မင်းနေပြည်တော်မှသည် Smart City မြို့တော်ဆီသို့

အဆင့်မြင့်နည်းပညာများ အသုံးပြုပြီး တိုးတက်ပြောင်းလဲလာသော မန္တလေးမြို့နှင့် “Spy” စိုးရိမ်စိတ်များ

KKS (Mandalay In-depth News)

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ တည်ရှိတဲ့ မန္တလေးမြို့ဟာ နှစ်ပေါင်း (၁၆၂)နှစ်သက်တမ်းနဲ့အတူ သမိုင်းအစဉ်အလာကြီးတဲ့မြို့၊ မြန်မာဘုရင် နောက်ဆုံးနန်းစိုက်ခဲ့တဲ့မြို့၊ ဗြိတိသျှကိုလိုနီလက်အောက် ဆယ်စုနှစ်များစွာ ကျရောက်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။

တချိန်က “မင်းနေပြည်တော်” ဖြစ်ခဲ့တဲ့ မန္တလေးမြို့ကို ယနေ့အချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော “Smart City” မြို့တော်အဖြစ် ပြောင်းလဲဖို့ရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ကြိုးစားဆောင်ရွက်နေကြပါတယ်။

ရုံးပိုင်းဆိုင်ရာတွေမှာ မှိုတက်နေပြီဖြစ်တဲ့ စက္ကူပုံးတွေ ပတ်လည် အိုးဟောင်းနေတဲ့ နည်းပညာကိုသာ သုံးစွဲနေသေးတဲ့ မြန်မာနိုင်ငံမှာ ကနေ့ဆိုရင် မန္တလေးမြို့က သက်ဆိုင်ရာ အာဏာပိုင်တွေက နှောင့်နှေးကြန့်ကြာနေတဲ့ အစိုးရယန္တရားကို ပြန်လည်ဆန်းသစ်ဖို့ရာ လူမူကွန်ယက်များ အသုံးပြုလာသလို မှတ်ဉာဏ်အတုလို့ခေါ်တဲ့ ဆော့ဖ်ဝဲများ၊ ဒရုန်းများနဲ့ နည်းပညာသစ်များကို သုံးစွဲလာနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်မှာ နေထိုင်ကြတဲ့ မန္တလေးမြို့သူ၊ မြို့သားတွေဟာ ၂၀၁၁တိုင်အောင် စစ်အာဏာပိုင်တွေရဲ့ ထိန်းချုပ်မူအောက်မှာပဲ ရှိခဲ့ပြီး စစ်အစိုးရပိုင်းနဲ့လည်း ဆက်သွယ်မူ မရှိသလောက် နေခဲ့ကြပါတယ်။

ကနေ့အခါမှာတော့ သူတို့ဟာ ဖေ့စ်ဘွတ်ခ်ကတဆင့် မန္တလေးမြို့တော်ဝန်နဲ့တောင် ပြောဆိုလို့ ရနေပြီဖြစ်သလို QR ကုတ်များနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးမြို့တော်ကြီး ဖြစ်တဲ့ ရန်ကုန်မြို့မှာပင် မရနိုင်တဲ့ ဝန်ဆောင်မူများကို ရရှိနေကြပြီဖြစ်ပါတယ်။

အမှိုက်သိမ်းစနစ်တွေကို GPS နဲ့ စောင့်ကြည့်နေသလို ယာဉ်ကြော ကြပ်တည်းမူတွေကိုလည်း အဝေးထိန်းချုပ်စနစ်တွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။

“အခုလိုမျိုး မြို့တော်ဝန်နဲ့ ဆက်သွယ်လို့ရလာတာ အတော်လေး ကောင်းတယ်ဗျာ”လို့ အသက်(၅၇)နှစ်အရွယ် တက္ကစီယာဉ်မောင်း ကိုကြည်သိန်းက ပြောပါတယ်။  “အရင်ကဆိုရင် ကျွန်တော်တို့က သူတို့ ယာဉ်တန်းကိုပဲ ကြည့်နေခဲ့ရတာ”

အရင်က စစ်အာဏာပိုင်များနဲ့ ဆက်စပ်ရာထူးကြီးတွေ ရရှိထားကြတဲ့ ပုဂ္ဂိုလ်များရဲ့ အကျင့်ပျက်ခြစားမူ၊ စီမံခန့်ခွဲမူ အလွဲတွေကို ယနေ့အချိန်မှာတော့ မန္တလေးမြို့တော်ရဲ့ ပထမဆုံးအကြိမ် အရပ်သားအစိုးရက ပြောင်းလဲဆောင်ရွက်လာတာကို တွေ့မြင်လာရပါတယ်။

Photo – Man Ko Ko FB.

အခုလို ပြောင်းလဲမူက ဒေသတွင်းနဲ့ နိုင်ငံရပ်ခြားက မြန်မာနိုင်ငံသားများအပေါ် ထင်သာမြင်သာ ဖြစ်စေပါတယ်။ ပြီးခဲ့တဲ့ မေလမှာ အမေရိကန် အဖွဲ့အစည်းတစ်ခုက ချီးမြှင့်ခဲ့တဲ့ “Citizen of Burma Award” ဆုကို မြို့တော်ဝန် ဦးရဲလွင်က ရရှိခဲ့ပါတယ်။ (မြို့တော်ဝန် ဦးရဲလွင်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအား ဆုချီးမြှင့်ခြင်းဖြစ်) ရာစုနှစ်တစ်ဝက်ကျော်ကြာ တသီးတသန့် အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက ပိုမိုလျှင်မြန်တဲ့ နည်းပညာတွေကြောင့် ကမ္ဘာနဲ့ ပိုမိုချိတ်ဆက်လာပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တချို့ကြိုးပမ်းမူတွေမှာ စနစ်ဟောင်းကိုပဲ နှစ်သက်နေသေးသူများနဲ့ အတိုက်အခံပြုမူများ ခံနေရသလို တက်ကြွလှုပ်ရှားသူတချို့ကလည်း ခေတ်မီနည်းပညာတွေက သူတို့ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်တွေကို ဝင်ရောက်စောင့်ကြည့်နေမလား ပူပန်နေကြသူတွေလည်း ရှိပါတယ်။

နေပျော်တဲ့မြို့

၂၀၁၈ဧပြီလက အာဆီယံဥက္ကဌဖြစ်တဲ့ စင်္ကာပူနိုင်ငံက နိုင်ငံပေါင်း (၂၆)နိုင်ငံပါဝင်တဲ့ “Smart Cities” ကွန်ရက်တစ်ခုကို ဖန်တီးဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ မြို့ပြနဲ့ ကျေးလက်ပါမကျန် ဒေသတွင်း ပြည်သူတွေရဲ့ အခက်အခဲနဲ့ စိတ်ခေါ်မူတွေကို ကောင်းမွန်တဲ့ နည်းပညာတွေနဲ့ ဖြေရှင်းပေးနိုင်ဖို့ရာ ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံက မြို့သုံးမြို့ကို လျာထားပေမယ့် နိုင်ငံရဲ့ အလယ်ဗဟိုမှာ တည်ရှိတဲ့ မန္တလေးမြို့ကို Smart City မြို့တော်အဖြစ် အကောင်အထည်ဖော်ဖို့ရာ ရွေးချယ်ခဲ့ကြပါတယ်။

ဒေသတွင်းလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေက အများကြီး ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရေပိုက်လိုင်းတွေက လာတဲ့ရေကို သောက်လို့မရတာမျိုး၊ ၂၀၁၂ခုနှစ်က ပြည်တွင်းကို အလွယ်တကူ ကားတင်သွင်းခွင့်ပြုခဲ့တာကြောင့် ကားစီးရေတိုးလာပြီး ယာဉ်ကြောပိတ်ဆို့မူ များလာတာ၊ လမ်းတွေက အပေါက်တွေဖြစ်နေတာ၊ လမ်းပေါ် အမှိုက်တွေချတာမျိုးပါ။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရ တက်လာချိန်မှာ မျက်စိခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဦးရဲလွင်ဟာ မန္တလေးမြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခန့်အပ် ခံရပါတယ်။ နှစ်နှစ်အတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမူတွေ လုပ်ဆောင်ပြနိုင်တာကို မြင်လာရတယ်လို့ အများစုက ပြောဆိုကြပါတယ်။ သူရဲ့ ဖေ့စ်ဘွတ်ခ်ကနေလည်း စည်ပင်သာယာရဲ့ လုပ်ငန်းဆောင်ရွက်မူတွေကို နေ့စဉ်မပြတ် တင်ပြထားရှိသလို မေးမြန်းမူတွေကိုလည်း ပြန်လည်တုန့်ပြန် ဖြေကြားပေးနေပါတယ်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်ကို မထိခိုက် မပျက်စီးစေတဲ့ မြို့တော်တစ်ခုဖြစ်စေဖို့ပါ။ စီးပွားရေးရော သဘာဝပတ်ဝန်းကျင်ပါ ကောင်းမွန်တဲ့ ပြည်သူတွေ နေပျော်တဲ့မြို့ ဖြစ်စေဖို့ပါ။ ကျွန်တော်တို့ ဒီနည်းပညာတွေကို အသုံးပြုနေပါတယ်”လို့ မြန်မာနိုင်ငံရဲ့ လူသိအများဆုံး မြန်မာဘာသာဖောင့်ကို ဖန်တီးခဲ့သူလည်းဖြစ်၊ လက်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ မြို့တော်ဝန်ဦးရဲလွင်နဲ့အတူ အလုပ်လုပ်နေတဲ့ အိုင်တီပညာရှင် ဦးရဲမြတ်သူက ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က စွန့်ပစ်ပစ္စည်း ထိန်းချုပ်မူတွေကို အဆင့်မြှင့်တင်ဖို့ရာ ငွေကြေးသုံးစွဲဖို့ ပံ့ပိုးထားပေမယ်လို့ ပြန်လည်ပြင်ဆင်မူ အများစုကတော့ အခွန်က ရရှိတဲ့ ငွေကြေးနဲ့ ဆောင်ရွက်နေပါတယ်လို့ ဦးရဲမြတ်သူက ဆိုပါတယ်။

ဒရုန်းများနဲ့ ရိုက်ကူးထားတဲ့ သုံးဖက်မြင် 3D ဓါတ်ပုံတွေ၊ GPS ကိရိယာများ အသုံးပြုပြီး မြို့တော်အနှံ့ ကောက်ယူထားရှိတဲ့ စည်ပင်ဝန်ထမ်းများဆီက ရရှိတဲ့ အချက်အလက်တွေ၊ ဒီဂျစ်တယ်နည်းပညာတွေနဲ့ စတင် စစ်တမ်းကောက်ယူမူတွေကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ဆောင်ရွက်နေပြီဖြစ်ပါတယ်။ GPS ကိရိယာများ သုံးစွဲခြင်းက ပိုမိုရုပ်ထွက်ကောင်းမွန်တဲ့ ဓါတ်ပုံများ ရရှိလာသလို စီးပွားရေးလုပ်ငန်းများရဲ့ အခွန်ပေးဆောင်မူပိုင်းမှာ ပိုမိုအသုံးကျစေပါတယ်လို့ စည်ပင်ဝန်ထမ်းများဆီက ကြားသိရပါတယ်။

သြစတြေးလျနိုင်ငံထုတ် ယာဉ်ကြောထိန်းချုပ်ရေးစနစ် တပ်ဆင်ဖို့ရာနဲ့ လျှပ်စစ်မီတာခတွေ ကောက်ခံရာမှာ မီတာပုံးကြည့်စရာ မလိုဘဲ အိမ်ရှေ့ဖြတ်လျှောက်လိုက်တာနဲ့ အလိုအလျှောက် မီတာဖတ်ကြားနိုင်တဲ့ ကိရိယာတွေအတွက် ငွေကြေးသုံးစွဲနေပြီဖြစ်ပါတယ်။

Photo – Khun Lat

မန္တလေးမြို့တော် စည်ပင်သာယာရုံးနဲ့ ချိတ်ဆက်ထားရှိတဲ့ ထိန်းချုပ်ရေးစင်တာသစ်မှာ မကြာသေးမီကပဲ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာရှိနှစ်ဦးကနေ ယာဉ်ကြောအရှုပ်ထွေးဆုံး လမ်းတွေကို Screen (၁၃)ခုကနေ စောင့်ကြည့်ဖြေရှင်း ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

ဆင်ဆာတွေ တပ်ဆင်ထားရှိတဲ့ CCTV ကင်မရာတွေကနေ ယာဉ်ကြောပိတ်ဆို့မူနဲ့ မီးပွိုင့်တစ်ခုနဲ့တစ်ခုကြား အဆင်ပြေစေဖို့ရာလည်း စောင့်ကြည့်ဖြေရှင်းပေးနေပါတယ်လို့ ဦးရဲမြတ်သူက ရှင်းပြပါတယ်။

မျက်နှာဖတ်စက်

“အပြောင်းအလဲက အလွယ်တကူတော့ ဖြစ်မလာပါဘူး။ ကျွန်တော် ဒီမှာ အလုပ်ဝင်ကာစမှာပဲ အစိုးရယန္တရား ဘယ်လိုလည်ပတ် ရတယ်ဆိုတာ သိလိုက်ရတယ်။ ဥပမာပြောရရင် နိုင်ငံအနှံ့မှာရှိတဲ့ အစိုးရဌာနတွေu စာပေးစာယူ ပြုလုပ်ရာမှာ အီးမေးအစား စာပို့တဲ့စနစ်ကိုပဲ သုံးစွဲနေသေးတာမျိုး၊ အမှိုက်ကားသမားတွေ အမှိုက်ကို ကောက်ယူခြင်းရှိ၊ မရှိ သေသေချာချာလေး သိဖို့ရာ စောင့်ကြည့်စက်တွေ ကားမှာ တပ်ဆင်ထားပေမယ်လို့ ကားသမားတွေက အဲ့ဒီစက်တွေကို ရေလောင်းဖျက်ဆီးတာမျိုးတွေ အထိ မြင်တွေ့လာရပါတယ်” လို့ ဦးရဲမြတ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက မြို့တော်လုံခြုံရေးအတွက် မျက်နှာပါ ဖတ်ကြားနိုင်တဲ့ (Artificial Intelligence- AI ခေါ် ဉာဏ်ရည်တုနည်းပညာ) စက်တွေပါရှိတဲ့ CCTV ကင်မရာ တွေ တပ်ဆင်ဖို့နဲ့ တခြား လုံခြုံရေး စက်ကိရိယာတွေ တပ်ဆင်ဖို့ရာ တရုတ်နည်းပညာ ကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ ဟွာဝေး (Huawei)နဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ သဘောတူစာချုပ် ချုပ်ဆိုဖို့ စီစဉ်နေတဲ့အကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

အမေရိကန်အစိုးရက သူ့ရဲ့မဟာမိတ်တွေကို ဟွာဝေးထုတ် နည်းပညာများ အသုံးမပြုဖို့၊ အကြောင်းရင်းကတော့ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေး ကိရိယာတစ်ခုသဖွယ် ဖြစ်သွားနိုင်ကြောင်း သတိပေးပြောဆိုမူတွေ ရှိလာပါတယ်။

ဟွာဝေးကုမ္မဏီကတော့ ဒီစွပ်စွဲမူတွေကို ငြင်းဆိုထားပါတယ်။ ဟွာဝေးက ပုဂ္ဂလိက လုံခြုံရေးကို ကာကွယ်အလေးထားပါတယ်လို့ Huawei Myanmar ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Bob Zhu က ရှင်းပြပါတယ်။ မြန်မာနိုင်ငံနဲ့ တရားဝင် စာချုပ်ချုပ်ဆိုမူတော့ မပြုလုပ်ရသေးဘူးလို့လည်း သူက ထပ်လောင်းပြောပါတယ်။

Photo – Khun Lat

မန္တလေးမြို့ အခြေစိုက် မေတ္တာကမ်ပိန်းက တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးညီကျော်ကတော့ “အာဏာပိုင်တွေက ကျွန်တော်တို့ရဲ့ လှုပ်ရှားမူတွေကို အနီးကပ်စောင့်ကြည့်ပြီး ဖြစ်ပါတယ်။ လုံခြုံရေးအရဆိုတဲ့ မျက်နှာဖတ်စက်တွေက တလွဲ အဆိုးဘက် သုံးစွဲတာမျိုး ဖြစ်လာနိုင်ပါတယ်”လို့ ပြောပါတယ်။

“အရပ်ဘက် လူမူအဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ ယုံကြည်မူ မရှိကြပါဘူး။ မြို့တော်လုံခြုံရေးအရ ဆောင်ရွက်ရတယ်ဆိုရင်လည်း နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေက ရာဇဝတ်မူတွေထက် ဒီလုံခြုံရေးစက်တွေကိုလည်း စောင့်ကြည့်ရပါလိမ့်မယ်”လို့ သူက ဆက်ပြောပါတယ်။

စီမံကိန်းမစခင်မှာ အစိုးရအနေနဲ့ ပုဂ္ဂလိကဆိုင်ရာ ကာကွယ်မူပေးတဲ့ ဥပဒေများနဲ့ တရားဝင် မွမ်းမံပြင်ဆင် ဆောင်ရွက်မူတွေကို ပြုလုပ်ရင် ပိုကောင်းပါလိမ့်မယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးရဲမြတ်သူက ရှင်းပြပါတယ်။

“ကျွန်တော်တို့ စိန်ခေါ်မူတွေ အများကြီးကို ရင်ဆိုင်ရမှာပါ။ စနစ်တစ်ခုကို ပြောင်းလဲဖို့ရာ ကျွန်တော်တို့ ကြိုးစားရမှာပဲ”

(Reuters မှ Shoon Naing ရေးသားသော “Royal capital to ‘smart city’: Myanmar’s Mandalay gets high-tech makeover, sparks ‘spy’ fears ဆောင်းပါးကို KKS ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်