ဒေါက်တာဇော်မြင့်မောင် ဆေးရုံပြန်တက်နေရ၊ နိုင်ငံတော် သမ္မတ လာရောက် တွေ့ဆုံအားပေး

ဘုန်းနေ၊ ဇန်နဝါရီ-၃

နာတာရှည် သွေးကင်ဆာရောဂါ ခံစားနေရသည့် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အအေးမိဖျားနာသဖြင့် မန္တလေးဆေးရုံကြီးသို့ တက်ရောက်ကုသမှု ခံယူနေရပြီး ယနေ့ ဇန်နဝါရီ(၃)ရက် နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကလည်း ဒေါက်တာဇော်မြင့်မောင်ထံ လာရောက်တွေ့ဆုံ အားပေးခဲ့သည်။

သို့သော် နိုင်ငံတော် သမ္မတ လာရောက်တွေ့ဆုံ အားပေးခြင်းမှာ ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသောကြောင့် မဟုတ်ဘဲ လမ်းကြုံသဘောမျိုး ဝင်ရောက်တွေ့ဆုံ အားပေးခြင်းသာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မန္တလေးတိုင်း ဥက္ကဌ ဦးတင်ထွဋ်ဦး က Mandalay In-depth News အား ပြောသည်။

 “သမ္မတကြီး ဦးဝင်းမြင့် က သမ္မတ ခရီးစဉ် သွားရင်း လမ်းသင့်လို့  ဝင်မေးတာပါ။ ဖြစ်ချင်တော့ နှစ်သစ်ကူးညမှာ အအေးမိပြီး နည်းနည်းဖျားသွားလို့ ဆေးရုံတက်နားတယ်။ အရေးတကြီး ဆေးရုံတက်ရလို့ ဝင်မေးတာ မဟုတ်ပါဘူး။ သမ္မတကြီး ဦးဝင်မြင့် က ဆရာဇော်ကို ဝင်တွေ့တာပါ။ အကြီးစားဖြစ်တာ မဟုတ်ပါဘူး” ဟု ဦးတင်ထွဋ်ဦးက ပြောသည်။

Photo – Naing Win Tun

ဒေါက်တာဇော်မြင့်မောင်သည် ဒီဇင်ဘာ(၃၁)ရက် နှစ်သစ်ကူးညက မန္တလေးမြို့တော် စည်ပင်သာယာမှ ကျင်းပသည့် နှစ်သစ်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ပြီး နှစ်သစ်ဆုတောင်းစကား ပြောကြားခဲ့ရာမှ အဆုတ် အအေးပတ်၍ ဖျားနာသဖြင့် ဇန်နဝါရီ(၁)ရက် ညပိုင်းတွင် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၊ နှလုံးရောဂါ အထူးကုကြပ်မတ်ဆောင် အထူးခန်းတွင် တက်ရောက်ကုသမှု ခံယူခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများက ဆိုသည်။

နှလုံးရောဂါ အထူးကုကြပ်မတ်ဆောင်တွင် ဆေးဝါးကုသမှုခံယူနေသော ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်သွားပြီဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ယုယုမေက ယနေ့ ဇန်နဝါရီ(၃)ရက်တွင် မန္တလေးဆေးရုံကြီး၌ သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

” သာမန်ဖျားတဲ့သဘောပါ။ ထိုင်းကိုတော့ ဆေးသွင်းဖို့ ထပ်သွားရဦးမယ်” ဟု ဒေါက်တာ ဒေါ်ယုယုမေက ဆိုသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၊ ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာ အောင်ဆန်းဦးကလည်း  ဒေါက်တာဇော်မြင့်မောင်မှာ ကျန်းမာစွာ ရှိနေပြီး အဆုတ်အအေးပတ်ကာ ဖျားနာခြင်းသာ ဖြစ်ကြောင်း သတင်းမီဒီယာများအား ပြောသည်။

“ဝန်ကြီးချုပ်ကြီးရဲ့ ကျန်းမာရေးက ကောင်းပါတယ်။ ရိုးရိုးအဖျားဝင်တာပါ။ အဆုတ်အအေးပတ်တဲ့ သဘောပါ။ အဆင်ပြေပါတယ်။ အဖျားလည်း ကျသွားပြီ။ ကျန်းကျန်းမာမာ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

Photo – Yu Yu May FB.

အသက်(၆၉)နှစ်အရွယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒု-ဥက္ကဌ၊ မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံတွင် နှစ်လကျော်ကြာ ဆေးဝါးကုသမှု ခံယူပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာ(၂၇)ရက်တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး မန္တလေးဆေးရုံကြီးသို့ လာရောက်၍ ဒေါက်တာဇော်မြင့်မောင်အား တွေ့ဆုံအားပေးစဉ်/ Photo – Naing Win Tun. ဇန်နဝါရီ(၁)ရက်က နေအိမ်သို့ သံဃာတော်များ ပင့်ဖိတ်၍ ဆွမ်းကပ်လှူဒါန်းခဲ့သည့် ဒေါက်တာဇော်မြင့်မောင် / Photo Yu Yu May Fb.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်