မီးလောင်ပြီးနောက် ထီပေါက်သလို ခံစားရကြောင်း ဆိုင်ခန်းရှင်တစ်ဦးဆို
ဒီဒါင်းမေ၊ ဇန်နဝါရီ ၂၂
မီးလောင်ခဲ့သည့် ရတနာပုံစူပါစင်တာ Sky walk Shopping Mall မှ ဆိုင်ခန်းရှင်များအနေဖြင့် မူလဆိုင်ခန်းနေရာအတိုင်း ပြန်လည်ရရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ကတိပြု ပြောကြားသည်။
ဇန်နဝါရီ(၂၁)ရက်က မန္တလေးမြို့တော် စည်ပင်ရုံးတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မီးလောင်ခဲ့သည့် Sky Walk Shopping Mall မှ ဆိုင်ခန်းရှင်များ၊ စီမံခန့်ခွဲမှုအဖွဲ့ဝင်နှင့် တွေ့ဆုံရာတွင် ၎င်းက အောက်ပါအတိုင်း ကတိပြု ပြောကြားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ လုပ်တဲ့အတွက် နေရာကတော့ မရမှာ မပူနဲ့။ ဝယ်ထားတာဖြစ်လို့ ရမှာ ” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။
ဇန်နဝါရီ(၁၇)ရက် ညပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၄လမ်းနှင့် ၇၈လမ်းထောင့်ရှိ ရတနာပုံဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ရတနာပုံစူပါစင်တာ ပထမထပ်ရှိ Sky Walk Shopping Mall မှ ဈေးဆိုင်ခန်း (၁၂၅)ခန်း မီးလောင်ပျက်စီးခဲ့သည်။ Sky Walk Shopping Mall တွင် ဈေးဆိုင်ခန်း (၁၅၅)ခန်းရှိပြီး မီးလောင်ခဲ့သော်လည်း ဆိုင်ခန်း(၃၀)မှာ ပျက်စီးမှု မရှိဟု မီးသတ်ဌာနက ထုတ်ပြန်ထားသည်။
“အရင်တစ်ခါတုန်းက ၆ နှစ်၊ ၇ နှစ်လောက်နေမှ ဆိုင်ခန်းပြန်ရတာ။ ဆရာ (မြို့တော်ဝန်) ပြောတဲ့အတိုင်း နောက်ကနေ လိုက်မယ်။ ကျွန်တော်တု့ိက တတ်နိုင်သလောက် ဝိုင်းကူပေးမယ်။ ကျွန်တော်တို့က ဘာလုပ်လုပ် ဆိုင်ခန်းရှင် ၇၂ ယောက်လုံး သဘောတူတာကို လုပ်မယ်။ အခု ဆရာပြောတာကိုတော့ လူတိုင်းယုံတယ်။ သဘောတူတယ်။ ကျွန်တော်တို့က မီးလောင်ပြီးတော့ ထီပေါက်သလို ခံစားရတယ်”ဟု ဆိုင်ခန်းရှင်တစ်ဦးက ပြောသည်။
မီးလောင်မှုဖြစ်ပွားပြီး သုံးရက်ကြာသည်အထိ Sky Walk Shopping Mall စီမံခန့်ခွဲမှုအဖွဲ့နှင့် အဆက်အသွယ် မရဟုဆိုကာ မန္တလေးမြို့တော် စည်ပင်က ဇန်နဝါရီ(၂၁)ရက်မှ စတင်၍ မီးလောင်ပြင် အပျက်အစီးများကို စတင်ရှင်းလင်းခဲ့သည်။
Sky Walk ရှိ ဆိုင်ခန်းများကို ဆိုင်ရှင် (၇၂)ဦးက ပိုင်ဆိုင်ထားပြီး အများစုမှာ ဆိုင်ခန်းများကို အငှားချထားခြင်းဖြစ်ကာ အဆိုပါဆိုင်ခန်းရှင်များ စုပေါင်း၍ စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းထားကြောင်း Sky Walk ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
ထို့အပြင် မန္တလေးမြို့တော် စည်ပင်နှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း Sky Walk စီမံခန့်ခွဲမှုအဖွဲ့ မန်နေဂျာ ဒေါ်သိင်္ဂ ီက ပြောသည်။
“Sky Walk သန့်ရှင်းရေးကို စည်ပင်ကနေ ဦးဆောင်ပြီး ရှင်းနေတယ်။ အဲဒါကို ရှိတဲ့ ရန်ပုံငွေနဲ့ ညီမတို့ အဖွဲ့ က ကူညီပြီး ဆောင်ရွက်ပေးနေတယ်”ဟု ဒေါ်သိင်္ဂ ီက Mandalay In-depth News အား ပြောသည်။
မီးလောင်ခဲ့သည့် ရတနာပုံစူပါစင်တာ အဆောက်အဦးအား အင်ဂျင်နီယာအဖွဲ့ပေါင်းစုံ ပါဝင်သည့် အဆောက်အဦ ထိခိုက်ပျက်စီးမှုနှင့် ခိုင်ခန့်မှု စစ်ဆေးရေးအဖွဲ့၏ ပဏာမ စစ်ဆေးတင်ပြချက်အရ အဆောက်အဦးမှာ ကြံ့ခိုင်မှု ရှိနေသည့်အတွက် အဆောက်အဦး ဖြိုချရန် မလိုအပ်ကြောင်း မီးလောင်ပြင်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားထားသည်။
မီးလောင်ခဲ့သည့် ရတနာပုံစူပါစင်တာ Sky Walk အဆောက်အဦးတွင် နေရာ ငါးနေရာခန့်သာ ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရာတွင် အချိန် သုံးလခန့်ကြာမည် ဖြစ်ကြောင်း၊ မီးကူးစက်လောင်ကျွမ်းခြင်း မရှိသည့် ရတနာပုံဈေး မြေညီထပ် ဆိုင်ခန်းများကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါက်တာရဲလွင်က ဆိုသည်။
သို့သော် ရတနာပုံဈေး မီးလောင်ရသည့် အကြောင်းအရင်းကိုမူ ထုတ်ပြန်ခြင်း မရှိသေးဘဲ မီးလောင်မှုအကြောင်းအရင်း စိစစ်ဖော်ထုတ်ရေးအဖွဲ့ကို တိုင်းအစိုးရက ဇန်နဝါရီ(၂၀)ရက်တွင် ဖွဲ့စည်းထားသည်။
ရတနာပုံဈေး မီးလောင်မှုနှင့် ပတ်သက်၍ Sky Walk အတွင်း ဖွင့်လှစ်ထားသည့် ဖိနပ်ဆိုင်တစ်ဆိုင်မှ အရောင်းတာဝန်ခံ အမျိုးသမီးဝန်ထမ်းကို မီးပေါ့ဆမှုဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

ရတနာပုံစူပါစင်တာသည် အလျား(၄၆၈)ပေ၊ အနံ(၄၅၀)ပေရှိ Basement + RC (၆)ထပ် အဆောက်အဦးဖြစ်ပြီး မြေညီထပ်တွင် ပန်းကန်၊ ကုန်စုံကုန်ခြောက်စသည့် ဆိုင်ခန်း (၁၅၆၂)ခန်း၊ ပထမထပ်တွင် Sky Walk ဈေးဝယ်စင်တာ ဆိုင်ခန်း(၁၅၅)ခန်း၊ ဒုတိယထပ်တွင် မန္တလေး Yatanar Mall ဆိုင်ခန်း (၃၈၂)ခန်း၊ တတိယထပ်တွင် ICT YCC စာသင်ခန်း (၃၀)ခန်း၊ စတုတ္ထထပ်တွင် MRCCI အပါအဝင် ရုံးခန်းများ၊ ပဉ္စမထပ်တွင် MCC သင်တန်းခန်းမများ တည်ရှိသည်။

ရတနာပုံဈေး Sky Walk သည် ၂၀၀၈ က ပထမအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိုစဉ်က မီးလောင်ဆုံးရှုံးမှုတန်ဘိုး ကျပ်သိန်း(၂၆၀၀၀)ကျော် ရှိခဲ့သည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားပြီးနောက် မန္တလေးမြိုံတော်စည်ပင်နှင့် MGW ဆောက်လုပ်ရေး ကုမ္မဏီတို့ ပူးပေါင်းကာ ရတနာပုံစူပါစင်တာနှင့် ဒိုင်းမွန်းပလာဇာတို့ကို ပြန်လည်တည်ဆောက်ခဲ့ပြီး ၂၀၁၁တွင် ဖွင့်လှစ်ခဲ့သည်။
သို့သော် ရတာပုံစူပါစင်တာနှင့် ဒိုင်းမွန်းပလာဇာတို့အား မန္တလေးမြို့တော်စည်ပင်၊ MGW ကုမ္မဏီနှင့် အဆိုပါ အဆောက်အဦးများတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် ဆိုင်ခန်းရှင်များအကြား မည်သူက မည်မျှပိုင်ဆိုင်ပြီး မည်သို့ စီမံခန့်ခွဲနေသည် ဆိုသည်ကိုမူ မန္တလေးမြို့တော်စည်ပင်က အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပါ။
ရတနာပုံဈေးသည် (၁၂)နှစ်အတွင်း ဒုတိယအကြိမ်၊ အဆောက်အဦးသစ် တည်ဆောက်ဖွင့်လှစ်ပြီး (၉)နှစ်အကြာတွင် မီးလောင်မှု ထပ်မံကြုံတွေ့ရခြင်း ဖြစ်သည်။

မီးလောင်ခဲ့သည့် Sky Walk တွင် အပျက်အစီးများ ရှင်းလင်းနေစဉ်/ Photo – Ye Lwin Fb.
#Mandalay_Indepth_News
#Mandalay_News
ဟုတ်