ဦးအောင်ကြည်မှာ သက်တမ်း(၃)နှစ်ကျော်ချိန်အထိ လွှတ်တော်တွင်း မေးခွန်းမေးမြန်းမူမရှိခဲ့ဘဲ လက်ရှိတွင် တိုင်းလွှတ်တော် ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ ဥက္ကဌဖြစ်
ထက်အောင်၊ မန္တလေး၊ ဇူလိုင်-၁၁
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် အသစ်တိုးချဲ့ဖွဲ့စည်းခဲ့သည့် “လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်“ ဝန်ကြီးဌာနအတွက် ဝန်ကြီးအဖြစ် ခန့်အပ်ရန် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ကို အမည်စာရင်းတင်သွင်းခဲ့သည်။
ဇူလိုင်(၁၁)ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည် (၆၄)နှစ်ကို တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် တိုင်းလွှတ်တော်မှ အတည်ပြုခန့်အပ်နိုင်ရန် ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။
ဦးအောင်ကြည်သည် ယခင်က ကျောက်ဆည်မြို့နယ် စာရင်းစစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ ဥက္ကဌအဖြစ် တာဝန်ယူထားသည်။
Photo-UKoKoLay FB.
၎င်းသည် ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် သက်တမ်း(၃)နှစ်ကျော်အတွင်း လွှတ်တော်တွင်း ကြယ်ပွင့်ပြမေးခွန်း တစ်ကြိမ်မျှ မေးမြန်းခြင်းမရှိသေးသည့် ကိုယ်စားလှယ်(၂)ဦးအနက်မှ တစ်ဦးဖြစ်သည်။
ဦးအောင်ကြည်အား မန္တလေးတိုင်းအစိုးရအဖွဲ့ “လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်“ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်နိုင်ရေး မနက်ဖန်(ဇူလိုင်-၁၂)ရက်တွင် တိုင်းလွှတ်တော်မှ ဆွေးနွေးအနည်ပြုမည်ဖြစ်သည်။