ပုဂံဇုန်ဝင်ကြေး၏ (၄၀)ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရမှ မန္တလေးတိုင်းအစိုးရထံ ပထမဆုံးအကြိမ် ခွဲဝေပေး

ကျပ်သန်း(၂၈၀၀)ရရှိပြီး ပုဂံဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မည်ဟုဆို

ပါရမီဆန်း၊ ဇူလိုင်-၁၂

ပုဂံဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပုဂံဇုန်ဝင်ကြေး ရရှိငွေများအနက် (၄၀)ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း(၂၈၀၀)ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပထမဆုံးအကြိမ်အဖြစ် ခွဲဝေပေးခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမူဝန်ကြီးဌာန၏ သဘောတူညီချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဧပြီ(၈)ရက် ရက်စွဲဖြင့် ထိုသို့ ခွဲဝေပေးခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

“တို့က ပူညံပူညံလုပ်လွန်းလို့ ဒီနှစ်မှ ခွဲပေးတာ”ဟု ဦးမြတ်သူက ပြောသည်။

ပုဂံဇုန်ဝင်ကြေးအဖြစ် ကောက်ခံရရှိသည့် ငွေကြေးများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ (၄၀)ရာခိုင်နှုန်း၊ မန္တလေးတိုင်းအစိုးရမှ (၄၀)ရာခိုင်နှုန်း ခွဲဝေသုံးစွဲခွင့်ရရှိခြင်းဖြစ်ပြီး မန္တလေးတိုင်းအစိုးရ သုံးစွဲခွင့်ရသည့် ငွေကြေးများကို ပုဂံဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုမည်ဟု ၎င်းက ဆိုသည်။

“အခု တိုင်းအစိုးရက ရတဲ့ (၄၀)ရာခိုင်နှုန်းသည်လည်း တခြားနေရာ မဟုတ်ဘူး ပုဂံအတွက်ပဲ။ landscaping (ရှု့မျှော်ခင်း)လုပ်မယ့်ဟာမျိုး၊ ဘုရားကျောင်းကန်တွေမှာ ထိန်းသိမ်းမယ့်ဟာမျိုးတွေ လုပ်မယ်။ ရှေး၊သုက ထိန်းတဲ့ဘဏ္ဍာငွေနဲ့ မဆိုင်တဲ့ အသုံးစရိတ်မျိုး။ ဒေသက ဝိုင်းကူမလုပ်ရင် မရဘူးဆိုတဲ့ဟာမျိုးပေါ့။ အဲ့တာမျိုးကို ခရိုင်စီ၊ခန့် (ညောင်ဦးခရိုင်စီမံခန့်ခွဲရေးကော်မတီ) ကနေ စီမံချက်ဆွဲပြီး တင်ရမယ်။ အဲ့လိုတင်လာတဲ့အပေါ် ပြန်စိစစ်မယ်။ တစ်ဦးတစ်ယောက်ထဲ မဟုတ်ဘဲ အားလုံးက ပေါင်းစပ်ပြီး တင်ပြတဲ့ဟာကိုပဲ တို့က ခွင့်ပြုမယ်”ဟု ဦးမြတ်သူက ပြောသည်။

ပုဂံဒေသ ဇုန်ဝင်ကြေး၏ (၄၀)ရာခိုင်နှုန်းအဖြစ် ကျပ်သန်း(၂၈၀၀) ရရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာငွေအရ၊အသုံး ငွေစာရင်းတွင် ဖော်ပြထားသည်။

ယင်းငွေကြေးများကို ပုဂံဒေသဖွံ့ဖြိုးရေးနှင့် သာယာလှပရေးအတွက် အသုံးပြုမည်ဖြစ်ကာ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များကို မထိခိုက်စေသော လုပ်ငန်းများလုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပုဂံဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ကျပ်(၂၅၀၀၀)စီ ကောက်ခံလျှက်ရှိသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမူနယ်မြေရှိ ဘုရားတစ်ဆူအား ရှေးဟောင်းသုတေသနဌာနမှ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ်။ ဓါတ်ပုံ – Bagan Arch FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်