မလှိုင်မြို့နယ် ရွှေပေါ်ကျွန်းဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့သည့် ရိုက်နှက်မူများနှင့်ပတ်သက်၍ ဘုန်းကြီး၏တူက ဒေသခံ(၁၀၀)ကျော်ကို ပုဒ်မ(၇)ခုဖြင့် အမူဖွင့်

ရွှေပေါ်ကွျှန်းဆရာတော်အား ကျောင်းမှ ထွက်သွားပေးရန်တောင်းဆိုပြီး ရွာခံများက တုတ်များကိုင်ကာ ကျောင်းအတွင်းဝင်ရောက်ရာမှ နှစ်ဖက်ရိုက်ပွဲဖြစ်ကာ ဆရာတော်အပါအဝင် (၁၀)ဦးခန့် ဒဏ်ရာရ

အမ်တီ၊ ဇူလိုင်-၁၃

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ရွှေပေါ်ကျွန်းကျေးရွာ စေတော်ဝန်ရွှေပေါ်ကျွန်း သာသနာပြုစခန်းအတွင်း ဖြစ်ပွားခဲ့သည့် ရိုက်နှက်မူများနှင့်ပတ်သက်၍ ဒေသခံ(၁၀၀)ကျော်ကို ပု်းမ(၇)ခုဖြင့် အရေးယူပေးရန် ဆရာတော်၏တူဖြစ်သူမှ နယ်မြေရဲစခန်းတွင် အမူဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဇူလိုင်(၁၂)ရက်က ရွှေပေါ်ကျွန်းဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဒေသခံ(၁၀၀)ဦးခန့်က တုတ်များကိုင်ဆောင်ကာ ကျောင်းတံခါးကို ဖျက်ဆီး၍ ကျောင်းအတွင်း ဝင်ရောက်ခဲ့ရာမှ ကျောင်းတိုက်အတွင်း ရောက်ရှိနေသူအချို့နှင့် ရိုက်နှက်မူဖြစ်ပွားခဲ့ပြီး ရွှေပေါ်ကျွန်းကျောင်း ပဓာနဆရာတော် ဦးကုမာရအပါအဝင် သံဃာတော်အချို့နှင့် လူများ စုစုပေါင်း(၁၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တုတ်များကိုင်ဆောင်ကာ ကျောင်းတိုက်အတွင်း ဝင်ရောက်လာပြီး ပဓာနဆရာတော်အပါအဝင် ကျောင်းတိုက်အတွင်းရှိ သံဃာတော်အချို့အား ရိုက်နှက်ကာ လူဝတ်လဲစေခဲ့သူ၊ ကျောင်းတိုက်အတွင်း ရောက်ရှိနေသူများကို ရိုက်နှက်ခဲ့သည့် ရွှေပေါ်ကျွန်းရွာမှ ဦးထွန်းဦး အပါအဝင် အမျိုးသား(၉)ဦး၊ အမျိုးသမီး (၃)ဦးနှင့် ဒေသခံ(၁၀၀)ကျော်ကို အမူဖွင့်အရေးယူပေးရန် ဆရာတော်ဦးကုမာရ၏ တူဖြစ်သူ ဦးအောင်စိုးမှ အမူဖွင့်တိုင်ကြားခြင်းဖြစ်သည်။

အဆိုပါ အမူဖွင့်တိုင်ကြားမူနှင့်ပတ်သက်၍ ဦးထွန်းဦးအပါအဝင် ရွှေပေါ်ကျွန်းကျေးရွာမှ ဒေသခံ(၁၀၀)ကျော်ကို မလှိုင်မြို့နယ် နှောကန်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ၄၅၂/၃၃၆/၃၂၅/၃၂၃/၂၉၅/၄၂၇/၁၁၄ (ရိုက်နှက်မူ၊ ခဲ၊လေးခွဖြင့်ပစ်ခတ်မူ၊ အပြင်းအထတ်နာကျင်စေမူ၊ သာမန်နာကျင်စေမူ၊ ဘာသာ၊သာသနာကို စော်ကားမူ၊ အကျိုးဖျက်ဆီးမူ၊ အားပေးကူညီမူ) တို့ဖြင့် အမူဖွင့်ထားပြီး အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရွှေပေါ်ကျွန်းသာသနာပြုစခန်းသည် ယခင်က ရွှေပေါ်ကျွန်းကျေးရွာ၏ ရွာဦးကျောင်းဖြစ်ခဲ့ပြီး လက်ရှိဆရာတော်မှ လျှပ်စစ်မီးမီတာ တိုးမြင့်ကောက်ခံသည့်ကိစ္စ၊ သောက်သုံးရေကန်များ အသုံးပြုခွင့်နှင့် ရွာသူ၊ရွာသားအချို့ကို ကျောင်းဝင်းအတွင်း လာရောက်ခွင့် တားမြစ်ပိတ်ပင်သည့်ကိစ္စ၊ ကျောင်းတိုက်အတွင်း သာသနိကအဆောက်အဦးများ တည်ဆောက်ရာတွင် ဒေသခံများထက် အခြားကျေးရွာမှ ပန်းရံ၊လက်သမား စသည်တို့ကို ခေါ်ယူသည့်ကိစ္စအပါအဝင် အလှူအတန်းကိစ္စများတွင်ပါ ပိတ်ပင်မူများရှိနေ၍ ဒေသခံများက မကျေနပ်ဘဲ ဆရာတော်အား ကျောင်းမှ ထွက်သွားပေးရန် တောင်းဆိုရာမှ ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ရွှေပေါ်ကျွန်းကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးသိန်းနိုင်က ပြောသည်။

အဆိုပါ ရွှေပေါ်ကျွန်းကျေးရွာတွင် ဆရာတော်နှင့် ဒေသခံအချို့ကြား မပြေလည်မူရှိနေသည်မှာ နှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကာ လွန်ခဲ့သည့်နှစ်ပိုင်းအတွင်းက မန္တလေးမြို့တွင်လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်(၁၂)ရက်က စေတော်ဝန်ရွှေပေါ်ကျွန်း  သာသနာပြုစခန်း၏  တောင်ဘက်ရှိ  တံခါးရှေ့သို့  ရွှေပေါ်ကျွန်း  ကျေးရွာသူ၊ကျေးရွာသား (၁၀၀)ဦးခန့်သည် တုတ်၊ လေးဂွ၊ ခဲနှင့် သံတုတ်များကိုင်ဆောင်ကာ  ရောက်ရှိလာပြီး ခဲများဖြင့် ပစ်ပေါက်ကာ ကျောင်းတံခါးအားဖျက်၍ ဝင်ရောက်လာခဲ့သည်။  ထို့နောက်  ကျောင်းတိုက်အတွင်း ရောက်ရှိနေသူ အမျိုးသားများ၊ ဆရာတော် ဦးကုမာရနှင့် အခြားသံဃာ(၂)ပါးတို့အား ဝိုင်းဝန်းရိုက်နှက်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရွာသူ၊ရွာသားများမှ  ဆရာတော်  ဦးကုမာရအပါအဝင် ကျောင်းတိုက်အတွင်းရှိ သံဃာ(၃)ပါးအား  လူဝတ်လဲစေခဲ့ကာ ကျောင်းအတွင်း ထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။ ရွှေပေါ်ကျွန်းဆရာတော်၏  တူတော်စပ်သူ ဦးကျော်သန်းမှလည်း ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်လာသူများကို  ဓားရှည်ဖြင့် လိုက်လံခုတ်ရာ   ရွှေပေါ်ကျွန်းရွာသား  (၃)ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက်တွင်မူ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ခရိုင်နှင့် မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ လာရောက်ထိန်းသိမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကို ဆေးဝါးကုသနိုင်ရန်  မလှိုင်၊ မိတ္ထီလာနှင့် မန္တလေးဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ရိုက်နှက်မူများအတွင်း ရွှေပေါ်ကျွန်းသာသနာပြုစခန်း ပဓာနဆရာတော် ဦးကုမာရ၊ အခြားသံဃာတစ်ပါး၊ ကျောင်းတိုက်အတွင်းရှိသူ (၅)ဦးခန့်နှင့် ဒေသခံ(၃)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အပြင် ကျောင်းဝန်းအတွင်းရှိ ပြူတင်းပေါက်မှန်များနှင့် ကျောင်းတိုက်နံရံများ ပေါက်ပြဲပျက်စီးခဲ့ပြီး ကျောင်းပိုင်  ပရာဒိုအမျိုးအစား ခဲရောင်ကားတွင်လည်း  နောက်မှန်ကွဲခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဆရာတော်ဦးကုမာရ သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်အတွင်းမှ ကျွန်းတံခါးနှင့် သောတို့ကို ဖျက်ဆီး၍ ငွေကျပ်သိန်း(၂၃၀)၊ တန်ဘိုးငွေကျပ်(၁၀)ခန့်ရှိ ဖုန်း(၃)လုံးတို့ကိုလည်း ဒေသခံများက ယူဆောင်သွားခဲ့သည်ဟု တရားလို၏ တိုင်တန်းချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ ကျောင်းတိုက်အတွင်း လုံခြုံအေးချမ်းရေးအတွက် ရဲတပ်ဖွဲ့မှ လုံခြုံရေးယူထားကာ မူခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်သူများကို ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း နယ်မြေရဲစခန်းမှူး ရဲအုပ်အေးမင်းက  ပြောသည်။

ထို့အပြင် ရွှေပေါ်ကျွန်းကျောင်းတိုက်အား မြို့နယ်သံဃာ့နာယကအဖွဲနှင့် ရပ်ကျေးသံဃာနာယကအဖွဲ့တို့မှ  သံဃာ(၂)ပါးစီ၊ နေ့စဉ်သံဃာ(၄)ပါးဖြင့်  တာဝန်ယူကာ  ဝါမဆိုမီ (ဝါဆိုလပြည့်မတိုင်မီ)အထိ ထိန်းသိမ်းစောင့်ရှောက်ထားမည်ဖြစ်ပြီး ရွှေပေါ်ကျွန်းဆရာတော်ကြီး၏ မေတ္တာရိပ်တွင် နေထိုင်ကာ အေးအေးချမ်းချမ်း ဖြစ်စေလိုကြောင်း မလှိုင်မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အရှင်မာဃိန္ဒက  မိန့်ကြားသည်။

ဓါတ်ပုံများ – အမ်တီ၊ ရဲတပ်ဖွဲ့။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်