အိမ်သွင်/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားခြောက်ဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရရှိသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက စလင်းမြို့နယ် စမ်းကလေးနှင့် ခင်သာပြင်ကျေးရွာ စည်ဆွဲလမ်းဆုံအနီးတွင် ဒီဇင်ဘာ ၁၁ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးဒဏ်ရာရရှိပြီး ၎င်းတို့အနက် ခြောက်ဦးသေဆုံးသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement
“မိုင်းထိပြီးပြီးချင်း လူတွေဆွဲခေါ်တင်ပြီး ပစ်ခတ်ပြေးတာ။ ဒီကနေ့မှာတော့ လေကြောင်းက လာပစ်နေတယ်။ အရပ်သားတွေ ရှောင်ကြပေမယ့် အခြေအနေကသေချာမသိဘူးဖြစ်နေတယ်”ဟု စလင်းမြို့မှဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီက စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေသည်။
ယနေ့ ညနေ ၃နာရီခန့်တွင် စစ်ကောင်စီက Mi35ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုမသိရှိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာသည် တညောင်ကျေးရွာနှင့် နီးသည်။အဆိုပါ ကျေးရွာတွင် စစ်ကောင်စီ၏ နယ်မြေရဲစခန်းနှင့် လျှပ်စစ်ခွဲရုံရှိပြီး စစ်ကောင်စီက တပ်စွဲထားသည်။
ထို့ကြောင့် တပ်စွဲထားသောနေရာများအား စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်း-ပကဖ)နှင့် ရပ်ကျေး ပကဖများ၊ မင်းဘူးခရိုင် ပကဖ၊ မကွေးတိုင်း ပကဖ၊ Drone လက်ရုံးတပ်ဖွဲ့ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦး၊ Chauk Guerilla Force(CGF)တို့က ပြီးခဲ့သည့် နိုဝင်ဘာ ၅ရက်တွင် တိုက်ခိုက်ခဲ့သည်။















































