မန္တလေးမြို့ရှိ American Business Corner သို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်(ယာယီ) ပထမဆုံးအကြိမ် လာရောက်
နေကို၊ ဇူလိုင် – ၂၂
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမူများ ပိုမိုဝင်ရောက်စေလိုလျှင် အစိုးရအနေဖြင့် စီးပွားရေးဆိုင်ရာ ဥပဒေများကို ရှေ့နောက် ညီညွတ်စွာ ကျင့်သုံးရန်လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်(ယာယီ) Mr.George Sibley က ပြောသည်။
ထို့အပြင် မြန်မာအစိုးရအနေဖြင့်လည်း ပြည်ပရင်းနှီးမြုပ်နှံလိုသူများ၏ အခက်အခဲနှင့် စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးရန်လည်း လိုအပ်မည်ဟု ဇူလိုင်(၂၂)ရက် နံနက်ပိုင်းက မန္တလေးမြို့သို့ လာရောက်လည်ပါတ်စဉ် အမေရိကန်သံအမတ်က အကြံပြုသည်။
“အမေရိကန်အစိုးရက နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ရှိတဲ့ အခွင့်အလမ်းတွေအကြောင်း ပြောပြပေးမယ်။ မြန်မာအစိုးရက ဖြစ်နေတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့ လိုတယ်။ စီးပွားရေးဆိုင်ရာ ဥပဒေတွေကို လက်တွေ့အကောင်အထည်ဖေါ် ကျင့်သုံးတဲ့အခါ ရှေ့၊ နောက် ညီဖို့ လိုတယ်။ ဥပမာ၊ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အခါ ဘာတွေဖြစ်နိုင်တယ်ဆိုတာ လုပ်ငန်းရှင်တွေ ထင်သာမြင်သာ သိနိုင်တဲ့ အနေအထား ရှိဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ကုမ္ပဏီများဆိုင်ရာ ဥပဒေသည် ကောင်းမွန်ပြီး နိုင်ငံတကာ ကုမ္မဏီများ ဝင်ရောက်လာရန် များစွာလွယ်ကူသွားစေကြောင်းလည်း အမေရိကန် သံအမတ်(ယာယီ)က သုံးသပ်သည်။
“ဥပဒေအရပေါ့။ ကုမ္ပဏီတွေ စတင်ဖို့ အများကြီး ပိုလွယ်သွားတယ်။ ကြိုးနီစနစ်နဲ့ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို လျော့ပေးခဲ့မယ်ဆိုရင် လုပ်ရတာ ပိုလွယ်သွားမယ်။ မကြာသေးခင်က အာမခံနယ်ပယ်ကို ဈေးကွက် ဖွင့်ပေးခဲ့တာက အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ၊ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းများစွာ ရှိနေပြီး မြန်မာနိုင်ငံ၏ လူလတ်တန်းစား အရေအတွက် မြင့်တက်လာမှုကြောင့်လည်း အမေရိကန်လုပ်ငန်းရှင်များ စိတ်ဝင်စားစရာ ဈေးကွက်တစ်ခု ဖြစ်လာသည်ဟု အမေရိကန် သံအမတ်(ယာယီ) Mr.George Sibley က ပြောသည်။
လက်ရှိတွင် Harley Dividson အပါအဝင် အမေရိကန်ကုမ္ပဏီကြီးအချို့ မန္တလေးမြို့တွင် လာရောက်ရင်းနှီးမြုပ်နှံနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံလိုသူများ ပိုမိုဝင်ရောက်လာစေရန်အတွက် ဖြေလျှော့မူများ ဆက်လက်လုပ်ဆာင်ရန် လိုအပ်နေသေးသည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံအမတ်(ယာယီ) Mr.George Sibley သည် ဇူလိုင်(၂၂)ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ မန္တလေးတိုင်း ကုန်သည်၊စက်မူအသင်း (MRCCI) ရုံးတွင် ဖွင့်လှစ်ထားသည့် American Business Corner(ABC) သို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခဲ့ပြီး MRCCI အသင်း တာဝန်ရှိသူများနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲမှာ မြန်မာနှင့်အမေရိကန် နှစ်နိုင်ငံကုန်သည်များ အချင်းချင်း ပေါင်းကူးဆက်ဆံနိုင်ရန်၊ အမေရိကန်နိုင်ငံ၏ သွင်းကုန်များ၊ လုပ်ငန်းများနှင့်ပတ်သက်၍ သံအမတ်(ယာယီ)က အကြံပြုဆွေးနွေးခြင်းဖြစ်ကြောင်း MRCCI အထွေထွေအတွင်းရေးမှုး ဦးဥက္ကာကျော်က ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ မြို့သာစက်မူဥယျာဉ်စီမံကိန်းအတွင်း ဆေးဖက်ဝင်လျှော်ဖြူစိုက်ခင်း လာရောက်စိုက်ပျိုးလုပ်ကိုင်နေသည့် အမေရိကန်ကုမ္မဏီတစ်ခုကို ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ အစိုးရက ကုမ္မဏီတာဝန်ရှိသူများကို ဖမ်းဆီးတရားစွဲဆိုထားပြီး လက်ရှိအချိန်ထိ အမူရင်ဆိုင်နေရဆဲဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံအမတ်(ယာယီ)နှင့် မန္တလေးစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံစဉ်။ ဓါတ်ပုံ – နေကို။