ပြင်ဦးလွင်တွင် ပထမဆုံးအကြိမ်အဖြစ် မြို့မိမြို့ဖများကို အများပြည်သူမှ မဲပေးရွေးချယ်

မြို့မိမြို့ဖ ရွေးချယ်ပွဲ မဲပေးသည့် အိမ်ထောင်စု (၄၀၀)ကျော် ရှိခဲ့ပြီး ဒေသခံ(၇)ဦးကို မြို့မိမြို့ဖများအဖြစ် ရွေးချယ်ခဲ့


မောင်မင်းမော် ၊ စက်တင်ဘာ-၂၁


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် မြို့မိမြို့ဖရွေးချယ်ပွဲကို ပထမဆုံးအကြိမ် မဲစနစ်ဖြင့် ကျင်းပခဲ့ရာ အိမ်ထောင်စု (၄၀၀)ကျော် လာရောက်မဲပေးခဲ့ပြီး ဒေသခံခုနှစ်ဦးကို မြို့မိမြို့ဖများအဖြစ် ရွေးချယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။


ပြင်ဦးလွင်မြို့နယ် မြို့မိမြို့ဖ ရွေးချယ်ပွဲကို စက်တင်ဘာ(၁၇)ရက်က ကျင်းပခဲ့ပြီး အရွေးချယ်ခံ မြို့မိမြို့ဖများ မိတ်ဆက်အပ်နှံပွဲကို စက်တင်ဘာ(၂၀)ရက်က ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


မြို့မိမြို့ဖအဖြစ် ရွေးချယ်ခံရန် ဒေသခံဖြစ်သူ၊ နာမည်ပျက်မရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ခဲ့ပြီး (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ (၇)ဦးကို အများပြည်သူ မဲပေးရွေးချယ်မူဖြင့် ပြင်ဦးလွင်မြို့မိမြို့ဖအဖြစ် ခန့်အပ်နိုင်ခဲ့သည်ဟု အဆိုပါ ရွေးချယ်ပွဲ ကျင်းပနိုင်ရန် ဦးဆောင်ခဲ့သည့် မြို့မိမြို့ဖအထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဦးကိုကိုကြီးက ပြောသည်။


နီးစပ်ရာလူ ဆွဲခန့်အပ်ခြင်း မဟုတ်ဘဲ ပွင့်လင်းမြင်သာမူ ရှိစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန္ဒမဲတစ်မဲဖြင့် မဲပေးရွေးချယ်ခဲ့ပြီး မဲအများဆုံး ရရှိသူမှာ မြို့မိမြို့ဖအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်ဟု ၎င်းက ဆိုသည်။


မြို့မိမြို့ဖများသစ်များ ပေါ်ပေါက်လာသည့်အတွက် ကျေနပ်ကြောင်းနှင့် ယခင်မြို့မိမြို့ဖများထက် လက်ရှိလူသစ်များအနေဖြင့် ဒေသအကျိုး ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြင်ဦးလွင်ဒေသခံများက ပြောသည်။


မြို့မိမြို့ဖအဖြစ် ရွေးချယ်ခံရသူများနှင့် အတူလက်တွဲကာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင်က ပြောသည်။


“အားလုံးရဲ့ရည်ရွယ်ချက်သည် တစ်ခုထဲဖြစ်ပါတယ်။ ကျွန်တော်တို့ ပြင်ဦးလွင်မြို့ စည်ပင်သာယာ ဝပြောရမယ်၊ သူများမြို့နဲ့ ယှဉ်ရင် ကျွန်တော်တို့မြို့က First(ပထမ)ဖြစ်ရမယ်၊ ဒါက အားလုံးရင်ထဲက ဆန္ဒ အတူတူဖြစ်ပါတယ်”ဟု ဦးဇာနည်မောင်က ပြောသည်။


ပြင်ဦးလွင်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း မြို့မိမြို့ဖအဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူ ဦးခင်မောင်လတ် (ရှေ့နေ)က ပြောသည်။


”ကျွန်တော်တို့အနေနဲ့ လုံးဝမျှော်လင့် မထားတဲ့ တာဝန်တစ်ခု ဆောင်ရွက်ရတဲ့ နေ့ပါပဲ။ ပြည်သူကနေပြီးတော့ ရွေးချယ်ပေးလိုက်တဲ့ မြို့မိမြို့ဖအနေနဲ့ ဒီမြို့နယ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို အုပ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးခင်မောင်လတ်က ပြောသည်။


ပြင်ဦးလွင်မြို့မှာ ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်အတွင်း ရပ်ကွက်(၂၁)ရပ်ကွက်နှင့် ကျေးရွာ (၁၁၆)ရွာရှိကာ လူဦးရေ နှစ်သိန်းခွဲကျော် နေထိုင်သည်။


ပြင်ဦးလွင် မြို့မိမြို့ဖရွေးချယ်ပွဲ မဲပေးနေကြသူများနှင့် မြို့မိမြို့ဖ မိတ်ဆက်အပ်နှံပွဲ။ ဓါတ်ပုံ – မောင်မင်းမော်၊ STL။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်