ကျောက်ဆည်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရုံးရှေ့ထိုင်နေစဉ် ဓါးပြခြိမ်းခြောက်ကာ ဖုန်းလုယက်ခံရ၊

ဖုန်းပါမသွားသော်လည်း အသေးစားဓါးဒဏ်ရာရရှိ

ဘုံကမ္ဘာထွန်း ၊ စက်တင်ဘာ-၂၂

ကျောက်ဆည်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရုံးရှေ့ထိုင်ကာ ဖုန်းသုံးနေစဉ် အမည်မသိ လူငယ်သုံးဦးက ဓားပြခြိမ်းခြောက်ကာ ဖုန်းလုယက်မှု စက်တင်ဘာ(၂၁)ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ စုကြီးရပ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဆွေသည် စက်တင်ဘာ(၂၁)ရက် ည(၁၁)နာရီခန့်က ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဖုန်းကိုင်၍ ထိုင်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ လူငယ်သုံးဦး ရောက်ရှိလာပြီး တစ်ဦးက ဓားကိုင်ခြိမ်းခြောက်ကာ ဖုန်းလုယက်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့ ဓါးထောက်လုယက်စဉ် ရုံးအတွင်းသို့ ပြေးဝင်ခဲ့သဖြင့် ဖုန်းပါမသွားခဲ့သော်လည်း  ဓါးကိုင်လုယက်သည့် လူငယ်နှင့် ထိခိုက်မိကာ လက်တွင် ပြတ်ရှဓါးဒဏ်ရာ အသေးတစ်ချက် ရရှိခဲ့သည်ဟု ဆိုသည်။ လူငယ်သုံးဦးမှာမူ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ဓါးထောက်လုယက်ခဲ့သည့် အမည်မသိ လူငယ်သုံးဦးကို အရေးယူပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တိုင်တန်းသဖြင့် ကျောက်ဆည်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၃၊၃၂၄၊၁၁၄ (လုယက်မူကျူးလွန်ရန် အားထုတ်မူ၊ နာကျင်စေမူ၊ အားပေးကူညီမူ) တို့ဖြင့် အမှုဖွင့်ထားသည်။

လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓါးထောက်လုယက်ခဲ့သည့် လူငယ်သုံးဦးကို ဖမ်းဆီးနိုင်ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

ဓါးထောက်လုယက်မူဖြစ်ပွားခဲ့သည့် ကျောက်ဆည်မြို့ စုကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ဓါတ်ပုံ – Soe Thiha FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်