ဇန်နဝါရီ-၂၀၊၂၀၂၆။ကဖေး/People’s Spring
မကြာမီပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ချောင်းတူ (ခ)ဆောင်းဒုံ (Chaung Tu) ကျေးရွာအနောက်ဘက်ရှိ နေရာအချို့ကို စစ်ကောင်စီက ဒီနေ့(ဇန်နဝါရီ ၂၀ရက်) ည ၇နာရီ ၂၄မိနစ်နဲ့ ၇နာရီ ၂၈မိနစ်မှာ ဂျက်ဖိုက်တာ၂စီးနဲ့ ဗုံးကြဲသွားတာဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် အဲ့ဒီပတ်ဝန်းကျင်မှာရှိကြတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေနဲ့ စစ်သုံ့ပန်းအချို့ ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ AAက ဒီကနေ့ညမှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
အဲ့ဒီ စစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို မကြာမီပြန်လည်လွှတ်ပေးဖို့ စီစဉ်ထားတာဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရအသေးစိတ်စာရင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ AAက အသိပေးထားပါတယ်။
စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့တွေကိုသိမ်းယူထားတဲ့ AAက စစ်ကောင်စီအရာရှိတချို့အပါအဝင် ထောင်နဲ့ချီတဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးထားပါတယ်။
AA ဖမ်းဆီးထားတဲ့ စစ်သုံပန်းတွေထဲမှာ ရခိုင်ပြည်နယ်က လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့ အရာရှိတွေပါဝင်လို့ လက်စဖျောက်ဖို့အတွက် စစ်ကောင်စီက ဗုံးကြဲတာတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
၂၀၂၄ စက်တင်ဘာ ၉ရက်က မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေထားတဲ့ မောင်တောမြို့ရဲတပ်ရင်း နခခ(၂)ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ သုံ့ပန်း ၅၀ကျော်သေဆုံးခဲ့တယ်လို့ AAက ထုတ်ပြန်ခဲ့ဖူးပါတယ်။
၂၀၂၅ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း မောင်တောမြို့ နယ်ခြားစောင့်တပ်ရင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
၂၀၂၅ ဇန်နဝါရီ ၁၈ ရက်ကလည်း မြောက်ဦးမြို့ ရမ်းချောင်းအနီးရှိ စစ်သုံ့ပန်းမိသားစုဝင်တွေထားရှိတဲ့နေရာကို ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။
















































