ဘုံရန်သူကိုထင်ရှားစွာတွေ့နေရပြီဖြစ်၍ အချင်းချင်းအာရုံမများဘဲ ဘုံရန်သူကို ချေမှုန်းရာ ဝေ့ဝိုက်မနေရန် တိုက်တွန်း
ဟန်နွေ/People’s Spring
နွေဦးတော်လှန်ရေးသည် နိုင်ငံအတွင်းရှိ လူမျိုးစုအားလုံး ၊ ပြည်သူလူထုအားလုံးနှင့် နိုင်ငံသားအားလုံးလွတ်မြောက်ရေးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပြီး တောင်တန်းနှင့် ပြည်မအကြား တော်လှန်ရေးပဋိဉာဉ် ရရှိရေးလိုလားကြောင်း၊ မဟာမိတ်စစ်ရေးတပ်ပေါင်းစုပေါ်ပေါက်ရေး မျှော်လင့်ကြောင်း အသိပေးခဲ့သည်။
ယနေ့ (ဖေဖော်ဝါရီ ၁၂ရက်) ကျရောက်သော (၇၈)နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထမ်းအမှတ် အခမ်းအနား၌ ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“နွေဦးတော်လှန်ရေးအတွင်းမှာ ပင်လုံသဘောတူညီမှုကဲ့သို့ ပြည်မနဲ့ တောင်တန်းအကြားတော်လှန် ရေး ပဋိဉာဉ်တရပ် ခိုင်ခိုင်မာမာ ပေါ်ပေါက်ရေးကို ကျနော်တို့ အလိုရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစု အားလုံးပေါင်းစည်းဖွဲ့စည်းထားတဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစုကြီး ပေါ်ပေါက်ဖို့အတွက် ကျနော်တို့အားလုံးမျှော်လင့်ထားကြပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ပင်လုံသဘောတူညီမှု အကျိုးဆက်အနေဖြင့် ၁၉၄၈တွင် အင်္ဂလိပ်ကိုနီလက်အောက်မှ လွတ်မြောက်ခဲ့သော်လည်း နိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးများသည် ဗမာလူမျိုးကြီးဝါဒ၏ နိုင့်ထက်စီးနင်းလုပ်မှုကိုထပ်မံ ခံစားခဲ့ရကြာင်း၊ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ် တပါတည်း ပါလာခြင်းမှာပင်လုံသဘောတူညီချက်မှတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို မျက်ကွယ်ပြုခဲ့၍ ဖြစ်သည်မှာ ထင်ရှားကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံသည် စစ်အာဏာရှင်ဝါဒီများ၏ အဖျက်အမှောက်ထဲ၌ ဝဲလည်လိုက်နေ၍ ဗမာလူမျိုးများအပါအဝင် ဗမာမဟုတ်သည့် လူမျိုးများလည်း လွတ်လပ်မှုနှင့် ကင်းကွာပြီး အထွေထွေဆင်းရဲဒုက္ခ ကျရောက်ခဲ့ရသည်ဟု အသိပေးသည်။
ယခု နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ လွတ်မြောက်ရေးဖြစ်သကဲ့သို့ လူမျိုးရေးအရလည်း လွတ်မြောက်ရေးဖြစ်ကြောင်း ၊ လူမှုလူတန်းစားအားလုံး အဖိနှိပ်ခံဘ၀မှ အလုံးစုံလွတ်မြောက်ရေးဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
“နွေဦးတော်လှန်ရေးဟာ ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရယ်လို့ ခွဲခြားတော်လှန်တဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာ သတိချပ်ဖို့လိုပါတယ်”ဟုလည်း ယာယီသမ္မတက ပြောကြားသည်။
နွေဦးတော်လှန်ရေး၏ အနှစ်သာရသည် လူမျိုးအားလုံးကြောက်ရွံ့မှုက လွတ်မြောက်ရေးဖြစ်သည်ဟု ပြောသည်။
နွေဦးတော်လှန်ရေးသည် လွတ်လပ်ပြီးခေတ်နောက်ပိုင်း ဖြစ်ပျက်တွေ့ကြုံခဲ့သည့် တော်လှန်ရေးများ၌ အကြီးကျယ်ဆုံး အပြင်းထန်ဆုံးနှင့်အကျယ်ပြန့်ဆုံးသော လူထုတော်လှန်ရေးဖြစ်သည်ကို အားလုံးက အသိအမှတ်ပြုရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့အပြင် လက်ရှိအချိန်၌ ဘုံရန်သူသည် စစ်ကောင်စီ ဖြစ်သည်မှာ ထင်ရှားကြောင်းလည်း ပြောကြားသည်။
“အဲဒီအတွက် ဘုံရန်သူဟာ အာဏာသိမ်းစစ်ကောင်စီပဲဖြစ်ပါတယ်။ဘုံရန်သူကို ထင်ထင်ရှားရှားမြင်တွေ့နေရချိန်မှာ ကျနော်တို့ဟာ အချင်းချင်း အာရုံမများဖို့လိုပါတယ်။ လိုရင်းကို ရောက်အောင်လုပ်ကြမှာ လူထုအတွက်လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေအမြန်ဖြစ်နိုင်မယ်ဆိုတာ ပြောချင်ပါတယ်။ ဘုံရန်သူကို ချေမှုန်းတဲ့နေရာမှာကျနော်တို့ဟာ ဝေ့နေဝိုက်နေလို့ မရပါဘူး။ ခပ်ကွင်းပြင်ပြီး အချိန်ကုန်နေလို့လည်း မရဘူးလို့ပြောချင်ပါတယ်။ ခုခံတော်လှန်စစ်မှာ စစ်ရေး ကြိုတင်ပြင်ဆင်မှုဟာ အရေးကြီးတာ မှန်ပေမယ့်သံပူတုန်းနာနာ မနှက်နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့ တော်လှန်ရေးသမိုင်းမှာ ရတောင့်ရခဲ အခွင့်အရေးတွေ ဆုံးရှုံးနိုင်တယ်ဆိုတာ သတိချပ်ဖို့ လိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ထို့အပြင် ရန်သူကို ဝိုင်းဝန်းချေမှုန်းရာတွင် တော်လှန်ရေး အင်အားစုအချင်းချင်းအကြား ပွတ်တိုက်မှု ထိပ်တိုက်တိုးမှု မဖြစ်အာင် သတိရှိကြရန်လည်းယာယီသမ္မတက မေတ္တာရပ်ခံခဲ့သည်။
” ဒါ့အပြင် အချင်းချင်း ဖြစ်ပေါ်လာတဲ့ ကတောက်ကဆဖြစ်ရပ်တွေကို လက်နက်နဲ့ မဖြေရှင်းကြဖို့ သေနတ်သံမဖောက်ဘဲ ဖြေရှင်းကြဖို့ ကျနော့်အနေနဲ့ အလေးအနက် တိုက်တွန်းချင်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။
ခေတ်ကတွန်းတင်ပေးလိုက်သည့် တာဝန်များကို လက်ရှိမျိုးဆက်က အပြီးအပြတ် တာဝန်ယူပြီး မျိုးဆက်သစ်များကို တာဝန်အသစ်များ ဆက်လက်ထမ်းဆောင်စေရမည်ဖြစ်ကြောင်း၊ လက်ရှိ မျိုးဆက်က တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ပြီး မျိုးဆက်သစ်များက တိုင်းပြည် ၏ အနာဂတ်တည်ဆောက်ရေး တာဝန်တွေကို ထမ်းရွက်စေဖို့ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ ထမ်းဆောင်နေတဲ့ တော်လှန်ရေးတာဝန်တွေကို ကျနော်တို့ မျိုးဆက်မှာပဲ အပြီးသတ် ထမ်းဆောင်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ရဲ့မျိုးဆက်သစ်တွေကို ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ဆက်လက် လက်ဆင့်ကမ်းကြဖို့ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။
အခမ်းအနားတွင် တိုင်းရင်းသားအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကိုယ်စားလှယ်များ လည်းတက်ရောက်ခဲ့ကြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောသမိန်ထွန်းကလည်း တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု ၏ စိတ်ဓာတ်မှာ ဖိနှိပ်လေထကြွလေဖြစ်ကြောင်း ပြောသည်။
“အရေးကြီးတာက ဒီဟာကြီးကို တည့်တည့်မတ်မတ်နဲ့ မှန်မှန်ကန်ကန်ဖြစ်သွားအောင် ပြုစုထိန်းကြောင်းပေးရမှာကတော့ တာဝန်ရှိ တဲ့ လက်ရှိ နိုင်ငံရေး ခေါင်းဆောင်တွေပဲ။ အဲဒီတော့ ဒါကို စနစ်တကျ လုပ်သွားဖို့ဖြစ်ပါတယ်။ လူငယ် တွေရဲ့ တက်ကြွမှုကို အလဟသ အဖိတ်အစင်မဖြစ်ရအောင် ကျနော်တို့က သေသေချာချာ ထိန်းကြောင်းပြီးမှ ဦးတည်ချက်ရှိရှိ ဒီကနေ့ တပြည်လုံးရဲ့ဘုံရန်သူကို ကျနော်တို့ တိုက်သွားဖို့ပဲလိုတယ်”ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။
ထို့အပြင် ရန်သူကလည်း NUGနှင့် PDFကို ဖြိုခွဲနေသကဲ့သို့ PDFနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအကြား ဖြိုခွဲလျက်ရှိရာ ယင်းသို့ လုပ်ဆောင်မှုကို ခေါင်းထဲမထဲဘဲဘုံရန်သူကို ဦးတည်တိုက်ရန် KNU ခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီတပ်နှင့် စကားပြောမည်ဆိုပါက စစ်တပ် နိုင်ငံရေးက မည်သည့်အချိန်မှ ထွက်မည်မဟုတ်ဘဲ စနစ်သစ် တည်ဆောက်နိုင်မည်မဟုတ်ကြောင်း ပြောကြားသည်။
“စေ့စပ်ဆွေးနွေးရေးဆိုတာတော့ ဒါကအဓိက မထားချင်ဘူး။ ဘုံရန်သူကိုတော့ ရှိတဲ့ခွန်အားနဲ့ အကုန်လုံးကတော့ တိုက်မှပဲ။ မတိုက်ရင်တော့ စနစ်သစ်တခုကို ထူထောင်လို့မရတော့ဘူးလို့ ကျနော်ဒီအတိုင်းပဲထင်တယ်”ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။
လက်ရှိကာလတွင် လူကြီး၊ လူလတ်ပိုင်းများက လူငယ်များ၏ တက်ကြွမှုကို စနစ်တကျ တည့်မတ်ပေးပြီး အနာဂတ်တွင်လူငယ်များ ဦးဆောင်ကာ မည်သည့်ကာလတွင်မှ စစ်အာဏာရှင် စနစ်မပေါ်ပေါက်စေရန်၊ လူမျိုးကြီးဝါဒ အသွင်မပေါ်ပေါက်စေရန် ဆောင်ရွက်သွားရမည်ဟု ဝါရင့်တော်လှန်ရေးခေါင်းဆောင် ပဒိုစောသမိန်ထွန်းက ပြောသည်။
အပြောမဟုတ်သည့် ၊ စံသတ်မှတ်ချက် မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံ တည်ဆောက်နိုင်ရေး တက်ညီလက်ညီ ရုန်းကန်သွားရန် ၎င်းက တိုက်တွန်းလိုက်သည်။
“အရေးတော်ပုံကတော့ အောင်အောင်ကြိုးစားကြပါဗျာ”ဟု ပဒိုစောသမိန်ထွန်းက ပြောကြားသည်။
