“ဘွန္တော” (သို့မဟုတ်) ဆွတ်ပျံ့ဖွယ် အရုဏ်ဦး၏ ကုသိုလ်အကျိုးအတွက် နှိုးးဆော်သံ

“ဘွန္တော” (သို့မဟုတ်) ဆွတ်ပျံ့ဖွယ် အရုဏ်ဦး၏ ကုသိုလ်အကျိုးအတွက် နှိုးးဆော်သံ

ရိုက်ကူး၊ တင်ဆက် – ဘုန်းနေ (Mandalay In-depth News)

မိမိတို့ ကိုးကွယ်ရာ ရွာဦးကျောင်းက ဆရာတော်နှင့် သံဃာတော်များ နံနက် အရုဏ်ဆွမ်း ဘုန်းပေးနိုင်စေဖို့အရေး ကျေးရွာအတွင်းရှိ အမျိုးသမီးများကို အိပ်ရာမှ ထ၍ ဆွမ်း၊ ဟင်းများ အချိန်မီ ချက်ပြုတ် ပို့ဆောင်နိုင်စေရန် ကာလသား လူငယ်တစ်သိုက်က အရုဏ်မတက်မီ ကတည်းက ရပ်ရွာအတွင်း လှည့်လည်ကာ အသံသာသာဖြင့် ဆော်သြနှိုးဆော်တတ်ကြသည်။

နံနက်ခင်း အသစ်တစ်ခု မစမီ အမှောင်ကြီးစိုးဆဲကာလမှာ ကုသိုလ်ရေးမှာ လက်မနှေးကြစေဖို့ သာယာနာပျော်ဖွယ် ဆော်သြတတ်သည့် အသံသာသာသည် ကျေးလက်ဒေသ၏ ဂီတသံစဉ် တစ်ခုသဖွယ်။

အချို့ကတော့ “နိဗ္ဗာန်ဆော်” ၊ အချို့ကလည်း ဆော်သြသံကို အမှီပြု၍ “ဘွန္တော” ဟူ၍။

နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ ရိုက်ခတ်လာသည့် နိုင်ငံတကာ ယဉ်ကျေးမှုများကြောင့် ဘွန္တော (သို့မဟုတ်) နိဗ္ဗာန်ဆော် ဟူသော ချစ်စဖွယ် ကျေးလက်ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာလေးသည် မြန်မာပြည်ကျေးလက် ဒေသအချို့၌ လွင့်စင်ကွယ်ပျောက် မှေးမှိန်ခဲ့ပါပြီ။

သို့သော် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည့် နိဗ္ဗာန်ဆော် (ခ) ဘွန္တော အော်သည့် ရိုးရာဓလေ့ ကို မိုးကုတ်မြို့၊ ရေပူရပ်ကွက်ရှိ လူငယ်လေးများကတော့ ရှေးကတိုင် ယနေ့အထိ လက်ဆင့်ကမ်း သယ်ယူထားဆဲ။

ရေပူ ရပ်ကွက်လေး၏ နံနက်ခင်းအချို့မှာ ပေါင်းဖက်ညီ လူငယ်တစ်သိုက်ကဖြင့် ပျော်ရွှင်စွာ ပေါင်းဖေါ်စုဝေး၍ “ဘွန္တော သပုရိသ အပေါင်း သူတော်ကောင်းတို့” ရယ် လို့ သံတိုင်ညီညီ ဟစ်ကြွေး၍ နှိုးဆာ်နေကြဆဲ ဖြစ်ပါသည်။

ရေပူ လူငယ် နိဗ္ဗာန်ဆော်အဖွဲ့လေးရဲ့ ဘွန္တော သံက နှစ်ပေါင်း တစ်ရာကျော် ကြာမြင့်ခဲ့ပါပြီ။ မြန်မာပြည်ရဲ့ ကျေးလက်ဒေသ အများစုမှာ ဘွန္တော နိဗ္ဗာန်ဆော်အသံတွေ တိုးတိမ် ကွယ်ပျောက်သွားသလိုမျိုး မိုးကုတ်ဒေသမှာလည်း ရေပူလယ်ငယ် အဖွဲ့ရဲ့ ဘွန္တော အသံဟာ နောက်ဆုံးလက်ကျန် နိဗ္ဗာန်ဆော်သံပါ။

ဘွန္တော ခေါ် အရုဏ်ဦး နိဗ္ဗာန်ဆော် ဓလေ့အကြောင်း Mandalay In-depth News ပရိတ်သတ်များအတွက် ရိုက်ကူးတင်ဆက်လိုက်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်