိုက်ပြီးတော့ပစ်မှတ််ထား ဗုံးတွေနဲ့ လိုက်ကြဲတယ်။ သူတို့ကတော့ ပြည်သူလူထုတွေကို အကြောက်တရားနဲ့ ထိန်းချုပ်မယ် သူတို့ အုပ်ချုပ်ရေးကို တည်မြဲအောင်လုပ်မယ်ဆိုတဲ့ အနေအထားမှာ ရှိတယ်။

မေး – စစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ KPSN အနေနဲ့ အာဆီယံ၊နိုင်ငံတကာအပါအဝင် အဖွဲ့အစည်းတွေကို ဘာတွေတောင်းဆိုချင်ပါလဲ။

​ဖြေ-ကျွန်တော်တို့ တောင်းဆိုချင်တာတော့ အဓိကကတော့ အာဆီယံနိုင်ငံတွေပေါ့ ။ အာဆီယံက တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်မှာ သူတို့လိုက်နာမှုမရှိဘူး ။ ဒါတွေကိုလိုက်နာမှုမရှိဘဲနဲ့ တက်လာတဲ့ ကိုယ့်ကိုယ်ကို တင်မြောက်ထားတဲ့ အစိုးရကို အသိအမှတ်မပြုပေးဖို့။ ပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာအထောက်အထားတွေ နယ်စပ်ဖြတ်ကျော်ခွင့် လမ်းဖွင့်ပေးဖို့ နောက်တစ်ခုက စစ်ကော်မရှင်ကနေပြီးတော့ သူတို့တင်သွင်းတဲ့ လေယာဥ်ဆီတို့ အဲ့တာတွေကို ဖိအားပေးပြီး အရင်ထက်ပိုထိရောက်အောင်လုပ်ဆောင်ပေးစေလိုပါတယ်။ နိုင်ငံတကာကိုလည်း အာဆီယံကို တောင်းဆိုသလို တောင်းဆိုချင်တယ်။စစ်အာဏာရှင်ကိုမကြိုက်လို့ တော်လှန်နေတဲ့ ပြည်သူလူထုအားလုံးရဲ့ နေ့တဒူဝရှေ့ရေးအတွက် လေးလေးနက်နက်စဥ်းစားပေးဖို့ တောင်းဆိုချင်တယ်။

အခုလို​ဖြေ​ပေးတာကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ