ဇူလိုင်-၁၅။ ။မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဦးအောင်ကြည်နှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခံရသည့် ဒေါ်လှမြင့်တို့သည် တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ထမ်းဆောင်ပါမည်ဖြစ်ကြောင်း ယနေ့(ဇူလိုင်၁၅)ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်အရ ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် အသစ်ဖွဲ့စည်းမည့် လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့(ဇူလိုင်၁၅)တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ဦးအောင်ကြည်သည် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီများဖြစ်သည့် ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကေ်ာမတီ၏ ဥက္ကဌ၊ ပြည်သူ့ငွေစာရင်းသုံးစွဲမူ စိစစ်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူဖြစ်သည်။ ၎င်းကို တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီးနောက် အထက်ပါ တိုင်းလွှတ်တော်ရေးရာကော်မတီ(၂)ခု၏ ဥက္ကဌနှင့် အဖွဲ့ဝင်များကိုလည်း မန္တလေးတိုင်းလွှတ်တော်က ပြောင်းလဲခန့်အပ်ခဲ့သည်။
ဦးအောင်ကြည်သည် အသက်(၆၄)နှစ်အရွယ် ရှိပြီဖြစ်ကာ B.Ecom(Stats)ဘွဲ့ရရှိခဲ့ပြီး ကျောက်ဆည်မြို့ ဆူးကုန်းရပ်တောင်ပိုင်းတွင် နေထိုင်သူဖြစ်သည်။
Photo – Mandalay Region Hluttaw.
မန္တလေးတိုင်းဒေသကြီးလွှတ်တော်အား လေ့လာစောင့်ကြည့်နေသည့် ကနောင်အင်စတီကျူ့၏ ထုတ်ပြန်ချက်များအရ ဦးအောင်ကြည်သည် လွှတ်တော်သက်တမ်း(၃)နှစ်ကျော်ချိန်အထိ တိုင်းလွှတ်တော်အတွင်း မေးခွန်းမေးမြန်းမူ မရှိခဲ့ပေ။
၎င်းအနေဖြင့် အစိုးရအဖွဲ့ဝန်ကြီးအဖြစ် ပေးအပ်သည့် တာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားထမ်းဆောင်မည်ဟု ဦးအောင်ကြည်က ပြောသည်။
အစိုးရသက်တမ်း လက်ကျန် တစ်နှစ်ကျော်ကာလအတွင်း လူဝင်မှု ကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန လိုအပ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ပြီး မန္တလေးတိုင်းတွင်လည်း အဆိုပါဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတမှ အသိပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ယင်းဝန်ကြီးဌာနသည် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်များ အပြည့်အဝ ရရှိစေရေး လုပ်ဆောင်ရန်နှင့် တိုင်းအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ရေးအတွက်ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ရှင်းပြသည်။
“ဝန်ကြီးသစ်က နည်းနည်တော့ အလုပ်များမယ် ” ဟု ၎င်းက ဆိုသည်။
ထို့အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်လှမြင့်အားလည်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် အတည်ပြုခန့်အပ်ခဲ့ပြီး ၎င်းက ယနေ့ကျင်းပသည့် မန္တလေးတိုင်းလွှတ်တော်တွင် ကတိသစ္စာပြုခဲ့သည်။
ဒေါ်လှမြင့်သည် အသက်(၅၆)နှစ်အရွယ် အိမ်ထောင်မရှိသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ ဇာတိဖြစ်သည်။ ဒေါ်လှမြင့်သည် ၂၀၁၇မှ ၂၀၁၉အထိ မန္တလေးခရိုင်တရားရုံး တွဲဘက်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယနေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ Author – ကိုနေကို (Mandalay In-depth News)
ဓါတ်ပုံ – နေကို။