မန္တလေးနန်းရှေ့ (၁၄)လမ်းတွင် ညဈေးတန်း တည်ဆောက်ရန် စတင်ပြင်ဆင်

မောင်မင်းမော်၊ သြဂုတ်-၅

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ရပ် ၁၄လမ်းပေါ်တွင် အဆင့်မြင့် ညဈေးတန်းတစ်ခု တည်ဆောက်ရန်စီစဉ်နေပြီး လမ်းချဲ့ခြင်း၊ မြေဖို့ခြင်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

အဆိုပါ ညဈေးတန်းကို ၆၂လမ်းနှင့် ၆၆လမ်းကြား၊ ၁၄လမ်းပေါ်ရှိ ယခင် ကျုံးရေသွင်းမြောင်းနေရာအား မြေဖို့ တည်ဆောက်မည်ဖြစ်သည်။ ယင်းနေရာသည် မန္တလေးမြို့၏ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ရွှေကျောင်းကြီး၊ အတုမရှိကျောင်းစသည့် နေရာများအနီးတွင် ဖြစ်သည်။

မန္တလေးမြို့သူ၊မြို့သားများ၊ ရပ်ဝေးမှ ဧည့်သည်များနှင့် နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် သာယာလှပပြီး ညအချိန် အပန်ဖြေအနားယူနိုင်သည့် ညဈေးတန်းအဖြစ် တည်ဆောက်မည်ဖြစ်ကာ အဆောက်အဦးကြီးများ အခိုင်အမာတည်ဆောက်၍ ရောင်းချသည့် ညဈေးတန်းမျိုး မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

“အမှတ်တရပစ္စည်း အရောင်းဆိုင်လေးတွေ၊ လူတွေအတွက် အနားယူအပန်းဖြေဖို့ သစ်ပင်ပန်းမန်လေးတွေ၊ အဲဒီလို သာသာယာယာ လှလှပပလေး ရည်ရွယ်ထားတာပါ၊ ဈေးတန်းကြီးတွေ ဆောက်ပီး ဈေးရောင်းဖို့တော့ မဟုတ်ပါဘူး”ဟု  ဦးကျော်ဆန်းမြင့်က ပြောသည်။

အဆိုပါ ညဈေးတန်း တည်ဆောက်ရန်အတွက်  ယှဉ်ပြိုင်အဆိုပြုလွှာ “Swiss Challenge” ဖိတ်ခေါ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

“မြို့တော်နဲ့ လိုက်လျောညီထွေ ရှိမယ့် အဆင့်မြင့်ညဈေးတန်းလေးတစ်ခု မကြာခင် ပေါ်ပေါက်လာတော့မှာပါ”ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုသည်။

ညဈေးတန်း ဖော်ဆောင်ရန်  ယှဉ်ပြိုင်အဆိုပြုလွှာ ”Swiss Challenge” ဖိတ်ခေါ်မည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း မကြာမီ ဖိတ်ခေါ်မည်ဖြစ်ပြီး  အဆိုပြုလွှာ တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့်  ဈေးဆိုင်တန်းနှင့် ကားပါကင် စသည့် ညဈေးတန်းတွင် ပါဝင်မည့် ဈေးတန်းပုံံစံ ရေးဆွဲကာ အဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ပြောသည်။

လက်ရှိတွင် မန္တလေးမြို့၌ ၂၆လမ်းနှင့် ၂၈လမ်းကြား ၈၄လမ်းပေါ်တွင် ဈေးချိုတော်ညဈေးနှင့် ၇၆လမ်းနှင့် ၇၇လမ်းကြား၊ ၃၄လမ်းတွင် တရုတ်တန်းညဈေးများ ရှိသည်။

ညဈေးတန်းသစ် တည်ဆောက်မည့်မြေနေရာ။ ဓါတ်ပုံ – မင်းမော်။

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်