မန္တလေးနှင့်ပုဂံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားများမှ လိုင်စင်မဲ့ဧည့်လမ်းညွှန်များ အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိ၊ အရေးယူမူ မရှိသေး

ထက်အောင်၊ ဇူလိုင်-၁၄

မန္တလေးနှင့် ပုဂံဒေသသို့ ခရီးသွားကုမ္မဏီများ၏ အစီအစဉ်ဖြင့် လာရောက်လည်ပတ်သည့်  နိုင်ငံခြားသားခရီးသွားများကို  ဧည့်လမ်းညွှန်အသုံးပြုမှု ရှိ၊မရှိ စိစစ်ခဲ့ရာ တရုတ်ခရီးသွားများအနေဖြင့် လိုင်စင်မဲ့ ဧည့်လမ်းညွှန်များ အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဧည့်လမ်းညွှန်အသင်း တာဝန်ရှိသူများက ပြောသည်။

ခရီးသွားကုမ္မဏီများနှင့် ချိတ်ဆက်၍ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များကို စိစစ်ခဲ့ရာ မန္တလေးတွင် တရုတ်ခရီးသွားဧည့်သည် (၂၀)ရာခိုင်နှုန်းခန့်မှာ လိုင်စင်မဲ့ဧည့်လမ်းညွှန်များ အသုံးပြုနေပြီး ပုဂံဒေသတွင်လည်း လိုင်စင်မဲ့ဧည့်လမ်းညွှန် အသုံးပြုသည့် တရုတ်ခရီးသွားဧည့်သည်များကို စိစစ်တွေ့ရှိရခြင်းဖြစ်သည်။

“အများစုက RG (Regional Guide) လို့ခေါ်တဲ့ ဒေသလိုင်စင် ဧည့်လမ်းညွှန်တွေ ဖြစ်တယ်။ သူတို့က အခြားဒေသက လိုင်စင်ရထားပြီး ဒေသခြားပြီး လိုက်နေတာ တွေ့ရတယ်။ တချို့ကတော့ လိုင်စင်မရှိတဲ့ ဧည့်လမ်းညွှန်တွေ ဖြစ်တယ်”ဟု မန္တလေးဧည့်လမ်းညွှန်များအသင်း ဥက္ကဌ ဦးဝင်းဇော်ဦးကပြောသည်။

မန္တလေးတွင် နိုင်ငံခြားသားခရီးသွားများ ဧည့်လမ်းညွှန်အသုံးပြုမှုကို စစ်ဆေးနေသည်မှာ (၂)လခန့်ကြာပြီဖြစ်ကာ ထိုသို့ စိစစ်မှုအရ နိုင်ငံခြားခရီးသွားများ၏ ၂၀ရာခိုင်နှုန်းခန့်ထိ လိုင်စင်မဲ့ဧည့်လမ်းညွှန်များ အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု ဦးဝင်းဇော်ဦးက ပြောသည်။

ထို့အတူ ဇူလိုင်(၁၂)ရက်နေ့ ပုဂံဒေသဧည့်လမ်းညွှန်များအသင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(ပုဂံ)၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားများကို ဧည့်လမ်းညွှန်အသုံးပြုမှု စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ ခရီးသွားကုမ္မဏီတစ်ခုတည်းမှ စီစဉ်သည့် နိုင်ငံခြားသား ခရီးသွားအဖွဲ့(၆)ဖွဲ့တွင် (၄)ဖွဲ့၌ လိုင်စင်ရဧည့်လမ်းညွှန် အသုံးပြုခြင်းမရှိဘဲ  (၂)ဖွဲ့တွင်လည်း ဒေသမတူသည့် လိုင်စင်ရဧည့်လမ်းညွှန်များ အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပုဂံဒေသဧည့်လမ်းညွှန်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဥပဒေမှာလည်း ပါပြီးသားပါ။ ဧည့်လမ်းညွှန်တွေအနေနဲ့ နယ်ကျော် မလိုက်ရဘူး၊ လိုင်စင်ရဧည့်လမ်းညွှန် မဟုတ်ရင် ရှင်းပြခွင့်မရှိဘူးဆိုတာ။ အဲဒါကို ကျွန်တော်တို့ warning(သတိပေး) ပေးလိုက်ပါတယ်။ နောက်တစ်ကြိမ် ဒီလိုထပ်မဖြစ်ဖို့အတွက်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

ဒေသမတူသည့် ဧည့်လမ်းညွှန်နှင့် လိုင်စင်မဲ့ဧည့်လမ်းညွှန်များကို အဓိကအသုံးပြုနေသူများမှာ တရုတ်ခရီးသွားများဖြစ်သည်ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များတွင် လိုင်စင်ရဧည့်လမ်းညွှန် အသုံးမပြုသည့် ကိစ္စများနှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံ တင်ပြထားသော်လည်း အရေးယူမှု၊ စည်းကမ်းတင်းကြပ်မှုများ မရှိသေးကြောင်း မန္တလေးဧည့်လမ်းညွှန်များအသင်း ဥက္ကဌ ဦးဝင်းဇော်ဦးကပြောသည်။

“တို့က အရေးယူလို့မရဘူး။ အဲဒါကြောင့် ဝန်ကြီးဌာနကို တင်ပြခဲ့တာ (၂)လလောက်ရှိနေပြီ။ ဘာမှ လုပ်ဆောင်ပေးတာ မရှိသေးဘူး”ဟု ဦးဝင်းဇော်ဦးက ပြောသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၏ ဧည့်လမ်းညွှန်အသုံးပြုမှုနှင့်ပတ်သက်၍ စစ်ဆေးကြပ်မတ်ရန် ဝန်ကြီးဌာနမှ ညွှန်ကြားထားခြင်းမရှိဘဲ ယခုကဲ့သို့ စစ်ဆေးနေမှုများမှာလည်း သက်ဆိုင်ရာ ဒေသအလိုက် လုပ်ဆောင်နေခြင်းများသာ ဖြစ်ကြောင်း မန္တလေးတွင်ရုံးစိုက်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊  (အထက်မြန်မာပြည်) လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

“ကျွန်တော်တို့က Upper Myanmar အနေအထားဖြစ်တယ်။ ဘာလုပ်၊ ဘာလုပ်ပါဆိုပြီး အဲလို ညွှန်ကြားတာမျိုး မရှိဘူး။ Upper Myanmar အနေအထားနဲ့ Policy (မူဝါဒ)ပဲ ထိန်းပေးတာ”ဟု ဦးစန်းယုက ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအနက် တရုတ်ခရီးသွားကုမ္မဏီအချို့၏ အစီအစဉ်ဖြင့် လာရောက်သည့် ခရီးသွားများမှာ Zero Budget Tour ခေါ် ငွေထုတ်မသုံးသည့် ခရီးသွားများဖြစ်ကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များမှ ပြောသည်။

Zero Budget Tour ခရီးစဉ်များသည် လိုင်စင်ရဧည့်လမ်းညွှန် အသုံးပြုမူမရှိခြင်း၊ တည်းခိုစားသောက်မူများကို ခရီးစဉ်စီစဉ်သည့် ကုမ္မဏီနှင့် ချိတ်ဆက်ထားသည့် ဟိုတယ်နှင့် စားသောက်ဆိုင်များတွင်သာ တည်းခိုစားသောက်ကြသဖြင့် ခရီးသွားအရေအတွက် များပြားသော်လည်း ဒေသခံများနှင့် သက်ဆိုင်ရာ နိုင်ငံအပေါ် ကောင်းကျိုးဖြစ်ထွန်းစေမူ နည်းပါးကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းရှင်များက ဝေဖန်သည်။

မန္တလေးမြို့ မြနန်းစံကျော် ရွှေနန်းတော်အတွင်း လာရောက်လည်ပတ်နေသည့် ခရီးသွားဧည့်သည်များ။ ဓါတ်ပုံ – မောင်မင်းမော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်