ဇူလိုင်-၁၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဟိုတယ်များ ရွေ့ပြောင်းရခြေ ရှိ၊မရှိနှင့် ပတ်သက်၍ အတိအကျ မပြောနိုင်သေးကြောင်း ပုဂံဒေသစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ပုဂံဒေသအား UNESCO (ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမူအဖွဲ့)မှ ကမ္ဘာ့အမွေအနစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ပုဂံရှေးဟောင်းယဉ်ကျေးမူ နယ်မြေအတွင်းရှိ ဟိုတယ်များ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့နေသည်။ သို့သော် ယင်းသတင်းများနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
“ပုဂံက တစ်ကြိမ်ရွှေ့ပြီးရပြီ။ နောက်တစ်ကြိမ် ရွှေ့ရမလားဆိုတာ စိတ်ပူနေတယ်။ ဟိုတယ်တွေပေါ့ဗျာ။ ပွင်းပွင့်လင်းလင်းပြောရရင် ဟိုတယ်တွေ အားလုံးစိတ်ပူနေတယ်။ အွန်လိုင်းပေါ် တက်လာတယ် ၂၀၂၈ကျရင် ဟိုတယ်တွေ အားလုံးပြောင်းရမယ်တဲ့။ ဘယ်သူမှ တပ်အပ်ကြီး အပ်ကျမတ်ကျ မပြောနိုင်ပါဘူး။ ကျွန်တော်လည်း မပြောနိုင်ဘူး”ဟု ၎င်းက ပြောသည်။
ပုဂံရှေးဟောင်ဇုန်အတွင်းရှိ ဟိုတယ်များနှင့် လူနေအိမ်များ ရွှေ့ပြောင်းရနိုင်ခြေ ရှိ၊မရှိဆိုသည်မှာ မကြာမီ အတည်ပြုထွက်ပေါ်လာမည့် ပုဂံမြို့ Master Plan နှင့် ရှေးဟောင်းအဆောက်အဦးများ ကာကွယ်ထိန်းသိမ်းရေးဥပဒေတို့အပေါ် မူတည်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပုဂံဒေသသို့ ခရီးသွားဧည့်သည် အများအပြား လာရောက်လည်ပတ်သည်ကို အမှီပြု၍ ဒေသခံများက စီးပွားရေးသဘော ဟိုတယ်များများ တည်ဆောက်ထားရာ ယင်းအခြေအနေမှာလည်း ပြသနာတစ်ခုအဖြစ် ရှိနေဆဲဟု ၎င်းက ပြောသည်။
“ပုဂံမှာရှိတဲ့ ပြည်သူလူထုရဲ့ အားသာချက်ပဲ။ ယဉ်ကျေးမူနယ်မြေဖြစ်တော့ Tourism လာတယ်။ အဲ့တော့ ဟိုတယ်လေးဆောက်လို့ရှိရင် ဝင်ငွေရတယ်။ အဲ့ဒီအတွက် ဟိုတယ်တွေ ဆောက်ကြတာပေါ့။ ဒါပေမယ့် ဟိုတယ်ဆောက်ခွင့်ကို ပိတ်ထားတာတွေများတော့ လူနေအိမ်အဖြစ် ဆောက်တယ်။ သူတို့က လူနေအိမ်အဖြစ် ဆောက်တာဆိုတော့ ပေ(၃၀)ထက်မမြင့်ရင် ခွင့်ပြုလိုက်တယ်။ ဒါပေမယ့် သူတို့က အခန်းဖွဲ့ပြီးတော့ ဟိုတယ်ငှားစားတယ်။ လိုင်စင်ပေးဖို့ကျတော့ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တော်တော်ခက်ခဲတယ်။ ဒီပြသနာ ခုထက်ထိ ရှိပါသေးတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ပုဂံဒေသရှိ ယဉ်ကျေးမူအမွေအနစ်များ ရေရှည်တည်တန့်ခိုင်မြဲစေရေးအတွက် UNESCO တင်သွင်းခဲ့ခြင်းဖြစ်ပြီး UNESCO ၏ Guide Line (လမ်းညွှန်)များကို လိုက်နာရမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။ ယခင်အစိုးရများ လက်ထက်က တည်ဆောက်ခဲ့သည့် ဟိုတယ်များ၊ နန်းမြင့်မျှော်စင်ကဲ့သို့ အဆောက်အဦးများနှင့်ပတ်သက်၍ မပြောလိုသော်လည်း ရှေ့ဆက်၍ ဥပဒေနှင့်အညီ အဆောက်အဦးများ တည်ဆောက်မည်ဆိုလျှင် ပုဂံဒေသ ကမ္ဘာ့အမွေအနစ်စာရင်း ဝင်ခြင်းသည် ဒေသခံများအတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ Author – ထက်အောင် (Mandalay In-depth News)
ပုဂံရှေးဟောင်းယဉ်ကျေးမူ နယ်မြေအတွင်းရှိ အဆောက်အဦးသစ်များ။ ဓါတ်ပုံ – ကိုမျိုးဆက်စံ။