ပြည်သူကို လက်ငင်းအကျိုးပြုသည့်ကိစ္စများ လုပ်ဆောင်မည်ဖြစ်ပြီး လွှတ်တော်အမတ်နှင့် ပါတီတာဝန်ရှိသူများမှ မြို့နယ်အလိုက် လိုအပ်ချက်များ ပူးပေါင်းတင်ပြရန် မန္တလေးတိုင်းဝန်ကြီးချုပ်ပြော
မောင်တာ၊ ဇူလိုင်-၁၉
လာမည့်ဘဏ္ဍာနှစ်အတွင်း အများပြည်သူကို ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် အသုံးပြုရန်အတွက်ဟုဆိုကာ ပြည်ထောင်စုအစိုးရအဖွဲ့မှ မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်(၂၁)ဘီလီယံကျော် ပိုမိုချထားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းလွှတ်တော်မှ အတည်ပြုထားသည့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးကော်မရှင်သို့ ပေးပို့တင်ပြခဲ့ရာမှ ပြည်သူများကို ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် အသုံးပြုရန်အတွက် ကျပ်သန်း(၂၁၅၇၁)ကျော်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းသို့ ပိုမိုချထား ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက တိုင်းလွှတ်တော်တွင် ပြောသည်။
အဆိုပါ ပိုမိုရရှိခဲ့သည့် ဘဏ္ဍာငွေများကို လုပ်ရိုးလုပ်စဉ်အတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အောက်ခြေဌာနဆိုင်ရာများမှ တင်ပြလာသည့် စီမံကိန်းများအတွက် သုံးစွဲမည်မဟုတ်ဘဲ ပြည်သူကို ချက်ချင်းလက်ငင်းအကျိုးပြုစေမည့် ကိစ္စရပ်များအတွက် သုံးစွဲမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ထို့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီတာဝန်ရှိသူများအနေဖြင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်၊ လိုလားချက်များကို လေ့လာကာ သက်ဆိုင်ရာမြို့နယ်အလိုက် မည်သည့်ကိစ္စရပ်များ လုပ်ဆောင်သင့်သည်ကို ပူးပေါင်းတင်ပြရမည်ဟု ဇူလိုင်(၅)ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မန္တလေးတိုင်းဒေသကြီး ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲတွင် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“မြို့နယ် ပြည်သူလူထုအတွက် အကျိုးရှိမယ့် စီမံကိန်းတွေကို ပေးစေချင်ပါတယ်။ ပြည်သူလူထုအတွက် အကျိုးရှိမယ့် စီမံကိန်းတွေကို ခဗျားတို့ပဲ ရှာပေးရမှာ”ဟု ၎င်းက ပြောသည်။
ဒေသခံပြည်သူလူထုအတွက် ချက်ချင်းလက်ငင်း အကျိုးရှိစေပြီး လာမည့်ဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ဆောင်နိုင်မည့် မည်သည့်လုပ်ငန်းကိုမဆို တင်ပြနိုင်သည်ဟု ၎င်းက ဆိုသည်။
“မြို့နယ်၊ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပါတီရယ်၊ လွှတ်တော်ကိုယ်စားလှယ်ရယ် ညှိနိုင်းပြီး မြို့နယ် ပြည်သူလူထု၊ ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထု တကယ်ကောင်းကျိုးဖြစ်မယ့်၊ အကျိုးဖြစ်မယ့် စီမံကိန်းမျိုး မြန်မြန်ပို့စေချင်ပါတယ်။ အခြေခံခေါင်းစဉ်ပေးလို့မရဘူး။ အမြန်ပေးစေချင်ပါတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
၎င်းဘဏ္ဍာငွေများကို မန္တလေးမြို့တော်စည်ပင်နယ်နမိတ်အတွင်း ပါဝင်သည့် (၆)မြို့နယ်မှအပ ကျန်ရှိသည့် မြို့နယ်များအတွက် အညီအမျှ ခွဲဝေသုံးစွဲရန် ရည်ရွယ်ထားပြီး တိုင်းအစိုးရဘတ်ဂျက်ဖြစ်သည့်အတွက် ယခုကဲ့သို ပြောဆိုပိုင်ခွင့်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
မန္တလေးတိုင်းအစိုးရ ပိုမိုရရှိသည့် ကျပ်(၂၁)ဘီလီယံကျော်နှင့်ပတ်သက်၍ ဝန်ကြီး ဦးမြတ်သူကလည်း “တကယ်လည်း ကုန်ရမယ်။ ထိရောက်တဲ့ အကျိုးသက်ရောက်မူလည်း ရှိမယ်ဆိုရင် အောက်ခြေပြည်သူရဲ့ သဘောထားကို လွှတ်တော်ကိုယ်စားလှယ်က အထက်တင်။ ဌာနဆိုင်ရာ၊ ပြည်သူနဲ့ပေါင်းစပ်ပြီးတော့ အဆိုပြု။ အဲ့ဒီအဆိုပြုချက်ကို စိစစ်ပြီးတော့မှ Cabinet (အစိုးရအဖွဲ့အစည်းအဝေး) ဆုံးဖြတ်ချက်နဲ့ ပေးမှာ”ဟု ပြောသည်။
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်သည် ၂၀၁၉အောက်တိုဘာမှ ၂၀၂၀စက်တင်ဘာအထိ အကျုံးဝင်သည်။ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေငြာထားသည်။
ဘဏ္ဍာရေးကော်မရှင်နှင့် တိုင်းလွှတ်တော်တို့၏ အတည်ပြုချက်များအရ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ အရအသုံး ခန့်မှန်ခြေငွေစာရင်းသည် ရငွေကျပ်သန်း(၃၆၂၇၀၅)ကျော်နှင့် သုံးငွေ ကျပ်သန်း(၃၆၂၇၀၅)ကျော် ဖြစ်ပြီး ပြည်ထောင်စု၏ ဖြည့်ဆည်းငွေ ကျပ်သန်း(၁၃၇၀၇၇) ရရှိမည်ဖြစ်သည်။
ဇူလိုင်(၅)ရက်က မန္တလေးမြို့ ယူူနန်ဘုံကျောင်းတွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲ။ ဓါတ်ပုံ – မောင်တာ။