ကိုနေကို၊ သြဂုတ်-၆
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက် လျှော့ကျဖွယ်ရှိပြီး နိုင်ငံတဝှန်းရှိ လူဦးရေ(၃၀၀၀)ကို စစ်တမ်းကောက်ယူမူအရ မဲပေးရန် ယတိပြတ် ဆုံးဖြတ်ထားသူ အရေအတွက်သည် စစ်တမ်းဖြေဆိုသူ၏ (၄၈)ရာခိုင်နှုန်းသာ ရှိကြောင်း ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့(PACE)မှ ထုတ်ပြန်သည့် စစ်တမ်းတွင် ဖော်ပြထားသည်။
PACE အဖွဲ့သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် (၂၃၃)ခုရှိ ရပ်ကွက်၊ ကျေးရွာ (၅၁၁)ခုမှ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူ လူဦးရေ (၃၀၀၀)ကို သဘောထားစစ်တမ်းကောက်ယူခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေး မျှော်မှန်းချက် စစ်တမ်းစာအုပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်တမ်းကို မတ်လအတွင်းက ကောက်ယူခဲ့ခြင်းဖြစ်ပြီး ယနေ့(သြဂုတ်၆)ရက်တွင် မန္တလေးမြို့၌ စစ်တမ်းထုတ်ပြန်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
နိုင်ငံသားများ၏ မဲပေးလိုစိတ်ကို သိရှိနားလည်နိုင်ရန်အတွက် စစ်တမ်းဖြေဆိုသူများကို အကယ်၍ လာမည့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက မဲပေးလိုစိတ် ရှိ၊မရှိ မေးမြန်းစစ်တမ်းကောက်ယူခဲ့ရာ ရွေးကောက်ပွဲတွင် မဲပေးရန် ယတိပြတ် ဆုံးဖြတ်ထားသူ အရေအတွက်မှာ (၄၈)ရာခိုင်နှုန်းသာရှိပြီး ကျန်သည့် (၅၂)ရာခိုင်နှုန်းမှာ မဲပေးရန် မဆုံးဖြတ်ရသေးသည့် သဘောကို ဆောင်ကြောင်း PACE အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာ ပြောသည်။
“အရေးကြီးတဲ့ ဂဏန်းပါ။ ပါတီတွေအတွက် အရေးကြီးတယ်။ ဒါကြောင့် (ရွေးကောက်ပွဲ) နီးလာရင် ဒီကိန်းဂဏန်းက ပြောင်းသွားနိုင်တယ်။ လက်ရှိမှာ ပါတီတွေ မဲပေးဖို့ မဆုံးဖြတ်ရသေးတဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ကို မဲပေးချင်စိတ်ဖြစ်လာအောင် ဆောင်ရွက်သင့်တယ်။ ပါတီတွေအနေနဲ့ ကောင်းမွန်တဲ့ မူဝါဒတွေ ချပြပြီး မဲထည့်ကြဖို့ ပြောဖို့လိုတယ်။ ဒါမှလည်း မဲပေးသူ မြင့်လေ ရွေးကောက်ပွဲက ပိုပြီးတော့ တရားဝင်မှု မြင့်မားလာမှာပါပဲ” ၎င်းက ဆိုသည်။
ရွေးကောက်ပွဲတွင် မဲပေးရန် ယတိပြတ် မဆုံးဖြတ်ရသေးသူ အရေအတွက်၏ ထက်ဝက်ကျော်မှာ နိုင်ငံရေးတွင် လုပ်ချင်၊ ကိုင်ချင်စိတ် မရှိခြင်း (စိတ်မဝင်စားပါ၊ မအားလပ်) သောကြောင့်ဖြစ်ပြီး အခြားအကြောင်းအရာများမှာ မှတ်ပုံတင် မရှိခြင်း၊ မဲစာရင်းတွင် အမည်မပါဝင်ခြင်းနှင့် မဲရုံများ၏ တည်နေရာ ကွာဝေးခြင်းများကြောင့် ဖြစ်သည်ဟု ဖြေဆိုကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၅အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက်သည် (၆၉)ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲတွင် (၃၇)ရာခိုင်နှုန်းနှင့် ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးသူ(၄၂)ရာခိုင်နှုန်း ရှိခဲ့ကြောင်း ၎င်းစစ်တမ်းတွင် ဖော်ပြထားသည်။
စစ်တမ်းအရ ၂၀၁၆နှင့် နှိုင်းယှဉ်လျင် နိုင်ငံရေး ယုံကြည်မှုနှင့် အသိပညာ လျော့ကျလာခြင်း၊ လွှတ်တော်၊ အစိုးရများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ မသိရှိကြောင်း ဖြေဆိုသူ ပိုများလာခြင်းသည် တာဝန်ရှိသူများ စဉ်းစားရမည့် အဓိက အချက်ဖြစ်ကြောင်း ဦးစိုင်းရဲကျော်စွာက ပြောသည်။
အဆိုပါ နိုင်ငံရေး မျှော်မှန်းချက်စစ်တမ်း စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့သူ ဦးမောင်မောင်ဦး(သဘာဝစိမ်း) က “ဒီစစ်တမ်းမှာပါဝင်တဲ့ ကိန်းဂဏန်းတွေ၊ ဆောင်ရွက်မှုတွေ၊ ဒေတာတွေ ပါဝင်မှု ကောင်းမွန်တာ တွေ့ရတယ်။ ဒီကပေးတဲ့ အချက်အလက်တွေကို အသုံးချပြီး နိုင်ငံအတွက် ကောင်းမွန်တဲ့ အရွေ့ရောက်အောင် တာဝန်ယူတဲ့ အစိုးရက အသုံးချနိုင်ခဲ့မယ်ဆိုရင် နိုင်ငံသူ နိုင်ငံသားတွေ အတွက် အကျိုးရှိမှာပါ”ဟု သုံးသပ်သည်။

ယင်းစစ်တမ်းတွင် နိုင်ငံရေး အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ၊ ရာထူးတာဝန်များ စသည့် အဖွဲ့အစည်းများအပေါ် ယုံကြည်မှုကို စစ်တမ်းကောက်ယူခဲ့ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၇၀)ရာခိုင်နှုန်းနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၆၉)ရာခိုင်နှုန်းဖြင့် နိုင်ငံရေး ယုံကြည်မှု ခံရမှု အမြင့်ဆုံးအဖြစ် ရှိနေသည်။ Facebook(လူမှု ကွန်ရက် စာမျက်နှာ)အပေါ် ယုံကြည်မူမှာမူ (၁၈)ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ်သည်။
ထို့အပြင် ဘာသာရေး ခေါင်းဆောင်များအပေါ် ယုံကြည်မှု အတိုင်းအတာကို စစ်တမ်းကောက်ယူခဲ့ရာ သိသိသာသာလျှော့ကျခဲ့ပြီး ၂၀၁၆တွင် စစ်တမ်းဖြေဆိုသူ၏ (၈၀)ရာခိုင်နှုန်းက ဘာသာခေါင်းဆောင်များအပေါ် ယုံကြည်မူရှိခဲ့သော်လည်း ယခုနှစ်တွင် (၄၈)ရာခိုင်နှုန်းကသာ ယုံကြည်သည်ဟု ဖြေဆိုကြောင်း ဖေါ်ပြထားသည်။
၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေး မျှော်မှန်းချက် စစ်တမ်းသည် ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့(PACE)မှ ပဉ္စမအကြိမ်မြောက် ကောက်ယူခဲ့သည့် လူထုသဘောထားစစ်တမ်းဖြစ်ပြီး စစ်တမ်းကောက်ရာတွင် နိုင်ငံတကာ စာရင်းအင်း နည်းပညာကို အသုံးပြုခဲ့သည်ဟု အဆိုပါအဖွဲ့က ဆိုသည်။
၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေး မျှော်မှန်းချက် စစ်တမ်း မိတ်ဆက်ပွဲအခမ်းအနား။ ဓါတ်ပုံ – ကိုနေကို။