ဦးဝိစိတ္တာဘိဝံသ (ဝီရသူ)အား တရားရုံးသို့ လာရောက်ဖြေရှင်းရန် မစိုးရိမ်တိုက်သစ် ကျောင်းတိုက်အတွင်း စာကပ်

အမ်တီ၊ ဇူလိုင်-၁၁

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်းဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်)အား တရားရုံးသို့ လာရောက်ဖြေရှင်းရန် ထုတ်ဆင့်သည့် ရာဇဝတ်ကျင့်ထုံး (၈၇)စာအား အဆိုပါကျောင်းတိုက်ရှေ့တွင် ယနေ့နံနက်ပိုင်းက ကပ်ထားခဲ့သည်။

မြို့နယ်သံဃာ့နာယကအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်းသို့ သွားရောက်၍ မစိုးရိမ်တိုက်သစ်ကျောင်းတိုက် နာယကဆရာတော်ကြီးများ၏ ခွင့်ပြုချက်ဖြင့် ဓမ္မသဟာရကျောင်းတိုက်ရှေ့ရှိ သင်ပုန်းတွင် တရားရုံးထုတ်ဆင့်စာ ကပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကျောင်းတိုက်နာယက ဆရာတော်ကြီးများ၏ မေတ္တာရပ်ခံချက်အရ ကျောင်းအား ချိတ်ပိတ်ခြင်းမရှိခဲ့သော်လည်း စာကပ်ခဲ့ပြီးနောက် ကျောင်းတိုက်မှ သံဃာတော်အချို့က အဆိုပါ တရားရုံးထ်ုဆင့်စာကို ကြက်ခြေခတ်အမှတ်အသား ပြုလုပ်သွားသည်ဟု အဆိုပါစာကပ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမူ ပုဒ်မ ၁၂၄(က)ဖြင့် ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် ဒု-ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ တရားလိုလုပ်ကာ တရားစွဲဆိုထားပြီး ခရိုင်ရုံးတွင် စစ်ဆေးချက်များအရ ယခုကဲ့သို့ ဆင့်ခေါ်စာထုတ်ဆင့်ခြင်းဖြစ်သည်။

မစိုးရိမ်တိုက်သစ်ကျောင်းတိုက်အတွင်း စာကပ်ထားစဉ်။ ဓါတ်ပုံ- အမ်တီ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်