မြစ်ရေတက်ချိန် အင်းဝမြို့ဟောင်းတွင် ကမ်းပြိုမူများ စတင်ဖြစ်ပေါ်၊ အင်းဝမြို့ရိုးနှင့် ဧရာဝတီမြစ်ကမ်း ပေ(၃၀၀)ခန့်သာ ကွာဝေးတော့

မောင်မင်းမော်၊ ဇူလိုင် ၁၇

ဧရာဝတီနှင့် ဒုဌဝတီမြစ်များ ရေမြင့်တက်လာသည့်နှင့်တပြိုင်နက် အင်းဝမြို့ဟောင်းအနီးတွင် ရေတိုက်စားကာ ကမ်းပါးပြိုကျမှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒုဌဝတီမြစ်ရေမြင့်တက်လာကာ ရေတိုက်စားမူကြောင့် ဇူလိုင်(၁၄)ရက်မှစတင်၍ မြစ်ကမ်းပြိုမူများ စတင်ဖြစ်ပေါ်ခဲ့ပြီး  ရှေးဟောင်းနယ်မြေဖြစ်သည့် အင်းဝမြို့ဟောင်းအနီး အိုးတုတ္ထန်းရပ်တွင် (၂)ရက်အတွင်း မြစ်ကမ်းပါး အလျားပေ(၃၀)ခန့်နှင့် အနံ(၁၀)ပေခန့်  ပြိုကျခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“ဧရာဝတီမြစ်ရေကလည်း တက်နေတော့ ဒုဌဝတီမြစ်ရေက အောက်ကို မစီးဘဲ ထောက်ပြီး ကမ်းပြိုနေတာ။ ပြီးတော့ တစ်ဘက်ကမ်းက သဲတင်တဲ့ မော်တော်ကြီးတွေ မောင်းတော့ ရေလှိုင်းပုတ်ပြီး ပြိုတာ”ဟု အင်းဝဒေသခံ မြင်းလှည်းမောင်းသူတစ်ဦးက ပြောသည်။

ဒုဌဝတီမြစ်ကမ်း မြစ်ရေတိုက်စားကာ ကမ်းပြိုသောနေရာသည် အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အပြင်ဇုံအတွင်းဖြစ်ပြီး တရုတ်လုပ်ငန်းရှင်တစ်ဦး ဝယ်ယူထားသည့် ရွာမြေများတွင် ကမ်းပြိုနေခြင်းဖြစ်သည်ဟု အိုးတုတ္ထန်းရပ် အုပ်ချုပ်ရေးမှူး ဦးသံချောင်းက ပြောသည်။

ထို့အပြင် အင်းဝမြို့ဟောင်းအနီး ဧရာဝတီမြစ်ကမ်းတွင်လည်း ယခင်နှစ်များက ရေကျချိန် ကမ်းပြိုမူများဖြစ်ပွားခဲ့ရာ လက်ရှိတွင် ဧရာဝတီမြစ်ကမ်းနှင့် အင်းဝမြို့ဟောင်း၏ မြို့ရိုးအကြား ပေ(၃၀၀)ခန့်သာ  ကွာဝေးတော့ကြောင်း ဦးသံချောင်းက ဆိုသည်။

“ဧရာဝတီမြစ်ကမ်းက ရေတက်ချိန် မပြိုဘူး၊ ရေကျချိန်မှ ကမ်းပြိုတာ။ အခုတော့ ရေထိန်းနံရံတွေ ဘာမှလုပ်ပေးထားတာ မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

မြစ်ကမ်းပြိုမူများ လျှော့နည်းသက်သာစေရေး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပြုပြင်ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

“ရေအရင်းမြစ်ဌာနကို ပြောတော့ သူတို့မှာ ကာကွယ်ထိန်းသိမ်းပေးစရာ ဘက်ဂျက်မရှိသေးဘူး။ နောက်နှစ်တွေမှာ စီစဉ်ပေးမယ်။ ဒေသခံဘက်ကပဲ ယာယီကာကွယ်ရေးလုပ်ငန်းတွေ လုပ်ထားဖို့ပြောတယ်” ဟု ဦးသံချောင်းက ပြောသည်။

ထို့အပြင် မြစ်ရေမြင့်တက်လာမူကြောင့် အိုးတုတ္ထန်းရပ်ရှိ နေအိမ်အချို့တွင်လည်း မြစ်ရေများ စတင်ဝင်ရောက်နေပြီဟု ဒေသခံများက ပြောသည်။

ဧရာဝတီနှင့် ဒုဌဝတီမြစ်ဆုံရာတွင် တည်ရှိသော အင်းဝဒေသမှာ နှစ်စဉ်မြစ်ရေမြင့်တက်ချိန်တွင် ကမ်းပြိုမူများ ဖြစ်ပွားလေ့ရှိသည်။ အိုးထုတ္တန်းရပ်မှာလည်း မြစ်ကမ်းပြိုမူများကြောင့် လွန်ခဲ့သည့် နှစ်(၃၀)ခန့်မှစတင်၍ နေအိမ်ထက်ဝက်ခန့် ရွှေ့ပြောင်းခဲ့ရပြီးဖြစ်သည်။

အင်းဝမြို့ဟောင်း အိုးထုတ္တန်းရပ်တွင် မြစ်ကမ်းပြိုမူများ ဖြစ်ပေါ်နေချိန်။ ဓါတ်ပုံ – မင်းမော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်