မေ – ၂၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီတပ် စခန်းတွေ ထဲက ဘလက်ဒို တပ်စခန်း ကို ဒီနေ့ (မေလ ၂၃) မှာ သိမ်းယူလိုက်ပြီလို့ KNU အုပ်ချုပ်ရေးပိုင်းရဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားတရာက အတည်ပြုပါတယ်။
ဘဘက်ဒို တပ်စခန်းဟာ မြဝတီမြို့နယ် ၊ဝေါ်လေမြို့ ၊ ဘလက်ဒိုကျေးရွာ နားမှာရှိပြီး ဒီနေ့ မနက်ပိုင်းမှာ သိမ်းလိုက်တာပါ။

KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ ဘလက်ဒို တပ်စခန်းတည်ရှိတဲ့ ဝေါ်လေမြို့ဟာ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲမှာ ပါဝင်တယ်လို့သိရပါတယ်။

Public Service Announcement
တပ်စခန်းကို သိမ်းလိုက်ပြီး နေ့ခင်းပိုင်းတစ်နာရီအချိန်မှာတော့ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်းပြောပါတယ်။
ဘလက်ဒိုစခန်းဟာ ဝေါ်လေဗျုဟာ စခန်း ၊ ဥကရစ်ထ စခန်းတွေရဲ့ ကာကင်း တစ်ခုဖြစ်ပြီး အဲဒီကင်းစခန်းကျပြီးနောက်မှာ မြဝတီ – ဝေါ်လေ လမ်းပိုင်းပေါ်က သေဘောဘိုးရွာမှာရှိတဲ့ သေဘောဘိုး တပ်စခန်းကိုဆက်လက်တိုက်ခိုက်ဖို့ လွယ်ကူသွားပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
မြဝတီမြို့တောင် ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဝေါ်လေ ၊ ကနဲလေး၊ ဘလက်ဒို ၊မော်ခီး နဲ့ သေဘောဘိုး တပ်စခန်းတွေ ဟာ မေလ ၂၀ ရက်က ဒရုန်းနဲ့ စတင်တိုက်ခိုက်ခံရတာပါ။
အဲဒီတပ်စခန်းတွေဟာ KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာတည်ရှိပါတယ်။
KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက် ခိုက် သိမ်းယူပြီးနောက် တပ်မဟာ ( ၆) ဘက်က နယ်စပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။
ဘလက်ဒို စခန်း ကျသွားပေမယ့် KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်း၊ ဝေါ်လေဒေသမှာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေအနေနဲ့ ဝေါ်လေဗျုဟာ ၊ သေဘောဘိုး၊ ဝါးမီထ၊ ဥကရစ်ထ၊ ကနဲလေး၊ မော်ခီး တပ်စခန်းတွေ ကျန်ရှိနေပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ထိုင်းနယ်စပ်တလျှောက်မှာ တပ်စွဲထားတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။
