ကျောက်ဆည်တွင် ပိုးသတ်ဆေး တင်ကား အများသုံး ရေမြောင်းအတွင်း တိမ်းမှောက်၊ ရေသုံးစွဲခြင်း မပြုရန် အသိပေးနှိုးဆော်

မောင်မင်းမော်၊ ဒီဇင်ဘာ-၁၆

လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးပြုသော အဆိပ်ပြင်း ပိုးသတ်ဆေးများ တင်ဆောင်လာသည့် မော်တော်ကားတစ်စီး တိမ်းမှောက်ကာ ကျောက်ဆည်မြို့ရှိ အများသုံး မင်းရဲ‌မြောင်းအတွင်း  ကျသဖြင့် ဒေသခံများအနေဖြင့် အဆိုပါ မြောင်းရေကို သုံးစွဲခြင်း မပြုကြရန် အသိပေးနှိုးဆော်ထားသည်။

လယ်ယာသုံး ပိုသတ်ဆေးအရည်ဗူးနှင့် ပိုးသတ်ဆေးအမှုန့်များ တင်ဆောင်လာသည့် ဆယ်နှစ်ဘီးကားတစ်စီးသည် ဒီဇင်ဘာ(၁၅)ရက် ညပိုင်းက ကျောက်ဆည်မြို့ ရန်ကုန်-မန္တ‌လေး လမ်း‌ဟောင်း‌ပေါ်ရှိ ဒေါ်သိုက်ကြီးကွေ့တွင် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ပိုးသတ်ဆေးများမှာ ကားလမ်းဘေးရှိ မင်းရဲမြောင်းအတွင်းသို့ လွင့်စင်ယိုဖိတ်ခဲ့ကြောင်း အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ သွားရောက်ကူညီခဲ့သူ ကျောက်ဆည်မြို့ ‌ရပ်မိရပ်ဖ ကိုစိုးသီဟက Mandalay In-depth News အား ပြောသည်။

မင်းရဲမြောင်းသည် ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများ သုံးရေ၊ ချိုးရေနှင့် လယ်ယာစိုက်ပျိုးရေးအတွက် သုံးစွဲကြသည့် အများသုံး ရေပေးမြောင်းဖြစ်သည်။

ပိုးသတ်ဆေးကား တိမ်းမှောက်ပြီးနောက် ဆည်မြောင်းဌာနမှ အဆိုပါမြောင်းရေအား ယာယီဖြတ်တောက် ပေးထားသလို ပိုးသတ်ဆေးအာနိသင်ကြောင့် လူနှင့် တိရစ္ဆာန်များ အန္တရာယ်မဖြစ်စေရေး အဆိုပါမြောင်းရေအား သုံးစွဲခြင်း မပြုကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက သတိပေးနှိုးဆော်ထားကြောင်း ကိုစိုးသီဟက ပြောသည်။

“ပိုးသတ်ဆေးက အရည်ရော အမှုန့်ထုပ်တွေရော ပါတယ်။ ကားက အဲ့ဒါတွေ အပြည့်တင်လာတာပေါ့။ ဒေါ်သိုက်ကြီးကွေ့ မင်းရဲမြောင်းထိပ်ရောက်တော့ အရှိန်မထိမ်းနိုင်ဘဲ မှောက်တာ။ ကားကတော့ မြောင်းထဲမကျဘူး။ ပိုးသတ်ဆေး အရည်တွေရော အမှုန့်တွေရောက ကားလမ်းပေါ်ရော ကျေးရွာပေါင်းများစွာသုံးတဲ့ မြောင်းထဲရော ကျကုန်တာ။ ဆည်မြောင်းကတော့ ရေဖြတ်ပေးထားတယ်။ ပထမဆုံး လွှတ်ထားတဲ့ ရေတွေ မသုံးစွဲကြဖို့ ခုလောလောဆယ် နှိုးဆော်ထားတယ်” ဟု ကိုစိုးသီဟက ပြောသည်။

ပိုးသတ်ဆေး တင်ဆောင်လာသည့်ကား တိမ်းမှောက်နေစဉ်/ Photo – Soe Thiha Fb.

ယာဉ်တိမ်းမှောက်၍ ရေမြောင်းအတွင်း ကျရောက်နေသည့် ပိုးသတ်ဆေးဗူးများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ မီးသတ်နှင့် ပရဟိတအဖွဲ့များက ရှင်းလင်းခဲ့ရာ   ည(၃)နာရီခန့်တွင် ရှင်းလင်းပြီးစီးခဲ့ကြောင်း ကိုယ်တိုင်ပါဝင် ရှင်းလင်းခဲ့သူများက ပြောသည်။

အဆိုပါကားကို အသက်(၃၀)ခန့်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်းလာခြင်းဖြစ်ပြီး ယာဉ်တိမ်း‌မှောက်‌မှုကြောင့် ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး လက်ကျိုးဒဏ်ရာ ရရှိသော်လည်း အသက်အန္တရာယ် ထိခိုက်ခြင်း မရှိဟု ဒေသခံများက ပြောသည်။

ပိုးသတ်ဆေးတင်ကား တိမ်းမှောက်ရာမှ အများသုံးရေမြောင်းအတွင်း ဆေးဗူးများ လွင့်စဉ်နေစဉ်/ mPhoto – Soe Thiha Fb.

ယာဉ်တိမ်းမှောက်မှုကြောင့် မင်းရဲမြောင်းအတွင်း ပိုးသတ်ဆေးများ ကျရောက်ခဲ့သည့်အပေါ် သက်ဆိုင်ရာဌာနများသို့ အသိပေး အကြောင်းကြားထားပြီး ပိုးသတ်ဆေးပါသည့် မြောင်းရေများ သုံးစွဲခြင်းမပြကြရန် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်နေ‌ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက Mandalay In-depth News အား ပြောသည်။

အဆိုပါ အများသုံးမြောင်းရေကို သက်ဆိုင်ရာ ဆည်မြောင်းဌာနမှ စမ်းသပ်စစ်ဆေးကာ ပြန်လည်သုံးစွဲရမည့် အချိန်ကို ကြေညာပေးမည် ဖြစ်ကြောင်း ကျောက်ဆည်မြို့မရဲစခန်း တာဝန်ရှိသူက ဆိုသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးကို အမှုဖွင့် အရေးယူထားသည်ဟု ဆိုသော်လည်း မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည် ဆိုသည်ကိုမှု ရဲစခန်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်