close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ဆီမီး ထိန်ထိန်လင်း စေချင်

“ပို့သံ ကြားတယ်။ ပို့သံဟေ့ မီးပိတ်ကြ” ဆိုတဲ့ အမျိုးသားတစ်ဦးရဲ့ အသံကြောင့် အားသွင်းမီးလုံးလေးတွေ အကုန် ပိတ်သွားပါတယ်။

နေ့သစ် / People’s Spring

“ပို့သံ ကြားတယ်။ ပို့သံဟေ့ မီးပိတ်ကြ” ဆိုတဲ့ အမျိုးသားတစ်ဦးရဲ့ အသံကြောင့် အားသွင်းမီးလုံးလေးတွေ အကုန် ပိတ်သွားပါတယ်။

ပတ်ဝန်းကျင်တစ်လုံးလုံး အမှောင်ကျသွားပြီးတော့ စက္ကန့်ပိုင်းအကြာမှာ ဝုန်းခနဲ ပေါက်ကွဲသံ ခပ်လှမ်းလှမ်းမှာ ကြားတော့မှသာ သူတို့ပေါ် မကျခဲ့လို့ သက်ပြင်းချနိုင်ကြပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ စဉ့်အိုးကျွန်းရွာရဲ့ အောက်တိုဘာ ညတစ်ညရဲ့ မြင်ကွင်း ဖြစ်ပါတယ်။ စစ်တပ်က ပစ်တဲ့ လက်နက်ကြီးဟာ စဉ့်အိုးကျွန်းရွာပေါ် မကျပေမယ့် သူတို့ရွာကို ကျော်ပြီး ဟင်္သာကြီးရွာဘက် ကျတဲ့ ပေါက်ကွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဧရာဝတီမြစ်ရဲ့ ကျွန်းပေါ်မှာရှိတဲ့ ရွာကလေးမှာ အောက်တိုဘာလ ၁၉ ရက် ည ဆိုလာမီးလုံး အရောင်ဖျော့ဖျော့အောက်မှာ အသက် ၂၀ ခန့်အရွယ် စည်သူ (လုံခြုံရေးကြောင့် အမည်လွှဲ) တစ်ယောက် ထိုင်နေပါတယ်။ သူနဲ့အတူ ရွာထဲက လူကြီးလေး၊ ငါးယောက်လောက်လည်း ရှိပေမယ့် စကားပြောသံ မကြားရဘဲ တိတ်ဆိတ်နေကြပါတယ်။

အဲဒီနေ့ မတိုင်ခင် နှစ်ရက်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ စဉ့်အိုးကျွန်းရွာပေါ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒရုန်းဗုံးကြောင့် ကံဆိုးစွာပဲ ကျွန်းပေါ်ကို စစ်ဘေးလာရှောင်နေတဲ့ စည်သူရဲ့ ဖခင် သေဆုံးခဲ့ပြီး မိခင် ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။

အသက် ၅၀ ကျော်အရွယ် မိခင်နဲ့ ဖခင်တို့နဲ့အတူ စည်သူဟာ နေထိုင်ပြီး မောင်နှမ မွေးချင်းမရှိတဲ့ တစ်ဦးတည်းသားပါ။ သူတို့ဇာတိက ဧရာဝတီမြစ်ကမ်းဘေးက ကြက်တူရွေးရွာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်က ကြက်တူရွေးရွာ တစ်ရွာလုံးကို ရွာထဲ အဝင်မခံဘဲ မောင်းထုတ်တာကြောင့် အနောက်ဘက် ကျွန်းပေါ်ကို လာပြီး စစ်ရှောင်နေကြရတာပါ။

ဒီကာလဟာ ကျွန်းပေါ်က တောင်သူတွေအတွက် စိုက်ပျိုးရာသီ ဖြစ်ပါတယ်။ ကြက်တူရွေးရွာမှာတော့ စစ်တပ်က ရွာအနီးက လယ်ဧက ထောင်နဲ့ချီတဲ့ စိုက်ပျိုးမြေတွေကိုပါ စစ်တပ်က လုပ်ခွင့် ပိတ်လိုက်တာပါ။ ဒါကြောင့် ကျွန်းပေါ်မှာရှိတဲ့ မြေဧက အနည်းငယ်ကို ရသမျှ စိုက်ပျိုး လုပ်ကိုင်နေကြရပါတယ်။

အခုလို ဆောင်းဦးရောက်ရင် နှမ်းခင်းကို ပေါင်းရှင်းရသလို၊ မြေပဲ စိုက်ဖို့ လယ်မြေတွေကိုလည်း ထွန်ယက်ရပါတယ်။ ညနေခင်း မိဘတွေကို လယ်ထဲ အလုပ်ကူပြီး စည်သူက ရေချိုးဖို့ မြစ်ဆိပ်ကို ဆင်းနေတာပါ။

အဲဒီအချိန် မီးအနီရောင် အစက်အပျောက်လေးနှစ်ခုကို သူ မြင်လိုက်ပါတယ်။ မြင်တွေ့နေကြမို့ ဒရုန်းတစ်စီး တက်လာပြီဆိုတာ သူ သိလိုက်ပါတယ်။ ရေကမ်းစပ် အနီး ပြေးဆင်းပြီး ဝပ်နေတယ်။

စစ်တပ်က ကြက်တူရွေးရွာရဲ့ တောင်ဘက်မှာရှိတဲ့ ကျွန်းကြီးရွာနဲ့ ကြက်တူရွေးရွာရဲ့ မြောက်ဘက်က ဆင်သေရွာမှာ တပ်စွဲထားပြီး ဒရုန်းတွေနဲ့ ဗုံးကြဲနေကြမို့ စည်သူအတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။

အရင်ကလည်း ဒရုန်းဗုံး ၂ လုံးလည်း အိမ်တွေထဲ ကျဘူးပါတယ်။ ဒါပေမယ့် အဲတုန်းက ကျွန်းမြေ အပျော့ပေါ် ကျတာမို့ ဗုံးတွေ မပေါက်ကွဲခဲ့ပါဘူး။ ဒီတစ်ခေါက် ဒရုန်းကတော့ လူနေအိမ်တွေဆီကို တန်းလာတာပါ။ ခဏကြာတော့ ပေါက်ကွဲသံ အကျယ်ကြီး ၂ ကြိမ်ကို ဆက်တိုက် ဆိုသလို ကြားလိုက်ရတယ်။

“လူထိတယ်ဆိုတာတော့ သိလိုက်တယ်။ ဒါပေမယ့် သူ့အိမ်နဲ့ ဝေးတာမို့ ကလေးကလည်း သူ့မိဘ ထိတယ်လို့တော့ မထင်ဘူး။ ထူးတော့ ထူးဆန်းတယ်။ ဗုံးကြဲပြီး နောက်တစ်စီး တက်လာတဲ့အထိကို သူ့မိဘ ထိမှန်းမသိသေးတဲ့ ကလေးက ရေထဲကတက်ပြီး အိမ်ကို အပြေးပြန်သွားတာ” လို့ ဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒရုန်း မလာခင် စည်သူရဲ့ မိဘ နှစ်ဦးစလုံးဟာ ရွာထဲက မိတ်ဆွေတစ်ဦးအိမ်ကို လယ်ယာ အငှားကိစ္စ စကားပြောဖို့ ရောက်နေကြတာပါ။ အိမ်ရှင် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး၊ သူ့ရဲ့ သမီး ဆယ်ကျော်သက်အရွယ် မိန်းကလေးတို့နဲ့အတူ တဲအောက်က စင်ပေါ်မှာ ထိုင် စကားပြောနေကြတုန်း ဒရုန်းတဲ့ ဗုံးကြဲခံရတာ ဖြစ်ပါတယ်။

ဒရုန်းပေါ်က ချတဲ့ ဗုံးက အနီးက အိမ်ကြီးတစ်လုံးပေါ် တည့်တည့် ကျသွားပါတယ်။ အိမ်က ခြေတံရှည် အမြင့်အိမ် ဖြစ်ပြီး ကျန်းမာရေးကြောင့် အိပ်ယာထဲ လဲနေတဲ့သူရှိတဲ့ အိမ်မို့ အားလုံးဟာ စိုးရိမ်တကြီး အဲဒီအိမ်ကို ကြည့်နေပါတယ်။

မျက်စိရှေ့တင် ဗုံးကျခဲ့ပြီး အိမ်ဟာ ခေါင်မိုးပါမကျန် ပျက်စီးခဲ့ပါတယ်။ အားလုံး ထိတ်လန့်နေကြချိန် ကျန်ဒရုန်းက စည်သူ့မိဘတွေ ရှိနေတဲ့ နေအိမ် တံစက်မြိတ်ကို ဗုံးထပ်ချလိုက်ပါတယ်။

ထိုင်နေတဲ့ စင်အောက်ကို ဆင်းဝပ်ပုန်းခိုနေကြရင်း တစ်ဖက် အိမ်ကို စိုးရိမ်တကြီး ကြည့်နေကြတဲ့ စည်သူရဲ့ မိဘနှစ်ပါးနဲ့ အိမ်ရှင် သားအမိ နှစ်ဦး စုစုပေါင်း ၄ ဦးဟာ ဗုံးထိမှန်ခဲ့ပါတယ်။ ဗုံးရဲ့ ပြင်းအားကြောင့် အိမ်ရှင် သားအမိနဲ့ စည်သူ့ဖခင်တို့ဟာ နေရာမှာတင် သေဆုံးသွားပါတယ်။ စည်သူ့မိခင်လည်း ဒဏ်ရာ ပြင်းထန်စွာနဲ့ ဆေးကုသမှု ခံယူနေရပါတယ်။

“ကလေးက သနားဖို့ကောင်းတယ်။ တစ်ယောက်တည်း ကျန်ခဲ့တာ။ အခု ဘယ်သူနဲ့မှလည်း စကားမပြောတော့ဘူး” လို့ ရပ်ကွက်က လူကြီးတစ်ဦးက ပြောပါတယ်။

စစ်ဘေးကြောင့် ဆွေမျိုးတွေလည်း မလာနိုင်တဲ့ ဖခင်ဖြစ်သူရဲ့ နာရေးကို လူနည်းနည်းလေးနဲ့ စည်သူ ပြုလုပ်ခဲ့ရပါတယ်။ သူ့အိမ်နဲ့ မနီးမဝေး အိမ်ကတော့ ဗုံးကျခဲ့ပြီး သားအမိ နှစ်ဦးစလုံး သေဆုံးခဲ့တဲ့ နာရေးအိမ်ပါ။

အရင်ကဆိုရင် တောဓလေ့အရ နာရေးတစ်ခု ရှိရင် တစ်ရွာလုံးက ဝိုင်းကူညီ လုပ်ကိုင်ပေးကြသလို ညလုံးပေါက် မီးစက် နှိုးပေးကြပါတယ်။ ဒါပေမယ့် ဒီနာရေး နှစ်ခုလုံးမှာ တစ်အိမ်ကို လူ ၅ ယောက်လောက်နဲ့ ဆိုလာ အားသွင်းမီး ရောင်ဖျော့ဖျော့အောက်မှာ တိတ်ဆိတ်လွန်းလှပါတယ်။

ညဦး ၇ နာရီလောက်မှာ လူကြီးတစ်ယောက်က “ပို့သံ ပို့သံ” လို့ အော်သတိပေးပြီး မီးပိတ်ကာ မြေပြင်ပေါ် ဝပ်လိုက်ကြပါတယ်။

“ပို့သံ” ဆိုတာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်တဲ့အချိန် စစချင်း ထွက်လာတဲ့ လေတိုးသံ ဖြစ်ပြီး ဒီအသံ ကြားပြီး စက္ကန့်ပိုင်းအကြာ ကျွန်းထဲက ကျေးရွာတစ်ရွာရွာမှာ ပေါက်ကွဲသံ ကြားရတာပါ။

လက်နက်ကြီး ပစ်သံတစ်ခုတည်းကို ပို့သံလို့ ခေါ်တာ မဟုတ်ဘဲ လက်နက်ငယ် သေနတ်နဲ့ ပစ်ရင်လည်း လေတိုးသံမျိုး ကြားရတတ်ပါတယ်။ အဲဒီအသံကို “ပို့သံ” လို့ ခေါ်ပြီး ပို့သံ ကြားရင် ဒီဒေသမှာ ကလေး လူကြီး မြေကြီးပေါ် ပြားပြားဝပ် နေရတာပါ။ နေရာစုံက ကျလာတဲ့ လက်နက်ကြီးဒဏ်ကို ဒီအသံနဲ့တင် ရမ်းသမ်းပြီး ရှောင်တိမ်း နေကြရတာ ဖြစ်ပါတယ်။

ဒါကြောင့် “ပို့သံ” ဆိုတဲ့ စကားလုံးဟာ ကျွန်းပေါ်က ပြည်သူတွေအတွက်တော့ အိပ်မက်ဆိုး တစ်ခု ဖြစ်ပါတယ်။

စစ်တပ်က ဒီနယ်တစ်ကြောကို လူအရိပ်ယောင် မမြင်ချင်ဘူးလို့ ကြေညာထားပြီး ညဘက်ဆို မီးရောင် မြင်ရာဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ကြတာပါ။

“နာရေးအိမ်တွေလည်း သနားစရာပါ။ တိတ်ဆိတ်နေတာပဲ။ မီးလည်း မထွန်းရဲဘူး။ မီးထွန်းရင် မီးရောင် မြင်တာနဲ့ လှမ်းပစ်တော့ ပြန်ပိတ်ပြီး ပြန်ဝပ် နေရတာ။ ကင်းထောက်တွေလည်း ဝဲတော့ ဘယ်သူမှလည်း နာရေးကို ကြာကြာ မနေရဲကြဘူး။ လူစုစု မြင်ရင် ကြဲမှာစိုးနေကြတာ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက လေသံတိုးတိုးနဲ့ ဖွင့်ဟပါတယ်။

ဒီအခြေအနေဟာ စဉ့်ကူးမြို့နယ် တစ်နေရာတည်းမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ဒီရွာတွေကနေ တောင်ဘက် ဆက်ပြီး မြစ်ကြောင်းအတိုင်း ဆင်းမယ်ဆိုရင် မတ္တရာမြို့နယ်အတွင်းက ရေလယ်ကျွန်း ကျေးရွာတွေ အားလုံး ဖြစ်ပါတယ်။

မတ္တရာမြို့နယ် အနောက်ခြမ်းက မြစ်ကမ်းဘေး ကျေးရွာတွေ ဖြစ်တဲ့ ဥဒိန်ရွာ၊ သဖန်းထောင့်၊ ကြိမ်တော၊ သုံးဆယ်ပေရွာတို့ကို စစ်တပ်က အထိုင်ချ တပ်စွဲပြီး ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သလို၊ တခါတလေ လေယာဉ်တွေနဲ့ပါ ဗုံးကြဲတတ်ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က စစ်တပ်ရဲ့ တံတားဦး လေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် မိုးကြိုးရွာက အမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် အိုင့်ဒိုင်ရွာက အသက် ၄၀ အရွယ် ဒေါ်သင်း ထိခိုက်သေဆုံးပြီး အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး၊ ရေလယ်ကျွန်းရွာက အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နေ့ရော၊ ညရော လက်နက်ကြီး ပစ်လိုက်၊ ဒရုန်းဗုံး ချလိုက်ပဲ။ လုပ်စရာအလုပ်က မရှိတော့ ပြေးလိုက်၊ လယ်လေး လာလုပ်လိုက် လုပ်နေကြရတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်ရက်တွေမှာ ပုံမှန်ဆိုရင် ဒီဒေသတွေမှာလည်း လူငယ်တွေဟာ ဖယောင်းတိုင် ကိုင်ကာ ဓမ္မစကြာ ရွတ်ဖတ်၍ ရွာကို အပြင်ဖက်ကနေ လှည့်လည်ကြပါတယ်။

သီတင်းကျွတ် မီးထွန်းပွဲမှာ ဗုဒ္ဓဘုရားရှင်ကို ဆီမီးနဲ့ ပူဇော်ကြပါတယ်။ မိဘ လူကြီးသူမတွေကိုလည်း ကန်တော့ကြပါတယ်။ ဒါ့အပြင် အညာ တောင်သူတွေကို အလုပ်အကျွေးပြုတဲ့ ကျွဲ၊ နွားတွေကိုပါ ဆီမီးနဲ့ ကန်တော့ကြ လေ့ရှိပါတယ်။

စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ အညာ ရေလယ်ကျွန်း ဒေသဟာ သီတင်းကျွတ်ကာလမှာ မီးထွန်းခွင့်တောင် မရကြပါဘူး။ မီးရောင် မြင်တိုင်း လက်နက်ကြီး၊ ငယ်တွေနဲ့ ပစ်ခဲ့တဲ့ စစ်တပ်ကြောင့် ၆ လအတွင်းမှာ စဉ့်ကူးမြို့နယ်က ဆင်သေ၊ ရွှေဘယက်၊ ရွာတော်၊ ကြက်တူရွေးရွာတွေက ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒါကြောင့် ရေလယ်ကျွန်းပေါ်က ပြည်သူတွေဟာလည်း အကြောက်တရား ကင်းကင်းနဲ့ ဆီမီး ထွန်းနိုင်မယ့် နေ့ရက်တွေကို မျှော်လင့်နေကြပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

"မြစ်အနောက်ဘက်ကစစ်ဘေးကနေမကွေး၊ တောင်ကြီး၊မန္တလေးအထိ—ရိုးရာပွဲတော်တွေ ဘယ်သူ့အတွက် စည်ကားနေကြသလဲ"

သတင်း

မန္တလေးမြို့မှာ သီတင်းကျွတ်ကာလ လပြည့်နဲ့ လပြည့်ကျော်တစ်ရက်နေ့တွေမှာ မီးပုံးပျံပျက်ကျလို့ လူနေအိမ် သုံးလုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်မို့ အညာဟာ ပူနွေးနေခဲ့တယ်။ အညာမြေ မန္တလေးတိုင်း၊ တောင်သာနယ်က ထန်းလက်မိုးထန်းလက်ကာ နေအိမ်လေးရှိတဲ့ ဝင်းကလေးထဲကို တောင်သာ PDF အဖွဲ့က တော်လှန်ရေး ရဲဘော်တွေ ဝင်လာခဲ့ကြတယ်။

သတင်း

မန္တလေးမြို့မှာ သီတင်းကျွတ်လပြည့်ညက မီးပုံးပျံတွေ ပျက်ကျပြီးမီးလောင်မှုတွေဖြစ်ခဲ့ပြီးတဲ့​နောက် လပြည့်ကျော် ၁ ရက်(အောက်တိုဘာ ၇) မှာတော့ မီးပုံးပျံ ပြုတ်ကျတာတွေကို စောင့်ကြည့် ပြီးမီးငြှိမ်းသတ်တာတွေ လုပ်ခဲ့တယ်လို့ အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့က အသိပေးလာပါတယ်။

Facebook