ရွှေဝါရောင် ဆရာတော် ဦးစိန္တိတအား တပ်မတော် ဒု-ဗိုလ်မှူးကြီး သန့်ဇော်ဦးက ၆၆(ဃ)ဖြင့် အမူဖွင့်၊

တရားရုံးသို့ ဦးတိုက်လျှောက်ထားမူ ပ,လပ်ခံရပြီး တစ်လကျော်အကြာတွင် ထပ်မံအမူဖွင့်ခြင်းဖြစ်

Mandalay In-depth News၊ စက်တင်ဘာ-၆

လူမူကွန်ယက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြု၍ တပ်မတော်အကြီးအကဲများ အပါအဝင် တပ်မတော်သားများ၏ ဂုဏ်သရေကို ပျက်ပြားစေရန် ပြုလုပ်ခဲ့သည်ဟုဆိုကာ ရွှေဝါရောင် ဆရာတော် ဦးစိန္တိတအား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် တပ်မတော် ဒု-ဗိုလ်မှူးကြီး သန့်ဇော်ဦးက စက်တင်ဘာ(၅)ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ အမူဖွင့်တိုင်တန်းခဲ့သည်။

ဆရာတော် ဦးစိန္တိတသည် Van Sein Tita အမည်ဖြင့် အသုံးပြုသည် ဖေ့စ်ဘွတ်ခ်အကောင့်တွင် မတ်လမှ မေလအထိ သုံးလအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများ အသရေပျက်စေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် (၆)ကြိမ်အထိ ပို့စ်များ ရေးသားဖော်ပြခဲ့သည်ဟု ဒု-ဗိုလ်မှူးကြီး သန့်ဇော်ဦး၏ တိုင်တန်းချက်တွင် ပါရှိကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့ အမရပူရပူရမြို့နယ် အမှတ်(၂) ပင်မအလုပ်ရုံ (လျှပ်၊စက်)တပ်၊ အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးသည် ပြီးခဲ့သည့် မေလအတွင်းကလည်း ရွှေဝါရောင်ဆရာတော် ဦးစိန္တိတအား အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ဖူးသည်။ အဆိုပါ ဦးတိုက်လျှောက်ထား တရားစွဲဆိုမူအပေါ် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက လက်မခံဘဲ ဇူလိုင်(၂၃)ရက်တွင် ပ,လပ်ခဲ့သည်။

ယခုအကြိမ်တွင်မူ ဆရာတော်ဦးစိန္တိတကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် ဒု-ဗိုလ်မှူးကြီး သန့်ဇော်ဦးက တိုင်ကြားခဲ့ရာ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် အမူဖွင့်ထားပြီး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်၊ မဟာဝိဇိတာရာမကျောင်းတိုက်၊ မလိခဝါဆိုကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဆရာတော် ဦးစိန္တိတသည် ရွှေဝါရောင် တော်လှန်ရေးခေါ် ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမူတွင် ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။

ဆရာတော် ဦးစိန္တိတနှင့် ဒု-ဗိုလ်မှူးကြီး သန့်ဇော်ဦး။ ဓါတ်ပုံ – Van Sein Tita FB, Mandalay In-depth News.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်