တေဇ၊ ဇူလိုင်-၂၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ သေဒဏ်အထိ ချမှတ်နိုင်သော ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် အမေရိကန်နိုင်ငံသားကို မြင်းခြံခရိုင်တရားရုံးမှ ဇူလှိုင်(၂၄)ရက်တွင် အာမခံပေးခဲ့သည်။
အဆိုပါ အမေရိကန်နိုင်ငံသားမှာ ဆေးလိပ်သောက်သုံးမှုကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ခံစားနေရပြီး ဇွန်လ(၂၈)ရက်မှစတင်ကာ မြင်းခြံပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမူ ခံယူနေရကြောင်း၊ ထို့အတွက် အာမခံရရန် လျှောက်ထားခဲ့ရာ မြင်းခြံခရိုင်တရားရုံးမှ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၂(၁)ခြွင်းချက်အရ ကျပ်သိန်း(၃၀၀၀)တန် အာမခံခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု တရားစွဲဆိုခံရသူများဖက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
“ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ တရားစီရင်ရေးရဲ့ ဂုဏ်သိက္ခာ။ ကျွန်တော်တို့ဟာ သူများနိုင်ငံသားတွေကိုလည်းပဲ တရားမျှတတဲ့ အခွင့်အရေးပေးတယ်။ ဥပဒေပါ ပြဌာန်းချက်တွေ၊ ဥပဒေပါ အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ပေးတယ်ဆိုတာ နိုင်ငံတကာ သိအောင် ပြလိုက်တဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူစရာကောင်းတဲ့နေ့တစ်နေ့လို့ ပြောချင်ပါတယ်”ဟု ဦးသိန်းသန်းဦးက ဆိုသည်။
မြို့သာစက်မှုဥယျာဉ်စီမံကိန်း ဧရိယာအတွင် မြေဧက(၅၀)ငှားရမ်းကာ ဆေးဖက်ဝင်လျှော်ဖြူပင်တစ်မျိုး စိုက်ပျိုးခဲ့ရာမှ ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ စိုက်ခင်းတာဝန်ခံ အမေရိကန်နိုင်ငံသား မစ္စတာဂျွန်နှင့် ယင်းစိုက်ခင်းတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ပြီးခဲ့သည့် ဧပြီလတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထို့နောက် ၎င်းတို့(၃)ဦးကို မူးယစ်ရဲတပ်ဖွဲ့မှ တရားလိုလုပ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ) စသည့် ပုဒ်များခြင်းဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“မစ္စတာဂျွန်ရဲ့အခြေအနေက တော်တော်ဆိုးနေပြီ။ နောက်(၂)လလောက်အတွင်းမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ တစုံတရာဖြစ်သွားနိုင်တဲ့ အခြေအနေ ဖြစ်နေပြီ။ သူဟာ ပြီးခဲ့တဲ့လ (၂၈)ရက် ကတည်းက ယနေ့အချိန်အထိ မြင်းခြံဆေးရုံကြီးမှာ တင်ထားရတယ်။ သူ့ရဲ့ သလိပ်ပိုးတွေကို မြင်းခြံခရိုင်ဆေးရုံကြီးကနေ ဓါတ်ခွဲခန်းပို့တော့ ရောဂါပိုး တစ်မျိုးတွေ့တယ်။ … ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ့တယ်။ အဲ့တာက တော်တော်အန္တရာယ်များတယ်လို့ ဆိုတယ်။ အဲ့ဒီလို အခြေအနေတွေရော အမေရိကန်သံရုံးဘက်ကနေ မေတ္တာရပ်ခံတယ်။ တရားရေးဌာနရော၊ သက်ဆိုင်ရာအစိုးရအဖွဲ့ရော၊ နိုင်ငံခြားရေးဝန်ကြီးဌာနရောကို မေတ္တာရပ်ခံတယ်။ မစ္စတာဂျွန်ရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်လို့ လိုအပ်တဲ့ ကုသစောင့်ရှောက်မူတွေ ပြုလုပ်ပေးဖို့ လျှောက်ထားတဲ့အတွက် တရားရုံးက ခွင့်ပြုချက်ပေးလိုက်တာပါ”ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ရှင်းပြသည်။
မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ မစ္စတာဂျွန်အပါအဝင် အမေရိကန်အခြေစိုက် IIIM ကုမ္မဏီတာဝန်ရှိသူ အခြားအမေရိကန်နိုင်ငံသား (၅)ဦးကိုလည်း အမူဖွင့်ထားပြီး ယင်းအမူကို တရားရုံးမှ ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။
IIIMကုမ္ပဏီနှင့် မြို့သာစက်မှုဥယျာဉ်စီမံကိန်း တာဝန်ရှိသူများကမူ အဆိုပါစိုက်ခင်းသည် ဆေးခြောက်စိုက်ခင်းမဟုတ်ဘဲ အာဟာရဖြည့် ဆေးဝါးနှင့် ချည်မျှင်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်သည့် ဆေးဘက်ဝင်လျှော်စိုက်ခင်းသာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း ဖြေရှင်းထားသည်။
မြို့သာစိုက်ခင်းအမူနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူများကို ဇူလိုင်(၂၄)ရက်က မြင်းခြံခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ – ST။