ဩဂုတ်၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် လပတ်ကျေးရွာတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲများက အရပ်သားများအား သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီ၏ မဟုတ်မမှန်လုပ်ကြံဖန်တီးထားသော ပြောဆိုမှုများနှင့် သတင်းဖြန့်ဝေမှုများအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဩဂုတ်၁ရက်) ထုတ်ပြန်ရှင်းလင်းသည်။
အရပ်သား ၁၃ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး ၁၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု စွပ်စွဲထားသော စစ်ကောင်စီချုပ်ကိုင်သော သတင်းမီဒီယာများနှင့် ၎င်းတိုစစ်လော်ဘီများ၏ ဝါဒဖြန့်မှုသည် လုံးဝအခြေအမြစ်မရှိဘဲ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖြားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖော်ပြသည်။
KNU ပူးပေါင်းတပ်သည် ဇူလိုင် ၂၅ရက်က ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းရွာနှင့် လပတ်ရွာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
လပတ်နှင့် အနီးတစ်ဝိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီစစ်သား ၁၈ဦးနှင့် ပျူစောထီး ၁၄ဦး အပါအဝင် ရန်သူအားလုံးစုစုပေါင်း ၃၂ဦး သေဆုံးခဲ့ကြောင်း KNUက အသိပေးသည်။ ထိုကြောင့် စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် မနားတမ်းမျှတမှုမဲ့စွာ ပစ်ခတ်တုံပြန်ခဲ့ရာ အရပ်သားများ ပိုမိုအန္တရာယ်ဖြစ်စေခဲ့ဟု KNUက ထုတ်ပြန်သည်။
သို့သော် အဆိုပါ အခြေအနေများအကြား အရပ်သားအများအပြားကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲများမှ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။
PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၏ ဇူလိုင် ၂၆ရက် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် လပတ်ရွာတိုက်ပွဲတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် မိသားစုဝင်များကိုပါ တော်လှန်ရေးတပ်ဖွဲ့များက ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
လပတ်ကျေးရွာအခင်းနှင့် ပတ်သက်၍ စစ်ကောင်စီ၏ လုပ်ကြံဖန်တီးထားသော သတင်းများသည် စစ်ကောင်စီ စစ်ထောက်လှမ်းရေးတာဝန်ယူထားသည့် တပ်ရင်းအမှတ် (၆ဝ) ဗိုလ်ကြီးဇေယျာလင်းမှ စတင်သတင်းဖြန့်ခဲ့ သည်ဟုယူဆရပြီး လိမ်လည်သတင်းကို ကြားသိတွေ့ရှိသည့် တချိန်တည်းတွင် အလျင်မြန် တုံပြန်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ မြေပြင်ဖြစ်ရပ်အမှန်တရားကို သေချာတိကျစွာ စီစစ်ရခြင်း ဖြစ်သည့်အတွက် ယခုမှသာ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNUက ရှင်းပြသည်။
လပတ်ရွာတိုက်ပွဲ ဖြစ်ပွားချိန် ကျေးရွာနေပြည်သူများသည် တိုက်ပွဲအတွင်းပိတ်မိနေခဲ့ကြောင်း၊ ပိတ်မိနေသော ပြည်သူအချို့ ဘေးဖက်အပြင်သို့ ကယ်ထုတ်ခဲ့ရကြောင်း KNUက ထုတ်ပြန်သည်။
လယ်ဒို (ကျောက်ကြီး)ဖက်မှ စစ်ကောင်စီစစ်ကူ စစ်ကြောင်းထိုးလာပြီး လက်နက်ငယ်၊ လက်နက်ကြီးများနှင့် လေကြောင်းမှ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာရ၊ သေဆုံးခဲ့သည့် ပြည်သူများကိုထားရစ်ခဲ့ရကြောင်း၊ နောက်တွင် ရန်သူသည် ကျန်ရစ်သူများကို ဖမ်းဆီးခဲ့ကြောင်း KNUက ရှင်းလင်းသည်။
မြေပြင်စုံစမ်းစစ်ဆေးမှုများအရ အဆိုပါဖြစ်ရပ်သည် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကြောင့် ၎င်းတိုကိုယ်တိုင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုနိုင်ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီသည် ၎င်း၏တပ်များနှင့် ၎င်း၏လက်အောက်ခံ ပျူစောထီးများကို အရပ်သားနယ်မြေများတွင် ရည်ရွက်ချက်ရှိရှိ နေရာချထားကြောင်း၊ ပူးပေါင်းတပ်ဖွဲမှ လုပ်ဆောင်သော စစ်ရေးလှုပ်ရှားမှုများသည် အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိပဲ စစ်ကောင်စီတပ်များကိုသာ အဓိကပစ်မှတ်ထားကြောင်း KNUက သတင်းထုတ်ပြန်သည်။
KNUသည် အရပ်သားများကို အကာအကွယ်ပေးရန်နှင့် အမှန်တရား ကို လက်ကိုင်ထားရန် ကတိကဝတ်ပြုထားဟုလည်း အသိပေးသည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ မဟုတ်မမှန် လုပ်ကြံဖန်တီးထားသော သတင်းများကို ပြင်းထန်စွာ ရှုတ်ချပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ရန်လည်း KNUက တောင်းဆိုခဲ့သည်။
KNUသည် အရပ်သားများ အကာအကွယ်ပေးရေးကို အလေးထားသည့်တပ်ဖွဲ့ဖြစ်ပြီး အရပ်သားပစ်မှတ်များ ရှောင်ရှားရန် ပျက်ကွက်ခဲ့သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကိုပင် ရာထူးတာဝန်က ဆိုင်းငံရပ်ဆိုင်းကာ စုံစမ်းစစ်ဆေးရန် လုပ်ဆောင်ခဲ့သည်။
KNU၏ စုံစမ်းစစ်ဆေးမှုကို လက်မခံသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို နောက်ပိုင်းတွင် အဖွဲ့မှ ထုတ်ပယ်ခဲ့ဖူးသည်။ ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ခံတပ်သည် မြ၀တီမြို့နယ် ဝေါ်လေဒေသ၌ အရပ်သားများ သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ KNUက စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးရာ အကြိမ်ကြိမ်ဆင့်ခေါ်ခဲ့သော်လည်း တာဝန်ခံဖြေရှင်းခြင်းမပြုသည့်အပြင် KTLAဟု အဖွဲ့ခွဲဖွဲ့စည်း၍ ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။
” ဒီနေ့ တွေ့ကြုံနေရတဲ့ စစ်ကောင်စီတပ်က ဒီလိုမျိုး လုပ်ပြီး ပြည်သူကို အကာအကွယ် မပေးဘဲ ဒီလို သတ်ဖြတ်နေတယ်ဆိုတာ ကျနော်တို့က ဒီစနစ်ကို ကြုံခဲ့ရပြီးတဲ့နောက်မှာ ကျနော်တို့ လက်ထဲရောက်လာမယ့် စနစ်ဟာ ဒီထက်အများကြီး ပိုပြီးတော့ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတာ သေချာတယ်လေ။ အဲဒီ ပြုပြင်ပြောင်းလဲမှု အလုပ်ခံမယ့် တပ်ကို ကျနော်တို့ တကယ်လိုအပ်တယ်။ ဒီလိုမျိုး ပြုပြင်ပြောင်းလဲမှု အလုပ်မခံချင်တဲ့ တပ်မျိုးက တော်တော် အန္တရာယ် ကြီးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရန်သူပဲ ဖြစ်ဖြစ် ကိုယ့်ကိုဘယ်လောက်ပဲ ရက်စက်ယုတ်မာတာပဲဖြစ်ဖြစ် ကိုယ့်လက်အောက်မှာဖမ်းမိပြီဆိုရင်အာဃာတတရားကိုရှေ့တန်းတင်လို့ မရတော့ဘူး။ သွားပြီးတော့ ပစ်သတ်တာ ကျနော်တို့ အဖွဲ့အစည်းမှာ လုံး၀ သည်းခံလို့မရဘူး”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အရပ်သားများကိုသာမက ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပင် ဥပဒေနှင့်အညီ ကိုင်တွယ်ကြရမည်အခြေအနေအပေါ် ရှင်းလင်းပြောကြားထားသည်။
