နိုင်ငံအတွက် ရသင့်သည့် အခွန်အခများ အပြည့်အ၀ ရ၊မရ ခရီးသွားလုပ်ငန်းရှင်များ မေးခွန်းထုတ်
မောင်မင်းမော်၊ ဒီဇင်ဘာ-၁၃
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားများသည် Zero Budget Tour (ငွေထုတ်မသုံးသည့် ခရီးသွား)များ မဟုတ်ဘဲ လာရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း တစ်ဦးလျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ (၂၆၀) (ကျပ်လေးသိန်းနီးပါး) သုံးစွဲကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောသည်။
ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့၌ ကောက်ယူခဲ့သည့် နမူနာ စစ်တမ်းများအရ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားများသည် မြန်မာနိုင်ငံအတွင်း ပျှမ်းမျှ (၄)ရက် နေထိုင်ပြီး တစ်ဦးလျှင် တရက်ပျမ်းမျှ အမေရိကန်ဒေါ်လာ(၆၅)ခန့် သုံးစွဲလျှက်ရှိရာ တရုတ်ခရီးသွားဧည့်သည် တစ်ဦးချင်းစီ၏ သုံးစွဲမှု အမေရိကန် ဒေါ်လာ(၂၆၀)ခန့် ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီသုံးစွဲမှုတွေဟာ နိုင်ငံသား လုပ်ငန်းရှင်တွေကို အဓိက အကျိုးရှိစေဖို့နဲ့ နိုင်ငံတော်အတွက် ထိုက်သင့်တဲ့ အခွန်အခတွေ ကောက်ခံရရှိဖို့ ဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောသည်။
ဒီဇင်ဘာ(၁၀)ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဇီးရိုးဘတ်ဂျက် (Zero Budget) တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်း ငွေပေးချေမှုစနစ် WeChat Pay နှင့် Alipay ကို တားမြစ်ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊မရှိ သိလိုခြင်းကြောင်း မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြးခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှု တဟုန်ထိုး မြင့်တက်လာပြီး ၂၀၁၈အတွင်းက တရုတ်ခရီးသွားဧည့်သည် (၂)သိန်းကျော်သာ ဝင်ရောက်ခဲ့ရာမှ ယခုနှစ် (၁၀)လအတွင်း တရုတ်ခရီးသွားဧည့်သည် (၆)သိန်းကျော်အထိ လာရောက်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွား ဒု-ဝန်ကြီးက ပြောသည်။

တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှု မြင့်တက်လာသော်လည်း အများစုမှာ ဇီးရိုးဘတ်ဂျက်တိုးရ် (Zero Budget Tour) ခေါ် ငွေထုတ်မသုံးသည့် ခရီးစဉ်များ ဖြစ်၍ နိုင်ငံနှင့် ဒေသခံများအတွက် များစွာအကျိုးမရှိကြောင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ဝေဖန်သည်။
ဇီးရိုးဘတ်ဂျက်တိုးရ် ခေါ် ငွေထုတ်မသုံးသည့် ခရီးစဉ် ဆိုသည်မှာ ခရီးသွားကုမ္မဏီ၊ ခရီးသွားအေဂျင်စီများက ကိုယ်ကျိုးရှာ အမြတ်ထုတ်သည့် ခရီးစဉ် ပုံစံတမျိုး ဖြစ်သည်။ ဇီးရိုးဘတ်ဂျက် ခရီးစဉ်များကို တရုတ်ခရီးသွား ကုမ္မဏီများက စီစဉ်ကြပြီး ၎င်းတို့က မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ်၊ ကား၊ စားသောက်ဆိုင်၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်စသည်များကို ပုတ်ပြတ်ငှားကာ အလွန်သက်သာသော နှုန်းထားဖြင့် ခရီးစဉ်များ စီစဉ်သည်။ ၎င်းတို့ စီစဉ်မှုဖြင့် လိုက်ပါလာသည့် ခရီးသည်များကို ယင်း ဟိုတယ်၊ စားသောက်ဆိုင်များတွင်ပင် တည်းခိုစားသောက်စေခြင်း၊ လက်ဆောင်ပစ္စည်း ဝယ်ယူစေခြင်းမျိုး ဖြစ်ပြီး အဆိုပါ တည်းခို၊ စားသောက်၊ နေထိုင်စရိတ်များအတွက် ငွေကြေး ထုတ်သုံးစရာ မလိုဘဲ WeChat Pay၊ Ali Pay ကဲ့သို့ ဒီဂျစ်တယ် ငွေပေးစနစ်များဖြင့် ပေးချေစေခြင်းမျိုး ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွား၏ ငွေကြေးသုံးစွဲမူ ပမာဏအပေါ် အငြင်းမပွားလို သော်လည်း တရုတ်ခရီးသွားများ၏ ငွေကြေးသုံးစွဲမှု စနစ်နှင့် နိုင်ငံအတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အ၀ ရရှိခြင်း ရှိ၊မရှိဆိုသည့်မှာ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
ခရီးသွား အများအပြား လာရောက်ခြင်းကြောင့် ဒေသခံများအတွက် ဝင်ငွေနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရန် လိုအပ်ကြောင်း၊ မမှန်ကန်သည့် နည်းလမ်းဖြင့် ငွေကြေးသုံးစွဲမှုများ ရှိလျှင်လည်း စီစစ်သင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုံ) အတွင်းရေးမှူး ဦးသန့်ဇော်က ပြောသည်။
“ကောင်းမွန်တဲ့ နည်းလမ်းနဲ့ များများသုံးသွားလေ ကောင်းလေပဲ။ ဒီကိန်းဂဏန်းပေါ်မှာ (ဒေါ်လာ၂၆၀သုံးစွဲမှု) မှားတယ်၊ မှန်တယ် မပြောလိုပါဘူး။ သို့သော် တချို့ဟာတွေမှာ မလိုအပ်တဲ့ ဝင်လာတဲ့ ဝင်ငွေတွေအပေါ်မှာ ပြည်တွင်းကို အဓိက အပြည့်အဝ အကျိုးမပြုနိုင်ဘဲနဲ့ ထွက်သွားတဲ့ ယိုပေါက်တွေ ရှိနေသလား။ ရှိနေရင်တော့ စနစ်တကျ စီစစ်ပြီးတော့ ပိတ်သင့်တယ်” ဟု ဦးသန့်ဇော်က ပြောသည်။

ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ပြည်ပခရီးသွားများမှ လိုင်စင်မဲ့ ဧည့်လမ်းညွန်များ ငှားရမ်းခြင်း၊ လိုင်စင်မဲ့ ဟိုတယ်၊ တည်းခိုရိပ်သာများ အသုံးပြုခြင်း၊ လိုင်စင်မဲ့ ခရီးသွားလာခြင်းနှင့် တရားမဝင် ငွေပေးချေမှု နည်းလမ်းများ အသုံးပြုခြင်း စသည့် ဇီးရိုးဘတ်ဂျက်ခေါ် ငွေကြေးမသုံးစွဲဘဲ ခရီးသွားလာခြင်းများကို အရေးယူတားဆီးရန် သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးတင်လတ်က ဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် ဇီးရိုးဘတ်ဂျက် ခရီးစဉ်များအား စစ်ဆေးအရေးယူမည် ဆိုသည့်အပေါ် ကြိုဆိုကြောင်း၊ သို့သော် မြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေများကို အမှန်တကယ် စိစစ်အရေးယူရန် လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ပြောသည်။
ဇီးရိုးဘတ်ဂျက် ခရီးစဉ်များကို စိစစ်အရေးယူ ဆောင်ရွက်ရာတွင် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန တစ်ခုတည်းဖြင့် မရနိုင်ဘဲ အခြားဌာနဆိုင်ရာများအပြင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများပါ ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း ဦးသန့်ဇော်က ပြောသည်။

၂၀၁၅က မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် (၄)သန်းကျော် ဝင်ရောက်ခဲ့သော်လည်း ရခိုင်ဒေသ ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ဥရောပနှင့် အနောက်နိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု လျော့နည်းသွားရာ ခရီးသွားဧည့်သည် ဝင်ရောက်မှု လျော့ကျခဲ့ကြောင်း၊ ထိုသို့ ခရီးသွားကဏ္ဍ ကျဆင်းမှုကို ကုစားရန် တရုတ်၊ ဂျပန်၊ ကိုးရီးယား စသည့် အာရှ နိုင်ငံများကို ၂၀၁၈ အောက်တိုဘာမှစတင်၍ ဗီဇာ ဖြေလျော့မှု ပြုလုပ်ပေးခဲ့ရာ တရုတ် အပါအဝင် အာရှဒေသမှ ခရီးသွား ဝင်ရောက်မှု မြင့်တက်လာကြောင်း ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအရ ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလကုန်အထိ (၁၀)လအတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် (၃ဒသမ၅)သန်းကျော် ဝင်ရောက်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် ခရီးသည်ဝင်ရောက်မှု (၂၄)ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြသည်။