ဇူလိုင်-၁၅။ ။မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အနားမကြားသူ သမီးအပါအဝင် သမီးအရင်း(၂)ဦးကို ဖခင်မှ အကြိမ်ကြိမ် အဓမ္မပြုကျင့်မူဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။
မန္တလေးမြို့ သင်ပန်းကုန်းရပ်ကွက်တွင် နေထိုင်ပြီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အသက်(၄၂)နှစ်အရွယ် မျိုးမြင့်အောင်ဆိုသူသည် တစ်အိမ်တည်းအတူနေ သမီးအရင်း(၂)ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူမှ ဇူလိုင်(၁၅)ရက်တွင် ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအမျိုးသားသည် မိသားစုတွင်း အတူနေ သားသမီးများအနက် အသက်(၁၂)နှစ်အရွယ် ဆွံ့အနားမကြား သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သလို အသက်(၂၀)အရွယ် သမီးကြီးကိုလည်း အသက်(၁၀)နှစ်ခန့်အရွယ်မှ စတင်ကာ လက်ရှိတွင် အိမ်ထောင်ကျပြီး သားသမီးတစ်ဦးထွန်းကားပြီးချိန်အထိ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
၎င်းအမျိုးသားသည် လွန်ခဲ့သည့် (၁၄)နှစ်က တရားလိုဖြစ်သည့် ဇနီးသည်(အသက်၄၀)နှင့် အိမ်ထောင်ကျခဲ့ပြီး သား၊သမီး(၅)ဦးထွန်းကားခဲ့ကြောင်း၊ ၎င်းအမျိုးသားသည် ယခင်အိမ်ထောင်နှင့် သမီး(၂)ဦး ရရှိခဲ့ဖူးပြီး အဆိုပါ သမီး(၂)ဦးအနက် သမီးကြီးမှာ ဖခင်နှင့်အတူ လိုက်ပါနေထိုင်ခဲ့သည်ဟုဆိုသည်။
ဇူလိုင်(၁၄)ရက်တွင် တရားလိုအမျိုးသမီးက အသက်(၁၂)နှစ်အရွယ် ဆွံ့အနားမကြား သမီးငယ်အား “နင့်အဖေ နောက်မိန်းမ ယူသွားပြီ”ဟု ခြေဟန်လက်ဟန်ဖြင့် ပြောပြရာမှ အဆိုပါ သမီးငယ်က ခြေဟန်လက်ဟန်ဖြင့် ပြန်လည်ပြောပြသဖြင့် အဓမ္မပြုကျင့်ကြောင်း သိရှိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။
ထိုသို့ သမီးငယ်အား ဖခင်မှ အဓမ္မပြုကျင့်ကြောင်း သိရှိခဲ့ရပြီးနောက် အသက်(၂၀)အရွယ် သမီးကြီးကပါ သူမကိုလည်း အသက်(၁၀)နှစ်ဝန်းကျင်အရွယ်မှ စတင်ကာ ဖခင်က အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သမီးကြီးမှာ ဈေးဆိုင်တစ်ဆိုင်တွင် ဈေးရောင်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေပြီး အိမ်ထောင်ပြု၍ သားသမီး(၁)ဦးထွန်းကားပြီးချိန်အထိ ဖခင်မှ မကြာခန အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင်မူ အဆိုပါသမီးကြီး၏ ခင်ပွန်းဖြစ်သူမှာလည်း ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ သမီး(၂)ဦးမှ အဒေါ်ဖြစ်သူနှင့် အလုပ်ရှင်ဖြစ်သည့် ဈေးဆိုင်ပိုင်ရှင်တို့ကို ပြောပြရာမှ ယခုကဲ့သို့ အမူဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သမီးအရင်း(၂)ဦးအပေါ် အဓမ္မမူကျူးလွန်ခဲ့သည့် အမျိုးသားကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ (မုဒိန်းမူ) ဖြင့် အမူဖွင့်ကာ ရဲစခန်းတွင် ဖမ်းဆီးထားသည်။ Author – အမ်တီ ( Mandalay In-depth News)
သမီး(၂)ဦးအပေါ် အဓမ္မမူ ကျူးလွန်ခဲ့သည့် အမျိုးသား အသုံးပြုသော ဖေ့စ်ဘွတ်ခ်အကောင့်။ ဓါတ်ပုံ – အမ်တီ။