ဝူဟန်ဗိုင်းရပ်(စ်)၊ စီးပွားရေးဂယက်နှင့် ကျွန်တော်တို့ မန္တလေး

ရေးသူ – အညာသား

ဒီဆောင်းပါးကို ရေးသင့်၊ မရေးသင့် တော်တော်ချင့်ချိန်ရပါတယ်။ သတင်းစကား (Message) တစ်ခု ပေးချင်တယ်။ အကျိုးပြုမှုလည်း ဖြစ်မယ်၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လို့ ရမှာဖြစ်တဲ့အတွက် ရေးဖြစ်သွားပါတယ်။

BRI လို့ ခေါ်တဲ့ Belt and Road Initiative ရဲ့ ရှေ့ပြေး Wuhan Coronavirus ကတော့ ကမ္ဘာပတ်ကုန်ပြီ… ပြည်မကြီးရဲ့ အပြင်ဘက်ကို လျှင်မြန်စွာ ရောက်သွားပြီ။ တရုတ်ကျန်းမာရေးဝန်ကြီးကတော့ Virus ရဲ့ ပျံ့နှံ့မှုနှုန်းဟာ ပိုပြီးမြန်လာတယ်လို့ ပြောထားပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် ဝူဟန်ကို သွားရောက်ကြည့်ရှု့ စီမံရပါတယ်။ သမ္မတကလည်း အရေးပေါ် အစည်းအဝေးခေါ်ပြီး အစွမ်းကုန်ထိန်းချုပ်ဖို့ မှာကြားရတယ်ဆိုတော့ ပြည်မကြီးအတွက် တကယ့်အရေးပေါ် အခြေအနေဆိုတာ ပြနေပါတယ်။ ယခု နောက်ဆုံးသတင်းအရတော့ အမေရိန်ကန်သမ္မတက “သူတို့ရဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေက အတော်ဆုံးတွေ ဖြစ်တာမို့ အကူအညီပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်”။ အင်အားကြီး နှစ်နိုင်ငံရဲ့ ပြိုင်ဆိုင်မှုကို တွေ့ရတယ်။

ဝူဟန်ဗိုင်းရပ်(စ်)ရဲ့ ဇစ်မြစ်

မျိုးစိတ်သစ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါပေမယ့် MERS (Middle-East Respiratory Syndrome)နဲ့ SARS လို့ ခေါ်တဲ့ Severe Acute Respiratory Syndrome) ကိုဖြစ်စေတဲ့ Coronavirus အနွယ်ဝင်တစ်ခုပဲ ဖြစ်ပါတယ်။ MERS ရောဂါ၊ SARS ရောဂါနှစ်ခုလုံး အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းပဲ ထိခိုက်တာပါ။ ယခု ဝူဟန်ဗိုင်းရပ်(စ်) Novel Coronavirus (n CoV)ကလည်း အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ပဲ ထိခိုက်တာပါ။ MERS တုန်းက ကုလားအုပ်တွေကတဆင့် ကူးစက်ပြီး SARS ကြတော့ ကြောင်လို အသားစားကောင်က တစ်ဆင့် ကူးတယ်လို့ ပြောကြတယ်။ အခု n CoV ကိုတော့ လင်းနို့တွေ၊ မြွေတွေဆီက ကူးစက်တယ်ပြောတယ်။ အစောပိုင်းက လူလူချင်း မကူးသေးပေမယ့် အခုတော့ လူလူချင်း ကူးစက်ပြီလို့ တရုတ်က ထုတ်ပြောလိုက်ပါပြီ။ ပိုပြီး လျှင်မြန်စေတာကတော့ “ရောဂါပျိုးချိန် (Incubation Period) အတွင်း ရောဂါကူးစက်နိုင်တယ်”လို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားလိုက်တာပါ။ SARS ရောဂါတုန်းကတော့ နိုဝင်ဘာ ၂၃ ကစပြီး ဇူလိုင် ၂၀၀၃ အတွင်း လူပေါင်း ၈၀၀၈ ဦး ကူးစက်ခံရပြီး ၁၇ နိုင်ငံမှာ လူပေါင်း ၇၇၄ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးမှုနှုန်းက ၉ ဒဿမ ၆ ရာခိုင်နှုန်း ရှိတယ်လို့ WHO က ကြေညာခဲ့ပါတယ်။ ဒါကြောင့် အခု Wuhan n CoV ကို အလေးထား ဂရုတစိုက် ပြင်ဆင်နေကြတာလေ။ အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ရှု့မြင်သုံးသပ်ပြီး နိုင်ငံတွေ ပြင်ဆင်နေကြတာပေါ့။ ဘာကြောင့်လဲဆိုတော့ လူလူချင်း ကူးစက်တာသေချာပြီး ရောဂါပျိုးချိန်အတွင်း ကူးစက်တော့ ပိုမြန်သွားတာလေ။

ဝူဟန်နဲ့ စီးပွားရေးဂယက်

တရုတ်က (Outbound Tour) ပြည်ပခရီးသွားတွေကို ပိတ်လိုက်တော့ ထိုင်းဟိုတယ်လုပ်ငန်းက ထိခိုက်တော့တာပေါ့။ ထိုင်းကိုလာတဲ့ ခရီးသွားတွေထဲမှာ ၆၀ရာခိုင်နှုန်းလောက်က တရုတ်ခရီးသွားတွေ ဖြစ်တယ်။ ထိုင်းကို အလာများတဲ့ နိုင်ငံ ၅ နိုင်ငံ ရှိပါတယ်။ တရုတ်၊ မလေးရှား၊ ရှရှား၊ ဂျပန်နဲ့ အိန္ဒိယတို့ဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက တရုတ်က ၁၀သန်းကျော် လာပါတယ်။ ဒီအရေအတွက်ဟာ ထိုင်းဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် ပြင်းထန်မယ့် ထိုးနှက်ချက်တစ်ခုပါပဲ။ ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်းနဲ့ တဆက်တည်း အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ အပန်းဖြေစခန်းများ၊ အရောင်းစင်တာများ (Shopping Mall) စသဖြင့် ထိခိုက်ကြမှာပဲ။ လေကြောင်းလိုင်းတွေလည်း ရှေ့ဆုံးက ထိခိုက်မှာပဲ။ ခရီးသွားလုပ်ငန်းဟာ ထိုင်း GDP ရဲ့ ၁၀ရာခိုင်နှုန်းလောက် ရှိပါတယ်။ GDP ပါ ထိခိုက်ရင်တော့ ရင်းနှီးမြုပ်နှံမှု လုပ်မယ့်သူတွေလည်း စိုးရိမ်ပူပန်မှုတွေ ရှိလာခဲ့ကြတယ်။ လောလောဆယ် ခန့်မှန်းတွက်ချက်ထားမှုအရ တိုးတက်မှုနှုန်း (Growth Rate) ဟာ ၂ ဒဿမ ၅ ရာခိုင်နှုန်းအောက်မှာ ရှိတယ်လို့ ပြောနေကြတယ်။ မူလအစ နှစ်ဆန်းပိုင်းတုန်းက ၂ ဒဿမ ၈ ရာခိုင်နှုန်းလောက် တိုးတက်မယ်လို့ ခန့်မှန်းထားတာ။

ဝူဟန်ဗိုင်းရပ်(စ်)က ပြည်မကြီးရဲ့ စီးပွားရော မထိခိုက်တော့ဘူးလားဆိုရင် ထိခိုက်မှာ အသေအချာပါ။ မြို့တွေပိတ်ထားတယ်၊ စက်ရုံတွေပိတ်ထားတယ်၊ အလုပ်သမားတွေ အလုပ်မဆင်းခိုင်းဘူး။ (ဆေး၊ ဆေးဝါးနဲ့ပတ်သက်တဲ့ ဆေးရုံတွေ မပါဘူး)။ လေကြောင်းလိုင်းတွေ ပိတ်ထားတယ်၊ ဒီတော့ တရုတ်စီးပွားရေး ထိခိုက်ပြီး လူထုရဲ့ ဝယ်လိုအား ကျသွားရင် ကုန်သွယ်ရေးလည်း ထိခိုက်မှာပေါ့။ ဒါဆိုတော့ ပို့ကုန်ပို့နေတဲ့ ထိုင်းစီးပွားရေးလည်း ထိခိုက်လာမှာလေ။ တရုတ်ပြည်မှာ ထိုင်းကုန်သွယ်ရေးစင်တာ ခုနှစ်ခု ရှိတယ်။ ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ဒါကို အလွန်စိတ်ပူနေတယ်။ ဒီရောဂါကို တိုက်ဖျက်နိုင်အောင် ဘယ်လောက်ကြာမှာလည်း ဖြေရှင်းဖို့ကြာလေ စီးပွားရေးထိခိုက်မှုများလေ ဖြစ်မှာပဲ။ စိုးရိမ်မယ်ဆို စိုးရိမ်သင့်တာပေါ့။ တိုင်းပြည်စီးပွားရေး မငြိမ်ရင် နိုင်ငံရေး၊ တရားဥပဒေ စိုးမိုးရေးလည်း လှုပ်လာကြမှာလေ။ ပြဿနာရဲ့အဖြေက ဖြေရှင်းနိုင်မယ့် အချိန်ပါ။ မြန်မြန်ဖြေရှင်းနိုင်လေ စီးပွားရေးထိခိုက်မှု နည်းလေပါ။ ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့ရဲ့ ခန့်မှန်းမှုက ဟိုတယ်လုပ်ငန်းကနေ ဘတ်သန်း ၅၀၀ လောက် ဆုံးရှုံးမယ်လို့ ခန့်မှန်းထားတယ်။

ဂျပန်နိုင်ငံရဲ့ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများလည်း ပူပန်နေကြတယ်။ ဂျပန်ဟာ ဈေးကွက်ချဲ့ထွင်ဖို့ တရုတ်ကို ပစ်မှတ်ထားနေကြတယ်။ အဲ့ဒီအချိန်မှာပဲ ဗိုင်းရပ်(စ်)ရောဂါဖြစ်လိုက်တော့ မိတ်ကပ်၊ အလှပြင်ပစ္စည်း ထုတ်လုပ်သူများ၊ ကွန်ပျူတာ၊ ဖုန်းထုတ်လုပ်သူများအတွက် ပူပန်မှု ရှိလာတာလေ။ အဲ့ဒီကုမ္ပဏီတွေထဲမှာ ကျွန်တော်တို့ သိတဲ့ Uniqlo၊ နာမည်ကြီးအလှပြင် ကုမ္ပဏီ Shiseido၊ Mugi ကုမ္ပဏီတို့ဟာ တရုတ်မှာ ရောင်းအားအသင့်အတင့် ရှိနေကြတယ်။ ပြည်ပခရီးသွား ပိတ်လိုက်တာနဲ့ ပထမဆုံးကျတာကတော့ စတော့အိတ်(စ်)ချိန်း ညွှန်းကိန်းတွေပါ။ တစ်ဆက်တည်း အပန်းဖြေစခန်း၊ လျှပ်စစ်ရထား ခရီးသွားလုပ်ငန်းလည်း ၆ ဒဿမ ၂ ရာခိုင်နှုန်းလောက် ထိခိုက်မယ် ခန့်မှန်းထားတယ်။ ဝူဟန်ဗိုင်းရပ်(စ်)ရဲ့ ထိခိုက်မှု၊ သက်ရောက်မှုက ပြင်းထန်ပါတယ်။

ဝူဟန်နဲ့ ရွှေမန္တလေး

ဆောင်းပါးရဲ့ ရည်ရွယ်ရင်းက ကျွန်တော်တို့ မန္တလေးအတွက်ပါ။ အခုတော့ ခြေဆင်းက ရှည်သွားတယ်။ ရှည်ရတာက အခြားနိုင်ငံများရဲ့ တွက်ဆထားမှုကို သိစေချင်တာပါ။ မန္တလေးဟာ ပြည်မကြီးနဲ့ ကုန်သွယ်ရေးလုပ်နေတဲ့မြို့၊ ကုန်သွယ်ရေးတွင် မကပါဘူး ခရီးသွား၊ ယဉ်ကျေးမှု၊ ရွှေ့ပြောင်းအလုပ်သမားများ၊ လူကုန်ကူးမှု အစုံစုံ အဖုံဖုံပါ။ ဒီလောက် ဆက်စပ်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့ရော ဘာတွေ ပြင်ထားသင့်သလဲ။ “ပညာရှင်များ ဝိုင်းပြီး စဉ်းစားပေးကြပါ”။ ကျွန်တော်ကတော့ “ကျန်းမာရေး ရှု့ထောင်ကတွင်မကဘဲ စီးပွားရေး၊ လူမှုရေး ရှု့ထောင့်တွေကနေ ပြင်ဆင်ထားသင့်ပါတယ်”။

ကျွန်တော် ပထမဆုံး သတိထားမိလိုက်တာက အမရပူရ မဟာဂန္ဓာရုံရဲ့ မေတ္တာရပ်ခံချက်လေးပါ။ တရုတ်ခရီးသွားတွေကို တားမြစ်တာ အလွန်လိမ္မာပါးနပ်တာပါ။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ရဲ့ ကျောက်ဝိုင်းပါ။ ဝိုင်းတော်သာေးတွကို သတိပေးတာပါ။ “ကျောက်တွေ ဝယ်မထားနဲ့ အရောင်းအဝယ်က ဘယ်တော့ဖြစ်မှန်း မသိဘူး။ ငွေတွေ အိပ်နေမယ်”။ သတိထားလုပ်ကိုင်ကြဖို့ ကျန်းမာရေးက အရေးကြီးတယ်။ အစရှိသဖြင့်ပေါ့လေ။ ဒီသတိပေးချက်ကလည်း စေတနာအပြည့်နဲ့ပါ။ လုပ်ငန်းတူတွေကို စောင့်ရှောက်တာလေးတစ်ခုပဲ။ တရုတ်ဝယ်လက် ဘယ်လောက်ရှိတယ်၊ ဘယ်လောက်လာလဲ၊ ဘယ်လောက်မြတ်တယ်၊ (ဒါတော့ပြောမှာ မဟုတ်လောက်ဘူး) အစရှိတာတွေ မတွေ့ရဘူး။ တာဝန်ရှိသူတွေတော့ သိပါလိမ့်မယ်။

မကြားရတာက ဟိုတယ်/ခရီးရဲ့ အသံပါ။ ဟိုတယ်တွေမှာ Package Tour တွေ ပယ်ဖျက်လိုက်တဲ့ အသံတွေပါ။ သေချာပေါက် ဟိုတယ်နဲ့ ခရီးသွားက ထိခိုက်မှာပါ။ တစ်ဆက်လည်း ပြည်တွင်းလေကြောင်းလိုင်းတွေလည်း ထိခိုက်မှာပဲ။ စားသောက်ဆိုင်တွေ ရောင်းအားကျသွားမယ်။ ဇုန်ဝင်ကြေးတွေ ကျသွားမယ်။ မန္တလေး၊ ပုဂံ ဇုန်ဝင်ကြေးက ထိခိုက်မှာ အမှန်ပဲ။ ဘယ်လောက်ထိခိုက်နိုင်မယ်ဆိုတာ တွက်ချက်ထားသင့်တယ်။ ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်သလဲဆိုတာ ဆိုင်ရာကဏ္ဍက ပညာရှင်တွေ စဉ်းစားအဖြေရှာကြရမှာပါ။

ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်အပူဆုံးက ကုန်သွယ်ရေး (သီးနှံဈေးကွက်ပါ)၊ ကျွန်တော်တို့ ကုန်စိမ်းတွေ ၁၀၅မိုင်မှာ ပုံနေတယ်။ ဝယ်လိုအား မရှိဘူး။ ဝယ်ဖို့မပြောနဲ့ အလကားပေးရင်တောင် “ဘယ်သွားရောင်းရမှန်း မသိဘူးတဲ့”။ ကုန်စိမ်းတွေ ဖရဲ၊ သခွား၊ သစ်သီးစုံ ပြန်သယ်လို့လည်း မရ။ သယ်ရင်လည်း စရိတ်ထောင်းဦးမှာ။ ကုန်သည်တွေ တော်တော်အထိနာမယ်။ ဘယ်လောက်ရှုံးကြမလဲ မသိဘူး။ ကုန်တင်ကားတွေလည်း လောလောဆယ် ပို့ကုန်ရမှာ မဟုတ်ဘူး။ မိသားစုဝင်ငွေ ထိခိုက်မယ်။ တစ်ဆက်တည်း စီးပွားရေး ရပ်တန့်သွားမယ်။ ဒီမှာလည်း ဘယ်လောက်ကြာမလဲပေါ် မူတည်နေတယ်။ ဒီရိုက်ခတ်မှုက သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေကိုပါ ထိခိုက်လာမှာ ဖြစ်တယ်။

စုံစမ်းသိသလောက် လောလောဆယ် မန္တလေးလေဆိပ်ကို ဝင်လာတဲ့ လေယာဉ်ခရီးစဉ် ခုနှစ်ခုကို ယာယီရပ်ဆိုင်းထားတယ်။ ရပ်ဆိုင်းထားတာ မှန်ပါတယ်။ ပြည်မကြီးကတောင် Outbound Tourist တွေ ပိတ်ထားတာ၊ ကျွန်တော်တို့လည်း Inbound Tourist (ပြည်တွင်းဝင်လာတဲ့ တရုတ်ခရီးသွား) ပိတ်သင့်ပါတယ်။ ပိုပြီး သတိထားရမှာက နယ်စပ်ကုန်သွယ်ရေး လုပ်နေတဲ့ နေရာတွေမှာ ရောဂါကူးစက်ခံရသူတွေ နေတာလေ။ ရွှေလီမှာ တွေ့ပြီဆိုတော့ ကျွန်တော်တို့ ဆက်စပ်နေပြီလေ။ အဖျားတိုင်း စစ်ဆေးမှုကတော့ အားလုံး ဝိုင်းလုပ်နေကြပါတယ်။ စိုးရိမ်ပူပန်စရာ နောက်တစ်ခုက တရုတ်ပြည်သွားလုပ်တဲ့ အလုပ်သမားတွေပါ။ သူတို့လည်း အလုပ်မရှိရင် ပြန်လာကြမှာလေ။ “သူတို့ကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်၊ လိုအပ်ရင် သူတို့ကို စစ်ဆေးကာကွယ်ပေးရမှာပါ”၊ တရားဝင်လမ်းကြောင်းအပြင် တရားမဝင် လမ်းကြောင်းက ကုန်သွယ်ရေးလုပ်သူတွေ ဘယ်လိုလုပ် စစ်ဆေးကြမလဲ စိုးရိမ်စရာပါပဲ။

ဘာတွေလုပ်သင့်သလဲ မန္တလေး

မန္တလေးစီးပွားရေး အနည်းနဲ့အများ ထိခိုက်မှာ သေချာပါတယ်။ ဒါပေမယ့် ကျန်းမာရေးက အရေးကြီးတော့ စီးပွားရေးပြန်ရှာနိုင်ပါတယ်။ လုပ်သင့်တာတွေလည်း ကျန်းမာရေးဌာနက တော်တော်လေး လုပ်ထားတာ တွေ့ရပါတယ်။ ပူးပေါင်းမှု သတင်းဖလှယ်မှု လိုပါမယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အစိုးရတို့နဲ့ ဆက်သွယ်ပြီး Information နဲ့ Data တွေ ရယူထားသင့်ပါတယ်။ အလားတူ ပြည်သူ့ကျန်းမာရေး ဌာနကလည်း အထက်ပါ ပြည်နယ်(၂)ခုက ကျန်းမာရေးဌာနတွေနဲ့ တွဲပြီး မြို့ရော၊ တောရောမကျန် Awareness (အသိပညာပေးခြင်း)နဲ့ Prevention (ကာကွယ်ရေး) အကြောင်းတွေကို ကျေးလက်ကျန်းမာရေး ဌာနခွဲအထိ ရောက်အောင် အသိပညာပေးဖို့ လိုအပ်ပါလိမ့်မယ်။ နယ်စပ်ကုန်သွယ်ရေး အရောင်းအဝယ် မဖြစ်ရင် နယ်စပ်ဂိတ်ပိတ်ဖို့ရော မစဉ်းစားသင့်ဘူးလား။ နောက်ဆုံး ကျွန်တော်တို့ဆီလာတဲ့ တရုတ် Inboung Tourist ကိုရော ယာယီပိတ်သင့်၊ မပိတ်သင့် ဆွေးနွေးသင့်တယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေ စဉ်းစားပေးကြပါ။ မန္တလေးဟာ အခွင့်အရေးတွေ ရှိသလို စိန်ခေါ်မှုတွေလည်း ရှိနေတယ်ဆိုတာ ပြသနေတာပါ။ မနေ့ကအထိတော့ သေဆုံးသူ ၁၀၆ဦးနဲ့ ရောဂါအသစ်တွေ့ရှိသူ ၁၃၀၀ ဦးဖြစ်နေလို့ ကူးစက်တာ မြန်သလို သေဆုံးတာလည်း တိုးနေတယ်။ တရုတ်ပြည် ပြင်ပမှာ အသေအပျောက် မရှိသေးပါဘူး။

မန္တလေးမြို့ကြီး ကျန်းမာပါစေလို့ မေတ္တာပို့သလျှက်..

အညာသား

“အညာသား” ကလောင်အမည်နဲ့ ရေးသားတဲ့ “ဝူဟန်ဗိုင်းရပ်(စ်)၊ စီးပွားရေးဂယက်နှင့် ကျွန်တော်တို့ မန္တလေး” ဆိုတဲ့ အတွေးအမြင် ဆောင်းပါးတစ်ပုဒ်ကို ယနေ့ ဇန်နဝါရီ(၂၉)ရက်ထုတ် စည်ပင်သာယာပိုင် မန္တလေးနေ့စဉ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ယခု ဇန်နဝါရီလအတွင်း “အညာသား”ကလောင်အမည်နဲ့ ရေးတဲ့ ဆောင်းပါးအချို့ကို မန္တလေးနေ့စဉ် သတင်းစာမှာ မကြာခန ဖော်ပြတာ တွေ့ရပါတယ်။

ဇန်နဝါရီ(၁၉)ရက်ထုတ် မန္တလေးနေ့စဉ်သတင်းစာမှာလည်း “ဘာမင်ဂရက်သွား တောလား”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြထားပါတယ်။ အဲ့ဒီဆောင်းပါးကို “အညာသား” ကလောင်အမည်နဲ့ ရေးသားထားပြီး ဆောင်းပါးထဲမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က “Bumrungrad” ဆေးရုံအကြောင်း ကိုယ်တွေ့အခြေအနေတွေကို ဖော်ပြထားပါတယ်။

မန်တလေးမွို့တှငျး လညျပတျနသေည့ျ တရုတျခရီးသှားမြားကို ဇနျနဝါရီ(၂၆)ရကျက တှေ့ရစဉျ/ Photo – Bhone Nay.

မန္တလေးနေ့စဉ် သတင်းစာမှာ ဖော်ပြထားတဲ့ “အညာသား”ရေးတဲ့ “ဝူဟနှ်ဗိုင်းရပ်(စ်)၊ စီးပွားရေးဂယက်နှင့် ကျွန်တော်တို့ မန္တလေး”ဆိုတဲ့ ဆောင်းပါးကို Mandalay In-depth News ပရိတ်သတ်များအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။ အယ်ဒီတာ Mandalay In-depth News)

One thought on "ဝူဟန်ဗိုင်းရပ်(စ်)၊ စီးပွားရေးဂယက်နှင့် ကျွန်တော်တို့ မန္တလေး"

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်