ဇူလိုင်-၂၆၊၂၀၂၅။နေ့သစ်/People’s Spring
မတ္တရာမြို့နယ် အရှေ့ခြမ်းနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်ကောင်စီတပ်က တရုတ်နိုင်ငံသားပိုင်တဲ့ Alpha ဘိလပ်မြေ စက်ရုံကို လေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။
တရုတ်နိုင်ငံသားပိုင်တဲ့ Alpha ဘိလပ်မြေစက်ရုံကို ၁၀၂၇ ဒုတိယလှိုင်း (ခေါ်) ရှမ်း-မန်း စစ်ဆင်ရေးမှာပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ မဟာမိတ်တွေက ၂၀၂၄ ဇူလိုင် ၁၆ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။စစ်သားစတွေဟာ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းမှဆုတ်ခွါပြေးတဲ့အခါ စက်ရုံအဆောက်အဦးတွေကို မီးရှို့သွားခဲ့တယ်လို့ မန္တလေး PDF ကထုတ်ပြန်ပါတယ် ။
စက်ရုံက တရုတ်နိုင်ငံသား ၁၅ ဦးကို မန္တလေး PDFက ၂၀၂၄ သြဂုတ်လဆန်းမှာ သူတို့ဆန္ဒအရ ဘေးကင်းတဲ့နေရာအထိ့ပြန်ပို့ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။ စက်ရုံဟာတရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်နေဆဲပဲလို့စုံစမ်းသိရပါတယ်။

Public Service Announcement
တရုတ်နိုင်ငံ အန်ဟွေ (Anhui )ပြည်နယ်၊ ဝူဟူ မြို့ရှိ Anhui Conch ဘိလပ်မြေကုမ္ပဏီ နဲ့ မြန်မာကုမ္ပဏီ Myint Investment Group တို့ က ပူးပေါင်းရင်းနှီးမြှုပ်နှံထားတဲ့စက်ရုံဖြစ်ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ၂၀၁၇ အောက်တိုဘာလမှစတင်ခွင့်ပြုခဲ့ပြီးတော့ နှစ် ၅၀ လုပ်ခွင့်ရထားတဲ့စက်ရုံဖြစ်ပါတယ်။
စီမံကိန်းကနဦးမတည်ငွေမှာ ဒေါ်လာ ၂၅ သန်းခန့်ဖြစ်ပြီးစီမံကိန်းတစ်ခုလုံးရင်းနှီးမြှပ်နှံမှုတန်ဖိုး ဒေါ်လာ သန်း ၂၂၀ ခန့်ရှိပါတယ် ။
ဒီရက်ပိုင်းအတွင်းတိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းကနေ တရုတ်နိုင်ငံသားပိုင်စက်ရုံကိုဦးတည်ပြီး အပြင်းအထန်ဗုံးကြဲလာတာလို့ ဒေသခံအချို့ကပြောပါတယ် ။
ဇးလိုင် ၂၅ ရက်နေ့မှာ Alpha ဘိလပ်မြေစက်ရုံ နဲ့ PDF တွေသိမ်းပိုက်ထားတဲ့မြကံသာ ၊သရက်ကုန်းရွာတွေကို အကြိမ်ရေ ၅၀ လောက်ဗုံးကြဲခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ် ။
မန္တလေးPDF ပြောရးဆိုခွင့်ရှိသူ ကိုအော်စမွန်ကိုဆင်သွယ်မေးမြန်းရာ စစ်တပ်က ဘိလပ်မြေစက်ရုံကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတယ်လို့အတည်ပြုပါတယ် ။
“Alpha ဘိလပ်မြေစက်ရုံထဲကို အရင်ထဲက စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာရှိပါတယ် ။ကျွန်တော်တို့ မြကံသာ ၊သရက်ကုန်း ၊ထန်းပင်ကုန်း တပ်စခန်းတွေကို သိမ်းရပြီးနောက်ပိုင်းမှာဆိုရင် ခပ်စိပ်စိပ် ပိုလုပ်လာတာမျိုးတွေ့ရပါတယ် ။ ဂျက်ဖိုက်တာဂျက်နဲ့လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ၊ Y-12 နဲ့လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်ပြုလုပ်ခဲ့ပြီးတော့ လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့်မို့ Alpha ဘီလပ်မြေ စက်ရုံအတွင်းမှာ အဆောက်အဦးတွေ ကြီးကြီးမားမားပျက်စီးခဲ့တာမျိုးရှိတယ်လို့ ကျွန်တော်တို့သိရပါတယ်ဗျ ” လို့ကိုအော်စမွန်က ပြောပါတယ် ။
မတ္တရာမြို့နယ်အရှေ့ခြမ်းကို ထိန်းချုပ်နိုင်ဖို့နဲ့ မန္တလေး-မတ္တရာလမ်းကိုထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်အားအများအပြား နဲ့ လေကြောင်း ၊လက်နက်ကြီးပစ်ကူတွေအသုံးပြုပြီး ၂၀၂၅ နှစ်ဆန်းပိုင်းကနေ တန်ပြန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ် ။တန်ပြန်ထိုးစစ်ဆင်နေတဲ့စစ်တပ်ရဲ့နောက်တန်းအထိုင်စခန်းတွေကိုဇူလိုင်၂၀ရက်နေ့မှာမှာမန္တလေး PDF နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကလျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ် ။
မတ္တရာမြို့နယ်ထန်းပင်ကုန်းရွာနဲ့ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းရွာ၊ မြကန်သာရွာတွေကတပ်စခန်းတွေအားလုံးကို တိုက်ခိုက်ပြီးတော့အပြီး တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီထုတ် လက်နက်ခဲယမ်းတွေ အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်။ အဲဒီသုံးရွာစလုံးဟာ မန္တလေးမြို့လယ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ၁၅ မိုင်ဝန်းကျင်ပဲကွာဝေးတာဖြစ်ပါတယ် ။
ဒါကြောင့် စစ်တပ်က ရွာသုံးရွာကိုပြန်ရဖို့ စစ်ကူအများအပြားပို့သလို ၊လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီးအပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ် ။
Alpha ဘိလပ်မြေစက်ရုံဟာနွေဦးတော်လှန်ရေးမှာတရုတ်နိုင်ငံသားပိုင် စက်ရုံကို PDF တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့စက်ရုံဖြစ်ပါတယ် ။ အဲဒီစက်ရုံပြီးတော့ PDF တွေက ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ် စက်ရုံကို ဆက်လက် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။
