close
Connect with us

Hi, what are you looking for?

ဆောင်းပါး

နောင်ချိုမှာ ပြန်​ပေါ်လာတဲ့​အောင်​ဇေယျ

စစ်​ကောင်စီက နောင်ချိုမြို့ကိုထိန်းချုပ်ပြီး ငါးရက်အကြာမှာ အာဏာသိမ်းဒုတိယ​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ​နောင်ချိုကို အရာတစ်ခုသယ်လာပါတယ်။ သူသယ်လာတာက ​အောင်​ဇေယျ စစ်ဆင်​ရေး ဆိုတဲ့အမည်ဖြစ်ပါတယ်။

နောင်ချိုမြို့ကို ဇူလိုင် ၂၁ ရက်မှာလာ၍ ​အောင်​ဇေယျစစ်ဆင်​ရေးဖြင့် သိမ်းပိုက်ခဲ့တာလို့ဝါဒဖြန့်ခဲ့တဲ့ အာဏာသိမ်းဒု​ခေါင်း​​ဆောင် ။ ဓါတ်ပုံ- စစ်​ကောင်စီ

ခွန်ဖ၊ သတိုး/People’s Spring

စစ်​ကောင်စီက နောင်ချိုမြို့ကိုထိန်းချုပ်ပြီး ငါးရက်အကြာမှာ အာဏာသိမ်းဒုတိယ​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ​နောင်ချိုကို အရာတစ်ခုသယ်လာပါတယ်။ သူသယ်လာတာက ​အောင်​ဇေယျ စစ်ဆင်​ရေး ဆိုတဲ့အမည်ဖြစ်ပါတယ်။ ​​စစ်​ကောင်စီက ​နောင်ချိုမြို့ကို TNLA ထံက​နေ ပြန်လည်သိမ်းပိုက်ထိန်းချုပ်ပြီး စစ်​ကောင်စီဝါဒဖြန့် မီဒီယာ​တွေမှာ စစ်တပ်က​နောင်ချိုကို “အကြမ်းဖက်​ချေမှုန်း​ရေး စစ်ဆင်​ရေး” ဖြင့် တန်ပြန်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တယ်လို့ အကြီးအကျယ် ဝါဒဖြန့်ခဲ့​ပေမယ့် အာဏာသိမ်းဒု​ခေါင်း​ဆောင်က ​​အောင်​ဇေယျစစ်ဆင်​ရေးနဲ့ သိမ်းပိုက်ခဲ့တယ်လို့ ဆိုပြန်ပါတယ်။

ဇူလိုင် ၂၁ရက်မှာတော့ ဒုချုပ်စိုးဝင်းကိုယ်တိုင် နောင်ချိုကို ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။ နောင်ချိုမြို့မှာနေ့တစ်ပိုင်းလောက်ကြာတဲ့အထိ နေထိုင်ခဲ့တဲ့ ဒုချုပ်စိုးဝင်းဟာ ဒေသခံပြည်သူ အနည်းငယ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

နောင်ချိုမြို့ကို စစ်​ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြောင်းကြောင်းကြောင့် ခေတ္တစွန့်ခွာခဲ့ရကြောင်း၊ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ဖို့ ၂၄ နာရီတာဝန်ရှိပေမယ့် အကြမ်းဖက်ဖြစ်စဉ်တွေ နောက်ကွယ်က အဆင့်မြင့်နည်းပညာတွေနဲ့ ကူညီပေးမှုတွေ၊ အားပေးအားမြှောက်မှုတွေနဲ့ ထောက်ပံ့ပေးမှုတွေကြောင့် နောင်ချိုဒေသတစ်ဝိုက်မှ အဆင့်ဆင့် တောင်းခမ်းဒေသနဲ့ ပြင်ဦးလွင်-နောင်ချိုမြို့နယ် နယ်နိမိတ်အစပ်အထိ ခွာစစ်ဆင်ခဲ့ရကြောင်း၊ တောင်ခမ်းတပ်နယ်မှာ ပြင်ဆင်စုဖွဲ့မှုတွေလုပ်ပြီး အောင်ဇေယျစစ်ဆင်ရေးနဲ့ စစ်ဆင်ရေးစခဲ့တာလို့ ဒုချုပ်စိုးဝင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး တောင်းခမ်းဒေသမှာ အင်အားအလုံးအရင်းတိုး၊ တပ်တွေချိန်းပြီး ၊​လေ​ကြောင်းနဲ့ ဒရုန်းကိုအများအပြားအသုံးပြုပြီးထိုးဆင်မှုတွေ တိုးလုပ်လာပါတယ်။ စစ်တပ်ဟာ အဆိပ်​ငွေ့ဗုံး​တွေကိုလည်းမကြာခဏအသုံးပြုခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်ကပြန်ရောက်အပြီးမှာ တောင်းခမ်းဒေသကို စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်လာတာလို့နောင်ချိုမြို့ခံအမျိုးသားကသုံးသပ်ပါတယ်။

မင်းအောင်လှိုင်ဟာ တရုတ်ပြည်ခရီးစဉ်ကို ၂၀၂၄ နိုဝင်ဘာ ပထမအပတ်က သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်တာတွေလည်း ပိုလုပ်လာတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဟာ တောင်းခမ်းရွာနားက မဲပုတ်ရွာကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ နောင်ချိုမြို့အထိ ရောက်လာတာဖြစ်ပါတယ်။

အဲဒီကာလတွေအတွင်းမှာလည်း စစ်ကောင်စီရဲ့ထိုးစစ်ကို အောင်ဇေယျစစ်ဆင်ရေးလို့ အမည်မထွက်ခဲ့ဘဲ အခု မြို့သိမ်းအပြီး ၅ ရက်ကြာမှသာ ဒုချုပ်စိုးဝင်းက အောင်ဇေယျစစ်ဆင်ရေးလို့ဝါဒဖြန့်ပြောဆိုလာတာဖြစ်ပါတယ်။

ဒေသခံပြည်သူ​တွေက TNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေရဲ့ တိုက်စွမ်းရည်ဟာ ၁၀၂၇ စစ်ဆင်​ရေးတုန်းကလိုမဟုတ်ဘူးဆိုပြီး အားမလိုအားမရဖြစ်​နေကြပါတယ် ။

“TNLA က နောင်ချို တိုက်ပွဲမှာထူးခြားတာက လက်နက်ကြီးတွေ ထုတ်မသုံးဘူး။ တိုက်ပွဲတွေဖြစ်နေကြောင်းနဲ့ လေယာဉ်သတိပြုဖို့ သတိပေးချက်တွေပဲ ထုတ်နေခဲ့တာ။ ပြန်ကြည့်ကြည့်ပါ”လို ရှမ်းမြောက်ပိုင်းမှ ​ဒေသခံတဦးက​ပြောပါတယ် ။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ ဓနုပြည်သူ့လွတ်​မြောက်​ရေးတပ်​တော်-DPLA၊ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေးPDF) အပါအဝင် မဟာမိတ် တပ်တွေက တစ်ရက်တည်းနဲ့ အလွယ်တကူ သိမ်းပိုက်ခဲ့တဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက တစ်နှစ်နီးပါကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ် ။ မြို့ကို ပြန်ရပြီးမှအောင်ဇေယျစစ်ဆင်ရေးလို့အာဏာသိမ်းဒု​ခေါင်း​ဆောင်က​ပြော​နေတာဖြစ်ပါတယ် ။

ဒုချုပ်စိုးဝင်း ကို ​နေပြည်​တော်ပြည်ပ ​တော်လှန်​ရေးတပ်​တွေနဲ့ မ​ဝေးတဲ့ ​ဒေသ​တွေလာရင် ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်​လေ့ရှိပါတယ် ။

၂၀၂၄ ဧပြီ ၁၀ ရက်​နေ့မှာ ကရင်ပြည်နယ်က အောင်ဇေယျစစ်ဆင်ရေးအတွက် ​မော်လမြိုင်မြို့ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်(ရတခ)က စု​ပေါင်းစစ်ဆင်​​ရေးခန်းမမှာ ဒုချုပ်စိုးဝင်းက အ​ရေးကြီးအစည်းအ​ဝေးလုပ်​နေချိန်မှာ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲရဲ့ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ် ။အဲဒီတိုက်ခိုက်မှု​ကြောင့် ​သေဆုံးသူ ၊ထိခိုက်ဒဏ်ရာရသူတွေခဲ့ပြီး ဒုချုပ်စိုးဝင်းလည်း ဒဏ်ရာရခဲ့တယ်လို့ ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ​ပြောပါတယ်။တိုက်ခိုက်ခံရပြီ ဒုချုပ်စိုးဝင်းဟာ ကာလအတန်ကြာလူမြင်ကွင်းက​ပျောက်သွားခဲ့ပါတယ်။

ဒုတိယအကြိမ်တိုက်ခိုက်ခံရတာက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာပါ ။ အဲဒီ​နေ့ ည ၇ နာရီက လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ပြုလုပ်တဲ့ ဒုချုပ်စိုးဝင်းတက်ရောက်တဲ့ (၇၃)နှစ်မြောက်ကယားပြည်နယ်နေ့ ညစာစားပွဲခန်းမအတွင်းကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး ပစ်ခတ်ခဲ့ပြီး တချိန်တည်းမှာဘဲ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ(လွိုင်ကော်)အတွင်းကိုရှော့တိုက်ဒုံး ၂လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။​တိုက်ခိုက်မှုဟာ အာဏာသိမ်းဒု​ခေါင်း​ဆောင်ကိုမထိ​ပေမယ့် ခရီးစဥ်က​နေ အမြန်ပြန်​ပြေးပါတယ် ။

TNLA တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ- TNLA

●TNLAရဲ့ အားနည်းချက်နဲ့ နောင်ချိုမြို့

ဒါပေမယ့်နောင်ချိုမြို့ခရီးစဉ်မှာတော့ TNLA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု မကြုံခဲ့ရပါဘူး။

ကရင်ပြည်နယ်က ဒေါနတောင်ပေါ်မှာ ဒေါ​န​တောင်​ပေါ်မှာ ဦးကျိုးသွားတဲ့ အောင်ဇေယျစစ်ဆင်ရေးအမည်ကို ပြန်အဖတ်ဆယ်ဖို့ ဒုချုပ်စိုးဝင်းကြိုးစား​နေတာပါ။ ဒါ့ကြောင့်လည်း ဒုချုပ်စိုးဝင်းက သိမ်းပြီးရက်ပိုင်းအကြာမှာ နောင်ချိုမြို့ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီပြန်ရသွားတဲ့ အဓိကအချက်က TNLAရဲ့ အားနည်းချက်ကြောင့်လို့ စစ်ရေး၊နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သူရဲ့အမြင်ကို ပြောပါတယ်။ TNLAဟာ ကိုယ့်ရဲ့ အင်အားစုဖွဲ့မှု မဟာမိတ်အင်အားစုတွေကို လမ်းခွဲလိုက်တာက အဓိကကျတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်စခန်းပေါင်း ရာနဲ့ချီအပြင် မြို့ပေါင်း ၉၀ကျော် ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ အလှည့်အပြောင်းတစ်ခုကို စတင်ရှာခဲ့တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။ စစ်ကောင်စီဟာ မြို့တစ်မြို့ကို ပြန်သိမ်းပိုက်ဖို့အတွက်အလှည့်အပြောင်းလုပ်ဖို့စတင်ချိန်မှာ TNLA ရဲ့ အားနည်းချက်ကိုရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီပြန်ရတာဟာ တရုတ်ရဲ့ဖိအားကြောင့်အပြင် လက်နက်အသစ်၊နည်းပညာအသစ်တွေ ပံ့ပို့ပေးမှုတွေက အခြေခံကျတဲ့ အချက်မဟုတ်ဘူးလို့လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။

” အခြေခံကျတဲ့အားနည်းချက်က သူ့ရဲ့မဟာဗျူဟာ သဘောထားမှာကိုက ကျွန်တော်တို့ အားနည်းချက်တွေပေါ်လာလို့ ဒီလိုဖြစ်တယ်မြင်ပါတယ်။ ဆိုလိုတာက ဒီအခြေအနေကြီးတစ်ခုကိုရောက်ရှိဖို့ တကယ်က စလာတဲ့ဟာက ၁၀၂၇ စစ်ဆင်ရေးအရှိန်အဟုန်နဲ့ ဒီလောက်ထိကျယ်ပြန့်တဲ့ နယ်မြေတွေကို ရလာတာပေါ့ဗျာ။ ဒါတွေကတော့TNLA အနေနဲ့ သူ့ဒေသထဲမှာရှိနေတဲ့မြို့ပေါင်းတစ်ဒါဇင်လောက်ကို သိမ်းနိုင်တယ်။ဘယ်လောက်အထိရောက်လာလည်းဆိုတော့ ကျွန်တော်တို့ ပြင်ဦးလွင်ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားအထိရတာ ။ ဒါပေမယ့် အဲဒီ့ဟာရရှိလာမှုဟာ ၁၀၂၇ မှာ ညီနောင်သုံးဖော်ရဲ့ တိုက်ပွဲမဟာဗျူဟာအခြေအနေအောက်မှာ ရရှိလာတာဖြစ်ပေမယ့် သူက အဲဒီ့ကိုရောက်ရှိတဲ့အချိန်မှာ ရှမ်း-မန်း စစ်ဆင်ရေးကို လျော့ချလိုက်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မန္တလေး PDFတွေကို ကားလမ်းရဲ့တောင်ဘက်ကို ရွှေ့ခိုင်းတယ်။ နောက်ပြီးတော့ အဲဒီ့ ဒေသထဲမှာရှိနေတဲ့ ကျွန်တော်တို့ မိတ်ဖက်အင်အားစုတွေ အထူးသဖြင့် SSPP၊ KIA စတာတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လျှော့ချလိုက်ပြီးတော့ သူသိမ်းပိုက်လို့ရတဲ့နယ်မြေ သူ့နယ်မြေဖြစ်တယ်ဆိုတာ ခြံစည်းရိုးခတ်ဖို့ ကြိုးစားတာပေါ့။ အဲဒီတော့ အဲဒီ့ကနေ ရှေ့ဆက်မတိုးတော့ဘူး”လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နောင်ချိုမြို့ကို TNLAသိမ်းပိုက်ပြီး မြို့အုပ်ချုပ်ရေးလည်ပတ်တဲ့အပိုင်းမှာ အားနည်းချက်တွေ လည်းရှိခဲ့ပြီး တဖြည်းဖြည်း ​ဒေသခံ​တွေရဲ့ထောက်ခံမှုလျော့လာခဲ့တယ်လို့လည်း နောင်ချိုဒေသခံတွေက ပြောပါတယ်။ TNLAအုပ်ချုပ်ရေးအဖွဲ့နဲ့ အောက်ခြေရဲဘော်တွေက မြို့ခံပြည်သူတွေအပေါ် ဆက်ဆံမှုမှာ အဆင်မပြေမှုတွေဖြစ်ခဲ့တယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

“စဝင်တာတုန်းက မြို့ခံတွေက တအားထောက်ခံတယ်။ တဖြည်းဖြည်းသူတို့ဆက်တဲ့အပိုင်းမှာရော ဆိုးရွားလာတယ်။ အဲဒါတွေကြောင့် အခုစစ်တပ်က ပြန်သိမ်းတော့ မြို့ခံတွေကို ဒန်ပေါက်ကျွေးပြီး ကယ်တင်ရှင်လို ပုံစံပြလာတာ”လို့ နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒုချုပ်စိုးဝင်းမလာမီ ဇူလိုင် ၁၈ရက်က တပ်မ(၁၁)ဗိုလ်မှူးကြီးမိုးမြင်ဟိဏ်းဦးဆောင်တဲ့အဖွဲ့ဟာနောင်ချိုမြို့ပေါ်က ကျန်နေတဲ့ ဒေသခံအနည်းငယ်ကို ဒန်ပေါက်တွေ လိုက်လံပေးပြီးစစ်တပ်က လုံခြုံရေးဆောင်ရွက်နေကြောင်း၊ အေးချမ်းစွာနေထိုင်နိုင်ပြီးဖြစ်ကြောင်းနဲ့ မစိုးရိမ်ကြဖို့ စတာတွေ ပြောပြီး စည်းရုံးဝါဒဖြန့်ခဲ့ပါတယ်။

“သူတို့ပဲ(စစ်တပ်) ငရဲတွင်းထဲကန်ချခဲ့ပြီး သူတို့ပဲ ကယ်တင်ရှင်လို ပြောနေတာ။ ဒီတစ်နှစ်အတွင်းမှာဖြစ်ပျက်ခဲ့တာတွေဆိုတော့ မြို့ခံအချို့ကလည်း စစ်တပ်ကို ယုံနေတဲ့သူနေပြန်တယ်”လို့ နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

နောင်ချိုကို ထိန်းချုပ်နိုင်ပြီး​နောက်​တွေ့ရတဲ့စစ်သား​တွေ ။ ဓါတ်ပုံ- စစ်​ကောင်စီ

●​နောင်ချိုစစ်​ရှောင်စခန်း​တွေကို စစ်တပ်လက်နက်ကြီးနဲ့ပစ်

စစ်ကောင်စီက နောင်ချိုမြို့ခံတွေကိုနေရပ်ပြန်လာကြဖို့ ခေါ်နေပေမယ့် မြို့ခံအများစုကတော့ စစ်တပ်ကိုမယုံလို့မပြန်ကြသေးပါဘူး။အနည်းစုလောက်ပဲ နေရပ်ပြန်ကြ​သေးတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

စစ်တပ်ဟာ TNLAနဲ့ PDF ထောက်ခံသူတွေဆိုပြီး နောင်ချိုမြို့က နေအိမ်အချို့ကို ချိတ်ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်တလောမှာ မြို့ပေါ်က စာသင်ကျောင်းနှစ်ကျောင်းကို အတင်းအဓမ္မဖွင့်ခိုင်းပြီး ကလေးငယ်တွေကို ဖိအားပေးကျောင်းတက်ခိုင်းနေပါတယ်။ လူမှုကွန်ရက်ပေါ်ပျံ့နှံံ့လာတဲ့ ပုံတွေအရ စာသင်ခန်းထဲက ဗုံးစံထိမှန်ထားတဲ့ အချို့အရာတွေကို မရှင်းလင်းရသေးဘဲ ကျောင်းတက်ခိုင်းနေတာပါ။

ဒါ့အပြင် TNLAထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်က နောင်ချိုစ်ဘေးရှောင်တွေ သွားရောက်ခိုလှုံနေတဲ့ နောင်ပိန်ကျေးရွာကို စစ်တပ်က ဇူလိုင် ၂၆ ရက်နေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်တပ်ကနောင်ချိုမြို့ကိုပြန်သိမ်းပြီးနောက် ပြင်ဦးလွင်မြို့မှာ စစ်ဘေးရှောင်နေကြတဲ့ နောင်ချိုမြို့ခံတွေ နေရပ်ပြန်ခွင့်ရပြီး နောင်ပိန်ရွာကို စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေကတော့ နေရပ်ပြန်လာလို့ မရသေးပါဘူး။

နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ကြား ဂုတ်တွင်းအကျော်ကစပြီး ကျောက်မဲမြို့နယ်အတွင်းကို တအာင်းတပ်မတော် (TNLA)က ဆက်လက်ထိန်းချုပ်ထားပါတယ်။

“နောင်ပိန်ကိုသွားပြီးရှောင်တဲ့သူတွေကပြန်လာလို့မရသေးဘူး။ပလောင် (TNLA)ဘက်က ပုံစံမျိုးသဘောထားနေတာဖြစ်မယ်၊ နောင်ပိန်မှာ နောင်ချိုက စစ်ရှောင်တွေအများကြီး”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

●နောင်ချိုသင်ခန်းစာယူဖို့ TNLAကို ဥပဒေအထောက်အကူပြုကွန်ရက် အကြံပြု

TNLAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ရွာတွေ ကာကွယ်နိုင်ဖို့နဲ့ ပြန်လည်လက်လွှတ်ခဲ့ရတဲ့ နောင်ချို ၊​တောင်းခမ်းတို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အကြံပြုတိုက်တွန်းချက်တွေကိုဥပဒေအထောက်အကူပြုကွန်ရက်(Legal Aid Network)က နောင်ချိုမြို့ပြန်ပေးရအပြီး ဇူလိုင်၁၈ရက်မှာ အကြံပြုထုတ်ပြန်ပါတယ်။

ဥပဒေအထောက်အကူပြုကွန်ရက်မှာ လူ့အခွင့်အ​ရေးရှေ့​နေ ဦး​အောင်ထူးက တည်​ထောင်ထားခြင်းဖြစ်ပါတယ်။

တောင်းခမ်း၊​နောင်ချိုတိုက်ပွဲ သင်ခန်းစာအရ နိုင်ငံရေးလမ်းကြောင်းသစ်ကို လျှောက်လှမ်းသင့်​တယ်လို့ ဥပ​ဒေစိုးမိုး​ရေးရှု​ထောင့်က သုံးသပ်ထုတ်ပြန်ချက် ​ခေါင်းစဥ်နဲ့ ဥပဒေအထောက်အကူပြုကွန်ရက်က TNLA ကို အကြံပြုထားပါတယ်။

TNLA အနေနဲ့ တောင်းခမ်း၊ နောင်ချိုတိုက်ပွဲတွေမှာ နောက်ဆုတ်လိုက်ရတဲ့ အကြောင်းအရင်းတွေမှာ စစ်ကောင်စီကသာလွန်အင်အားသာမက လက်နက်စွမ်းအားတွေကို အစွမ်းကုန်မြှင့်တင် အသုံးပြုလာတဲ့အပြင် အခြား အချက်သုံးချက်ကြောင့်လို့ ဥပဒေအထောက်အကူပြု ကွန်ရက်ကဆိုပါတယ်။

တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းများနဲ့ (NUG လက်အောက်ခံ၊ လက်အောက်မခံ) PDFs တွေရဲ့ အင်တိုက်အားတိုက် လက်တွဲတိုက်ပွဲဝင်မှု ကျဆင်းသွားတာ၊ ထိုးစစ်ဆင်၊ တိုက်ခိုက်သိမ်းပိုက်လို့ ရတဲ့ နယ်မြေ၊ မြို့ရွာတွေကို TNLA တဖွဲ့တည်းက မိမိပိုင်နက်နယ်မြေမျိုးသတ်မှတ်ကာ အုပ်ချုပ်ရေးချမှတ်တာနဲ့ ရေရှည် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တာ၊ဒေသခံလူထု၏ထောက်ခံမှု ထိထိရောက်ရောက် မရတာတွေကြောင့်လို့ ​ဖော်ပြထားပါတယ်။

အဲဒီအခြေအနေတွေကို နိုင်ငံရေးအရ အမြန်ဆုံးပြောင်းလဲ၊ ချမှတ်၊ ကျင့်သုံးနိုင်ရင် စစ်ကောင်စီက သာလွန်အင်အားသာမက လက်နက်စွမ်းအားတွေကိုပါ အစွမ်းကုန်မြှင့်တင် အသုံးပြုတဲ့ အခြေအနေကို ထိရောက်စွာ တုံ့ပြန်ပယ်ရှားနိုင်မယ်လို့လည်း အကြံပြုတိုက်တွန်းထားပါတယ်။

နောင်ချိုမြို့ကို ဇူလိုင် ၂၁ ရက်မှာလာ၍ ​အောင်​ဇေယျစစ်ဆင်​ရေးဖြင့် သိမ်းပိုက်ခဲ့တာလို့ဝါဒဖြန့်ခဲ့တဲ့ အာဏာသိမ်းဒု​ခေါင်း​​ဆောင် ။ ဓါတ်ပုံ- စစ်​ကောင်စီ

●မူဆယ် – မန္တလေးလမ်းပိုင်းကို ထိန်းချုပ်ချင်တဲ့ စစ်ကောင်စီနဲ့ တရုတ်

နောင်ချိုမြို့ဟာ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းပိုင်းပေါ်မှာတည်ရှိနေတာကြောင့် တရုတ်အစိုးရကလည်း နောင်ချိုမြို့ကို စစ်ကောင်စီ ထိန်းချုပ်စေချင်ခဲ့တယ်လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

TNLAဟာ နောင်ချို၊တောင်းခမ်းဒေသကနေ ရှမ်းတောင်အထိ ခရီးဆက်နိုင်သလို စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်မြို့ကိုပါ ခြိမ်းခြောက်နိုင်တဲ့ အနေအထားကနေ နောက်ဆုတ်သွားရတာလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“တရုတ်ရဲ့ မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့ အတွက် တရုတ်ကလည်း တတ်ကြွတယ်။ နောက်တစ်ခုက စစ်ကောင်စီဘက်ကလည်း အဲဒီ့အခြေအနေကို တိုးချဲ့ဖို့အတွက် ဆက်ကြိုးစားသွားမှာပဲ။ ဆိုလိုတာက နောင်ချိုပြီးလို့ရှိရင် ကျောက်မဲ သီပေါ ဒါတွေကိုဆက်ပြီးလုပ်တော့မှာပဲ။ ဒီလမ်းကြောင်းမှာ စစ်ကောင်စီအနေနဲ့ သူ့အနေနဲ့ ထိန်းချုပ်ခွင့်ရတယ်ဆိုလို့ရှိရင် တရုတ်ကလည်း သဘောကျတာပေါ့ဗျာ”လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကောင်စီဟာ ကျောက်မဲနဲ့ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်သိမ်းရခဲ့ရင် ကနဦးအနေနဲ့ လား

ရှိုး – မန္တလေးလမ်းပိုင်းပွင့်သွားမှာ ဖြစ်ပါတယ်။ လက်တလောမှာလည်း စစ်ကောင်စီထောက်ခံသူတွေက ကျောက်မဲမြို့ကို ဦးတည်ဖို့ဖို့ လှုံ့ဆော်နေပါတယ်။စစ်ကောင်စီနဲ့တရုတ်က မူဆယ်-မန္တလေး ကုန်စည်ပို့ဆောင်တဲ့လမ်းကြောင်း အကြောင်းပြုပြီးရှင်းလင်းရေးလုပ်ပါက ကျောက်မဲကတဆင့် မိုးကုတ်မြို့အထိပါ ရောက်လာနိုင်တယ်လို့ ဦးသန်းစိုးနိုင်က ခန့်မှန်းပါတယ်။လက်ရှိဖြစ်စဉ်အရ စစ်ကောင်စီရော တရုတ်ကပါ တက်တက်ကြွကြွနဲ့ အလှည့်အပြောင်းလုပ်နေတဲ့အချိန်လို့လည်း သူက သုံးသပ်ပါတယ်။

ဒုချုပ်စိုးဝင်းလာပြီးနောက် ဒီရက်ပိုင်းအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း နောင်ချိုကို လာဖို့ရှိတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။ စစ်ခေါင်းဆောင်လာဖို့အတွက် မြို့မှာ ပြင်ဆင်မှုတွေလုပ်နေကြတယ်လို့လည်း နောင်ချိုမြို့ခံအချို့က ပြောပါတယ်။

စစ်ကောင်စီဟာမူဆယ် – မန္တလေး ကုန်စည်ဆက်သွယ်ရေးလမ်းကြောင်းကို တရုတ်သဘောကျ ပြန်ယူပေးဖို့ လုပ်ဆောင်လာမှာလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။ စစ်ရေးဦးကျိုးနေတဲ့ စစ်ကောင်စီဟာ နောင်ချိုကနေ တည့်မတ်ဖို့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

“ရှေ့ဆက်ပြီးတော့ဒီအမှားတွေကို မပြုပြင်ဘူးဆိုလို့ရှိရင် ပိုပြီးဆိုးရွားတဲ့ ကံကြမ္မာတွေနဲ့ကြုံတွေ့ရနိုင်တယ်လို့ ကျွန်တော်တို့ကမြင်ပါတယ်”။ ။

ဆက်စပ်သတင်းများ

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဌာနချုပ်နယ်မြေကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂၆ရက်)လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLO/PNLA တာဝန်ရှိသူများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ် လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကနောင်ပိန်ကျေးရွာကိုစစ်တပ်က ယနေ့(ဇူလိုင်လ ၂၆ရက်) နေ့လယ်ကစ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး လူ‌နေအိမ်များအနီး ကျရောက်ပေါက်ကွဲနေသည်။

သတင်း

မတ္တရာမြို့နယ် အ​ရှေ့ခြမ်းနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာတိုက်ပွဲ​တွေ ပြင်းထန်​နေချိန်မှာ စစ်​ကောင်စီတပ်က တရုတ်နိုင်ငံသားပိုင်တဲ့ Alpha ဘိလပ်​မြေ စက်ရုံကို ​လေ​ကြောင်းတိုက်ခိုက်မှု​တွေအပြင်းအထန်ပြုလုပ်​နေတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ် ။

Facebook