မောင်မင်းမော်၊ ဇူလိုင်-၁၂
မန္တလေးမြို့တွင် လမ်းလျှောက်လာသူတစ်ဦးထံမှ ငွေကျပ်နှစ်သောင်းပါ ပိုက်ဆံအိတ် လုယက်ခဲ့သူ အမျိုးသား(၂)ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မဟာအောင်မြေမြို့နယ် တရားရုံးမှ သတင်းရရှိသည်။
ပြီးခဲ့သည့် မတ်(၉)ရက် နံနက်(၈)နာရီကျော်အချိန်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၊ လမ်း၄၀၊ ၆၃လမ်းနှင့်၆၄လမ်းကြားတွင် လမ်းလျှောက်လာသူထံမှ ငွေကျပ်နှစ်သောင်းပါ ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးလာသူ(၂)ဦးမှ လုယက်ထွက်ပြေးခဲ့သည်။
အဆိုပါ လုယက်မူ ကျူးလွန်သူ(၂)ဦးမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် ထွန်းထွန်းဝင်း(ခ)ဘော်လေးနှင့် ကောင်းမြင့်(ခ)ချစ်ကောင်းတို့ဖြစ်သည်။ ၎င်းတို့ကို ဖမ်းဆီးရမိခဲ့ကာ မန္တလေးမြို့ အမှတ်(၉) မြို့မရဲစခန်းတွင် အမူဖွင့်တရားစွဲဆိုခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုထင်ရှားသဖြင့် ဆိုင်ကယ်ဖြင့် လုယက်မူကျူးလွန်သူ (၂)ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ (နာကျင်စေရန် ပြင်ဆင်ပြီးမှ ကျူးလွန်သော ခိုးမူ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ်စီ ပြစ်ဒဏ်ကျခံစေရန် မဟာအောင်မြေမြို့နယ် တရားရုံးမှ ဇူလိုင် (၈)ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၈၂သည် နာကျင်စေရန်ဖြစ်စေ၊ သေစေရန်ဖြစ်စေ ကြိုတင်ပြင်ဆင်ပြီး ကျူးလွန်သော ခိုးမူဖြစ်ပြီး ထောင်ဒဏ်(၁၀)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
ပြီးခဲ့သည့် ဇွန်(၁၁)ရက်ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း၈၀ပေါ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ် လုယက်ခဲ့သည့် အမျိုးသားနှစ်ဦးကို ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သေးသည်။
မန္တလေးမြို့တွင် လုယက်မူများ မကြာခနဖြစ်ပွားနေပြီး ကျူးလွန်သူများတွင် လူငယ်များ ပါဝင်နေကာ အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲမူများနှင့် ဆက်စပ်နေကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက မှတ်ချက်ပြုထားသည်။
မဟာအောင်မြေမြို့နယ် တရားရုံး။ ဓါတ်ပုံ – မင်းမော်။