close
Connect with us

Hi, what are you looking for?

သတင်း

ကုလအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု သံသယရှိသူတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်း

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ သံသယရှိသူတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်း ရောက်ရှိလာချိန်မှာ အရေးယူဆောင်ရွက်နိုင်တဲ့ အစီအမံများ ထည့်သွင်းထားခြင်းအပေါ် ကြိုဆိုကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဇန်နဝါရီ ၂၀ရက်က မိန့်ခွန်းပြောကြားစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

▪️လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရွေးကောက်ပွဲအတုတွေနဲ့ ဖုံးကွယ်လို့ မရနိုင်ဘူးလို့ မြန်မာသံအမတ်ကြီး ပြော

ဇန်နဝါရီ-၂၁၊ ၂၀၂၆။ People’s Spring

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ သံသယရှိသူတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်း ရောက်ရှိလာချိန်မှာ အရေးယူဆောင်ရွက်နိုင်တဲ့ အစီအမံများ ထည့်သွင်းထားခြင်းအပေါ် ကြိုဆိုကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ပေါ်ပေါက်လာရေးအတွက် အကြိုပြင်ဆင်ရေးကော်မတီရဲ့ ပထမအကြိမ်ညီလာခံမှာ အဲဒီ သဘောတူစာချုပ် ဥပဒေမူကြမ်းမှာ ထည့်သွင်းထားတဲ့ အစီအမံတွေကို ထောက်ခံခဲ့တာပါ။

Public Service Announcement

Public Service Announcement

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေက တားမြစ်ထားပြီးဖြစ်ပေမယ့် ထိရောက်စွာ ကာကွယ်နိုင်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ နိုင်ငံတကာအဆင့်မှာ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အာမခံမယ့် သီးခြားစာချုပ်တစ်ရပ် မရှိသေးတဲ့အတွက် ဥပဒေဟာကွက်အဖြစ် ကျန်ရှိနေဆဲဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ထောက်ပြပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ သံသယရှိသူတွေကို အရေးယူဆောင်ရွက်နဲ့ အစီအမံတွေ ထည့်သွင်းတဲ့ အချက်ဟာ တရားစီရင်ပိုင်ခွင့်အာဏာကျင့်သုံးမှု ထိရောက်စေရေးနဲ့ တာဝန်ခံယူမှု ယန္တရားများ စာရွက်ပေါ်မှာသာ ရှိနေခြင်းမျိုး မဖြစ်စေရေးအတွက် အရေးကြီးကြောင်းနဲ့ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုကို သေချာစွာ စဉ်းစား ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုဟာ ရိုဟင်ဂျာတွေအပေါ်မှာသာမက မြန်မာပြည်သူ ပြည်သားများအားလုံးအပေါ် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂညီလာခံမှာ တင်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ ကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်တစ်ရပ် မရှိခြင်းကို အခွင့်ကောင်းယူပြီး ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတွေကနေ အရေးယူမခံရရေးအတွက် လွတ်မြောက်ခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာသံအမတ်ကြီးက ဆက်လက် တင်ပြပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ရေးဆွဲရေးဟာ အပြည်ပြည်ဆိုင်ရာဥပဒေမူဘောင်ကို ပိုမိုခိုင်မာအား ကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံက ရှုမြင်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံအကြား အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရှေ့မှောက်မှာ ရင်ဆိုင်နေတဲ့ အမှုဟာ အဲဒီအခြေအနေကို လှစ်ဟပြသနေတဲ့ သာဓကကောင်းတစ်ခု ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

ဥပဒေပြင်ဆင်ရေးကော်မတီရဲ့ ဆောင်ရွက်ချက်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကြောင့် ထိခိုက်ခံစားရသူတွေအတွက် လက်တွေ့ အသုံးတည့်လာနိုင်မယ့် အခြေအနေတွေအပေါ် မြန်မာနိုင်ငံအနေနဲ့ မှတ်သားကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကြောင့် လက်တွေ့မြေပြင်မှာ အမှန်တကယ် ထိခိုက်ခံစားရသူတွေနဲ့ပတ်သက်လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တရားမဝင် အာဏာသိမ်းဖို့ကြိုးပမ်းမှုအပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်တယ်လို့ သံအမတ်ကြီးက ကုလညီလာခံမှာ ပြောပါတယ်။

တရားမဝင် စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာပြည်သူတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်မှုတွေကို ခံစားနေကြရကြောင်း သံအမတ်ကြီးက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မှတ်တမ်းများအရ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနဲ့ အရပ်သားပြည်သူများ အပါအဝင် လူပေါင်း ၇,၆၉၅ ဟာ အကြမ်းဖက် စစ်တပ်ရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု ၂၃,၂၇၂ မှုကို ကျူးလွန်ခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၉,၀၀၀ ကျော်ကြောင့် လူပေါင်း ၄,၆၈၃ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သံအမတ်ကြီးက တင်ပြပါတယ်။

အဲဒီကိန်းဂဏန်းတွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေမှုကို သိသိသာသာထင်ဟပ်ပြသလျှက်ရှိပြီး ထိရောက်တဲ့ ကြိုတင်ကာကွယ်ရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးရဲ့ အရေးကြီးပုံကို သက်သေပြနေတယ်လို့ သံအမတ်ကြီးက သတိပေးပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကို တရားဝင်မှုမရှိတဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှု ကင်းမဲ့တဲ့ ရွေးကောက်ပွဲအတုတွေနဲ့ ဖုံးကွယ်လို့ မရနိုင်ဘူးလို့လည်း သံအမတ်ကြီးက ပြောပါတယ်။

စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲနဲ့ ၎င်းတို့ရဲ့ရာဇဝတ်မှုတွေကို ဖုံးဖိဖို့ ဘယ်လိုပဲကြိုးပမ်းစေကာမူ အပြည်ပြည်ဆိုင်ရာဥပဒေအရ ၎င်းတို့အပြစ်တွေကိုတော့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ဘူးလို့ သံအမတ်ကြီးက ဆက်လက် သတိပေးပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှုဟာ မဖြစ်မနေလိုအပ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေကိုယ်တိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ ကျူးလွန်သူများကို တာဝန်ခံယူမှုကနေ ကာကွယ်ပေးတဲ့ အကာအကွယ်အဖြစ် အလွဲသုံးစားပြုခံရခြင်း မရှိစေဖို့ နိုင်ငံတကာက ဝိုင်းဝန်းကျပ်မတ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ထောက်ပြပါတယ်။

တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းဖို့အတွက် ပြစ်ဒဏ်ကနေ ကင်းလွတ်နေမှုတွေကို တားဆီးကာကွယ်ပြီး ထိခိုက်ခံစားခဲ့ရသူများအတွက် တရားမျှတမှုကို အချိန်မီ ဖော်ဆောင်ပေးရမှာဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တံခါးပိတ်ဆွေးနွေးပွဲခေါ်ယူထားပြီး လာမယ့် တနင်္လာနေ့(ဒီဇင်ဘာ ၂၂ရက်) မနက်ပိုင်းမှာ ကျင်းပဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံကို အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲ တွန်းချခဲ့တဲ့ စစ်အုပ်စုဟာ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် အသုံးပြုမှာမဟုတ်ဘူးလို့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်" ကြွေးကြော်ကာ သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၂)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံကြောင်းနှင့် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်းယနေ့ (စက်တင်ဘာ ၁၄) ဆန္ဒပြခဲ့ကြသည်။